Share this

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းစည်းဝေး

လှုပ်ရှားမှုများ

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို (၈.၂.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခင်ပထမအကြိမ် လွှတ်တော်သက်တမ်းကာလ ၂၀၁၃ခုနှစ်၊ ဇူလိုင် ၂၅ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို နိုင်ငံရေးပါတီအသီးသီးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များစုပေါင်းပြီး ၁၀၉ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ ၃ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို အလားတူ ပါဝင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၆ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန်အဆို ဆုံးဖြတ်ချက်အရ ဆွေးနွေးနိုင်ရန် ဖြစ်ပါကြောင်း၊ ပူးပေါင်းကော်တီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက မှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ရာထူးအရ ဆောင်ရွက်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာပါဝင်သည့် စုစုပေါင်း ၄၅ဦးဖြင့် ဖွဲ့စည်းရန် လျာထားပါကြောင်း၊ လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့တို့မှ ကိုယ်စားလှယ်အရေအတွက် အချိုးကျဖြင့် ပူးပေါင်းပါဝင်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များတွင်လည်း ယခင်လွှတ်တော်သက်တမ်းက ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကော်မတီနှစ်ခုတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ကိုယ်စားလှယ်များလည်း ပါဝင်ပါကြောင်း၊ သို့အတွက် ယခုဖွဲ့စည်းမည့် ပူးပေါင်းကော်မတီကိုလည်း ယခင်ကရရှိခဲ့သည့် အတွေ့အကြုံ၊ ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေတို့အပေါ်မူတည်ပြီး ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ မထားကြဘဲ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကောင်းမွန်သင့်တော်သော အကြံပြုချက်များရရှိစေရေး ဦးတည်ပြီး ဆွေးနွေးပေးကြဖို့ ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယခုဖွဲ့စည်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် ယနေ့တက်ရောက်လာသည့် နိုင်ငံရေးပါတီအသီးသီးနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့တို့မှ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို ရှေးရှုပြီး ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း၊ ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲမထားဘဲ ဖြစ်သင့်ဖြစ်ထိုက်သည်များအတွက် ဆွေးနွေးအကြံပြု ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီတစ်ရပ်ဖွဲ့စည်းရေး လျာထားချက်နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး၍ ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၁၅ရက်တွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။