Share this

ဒုတိယအကြိမ်လွှတ်တော်များ၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

လှုပ်ရှားမှုများ

နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပထမအကြိမ် လွှတ်တော်များတွင် ဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြသည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တို့က နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပစ္စည်းကို ပေးအပ်ရာ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကပူးပေါင်းပါဝင်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့အား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့အား ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက လည်းကောင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် “နောင်တွင် ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ဇာတ်ကား ကူညီပြသပေးမှုအတွက် ကိုယ်စားလှယ်တစ်ဦးအား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လည်းကောင်း အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

ဂုဏ်ပြုနေ့လယ်စာ စားပွဲအပြီးတွင် နိုင်ငံတော်သမ္မ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် အခမ်း အနားသို့ တက်ရောက်လာကြသူများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး လွှတ်တော် သဘင်ဆောင်၌ ပြသသည့် “နောင်တွင်ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးကြသည်။