Share this

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဉက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြောကြားသည့်အမှာစကား

မိန့်ခွန်းများ

ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒကို အနည်းစုကလိုက်နာ၊ အနည်းစု၏ ဆန္ဒကိုလည်း အများစုက လေးလေးစားစား စဉ်းစားပေးရမည်ဖြစ်သကဲ့သို့ အများဆန္ဒကိုအခြေခံကာ အများအကျိုးနှင့်ယှဉ်ပါက မိမိအကျိုးစီးပွားကို အထိပါးခံနိုင်သည့် မွန်မြတ်သောစနစ်သာ ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးပါကြောင်း၊ လူ့အခွင့်အရေးကို အပြန်အလှန် တန်ဖိုးထားကာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုသည့် ဒီမိုကရေစီ၏ ကောင်းမွန်သော စရိုက်လက္ခဏာများကို နေရာတိုင်းတွင် ကျင့်သုံးဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ဒီမိုကရေစီစနစ်သည် ပြည်သူလူထုကိုဗဟိုပြုကာ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ပြည်သူလူထုက စုပေါင်းပိုင်ဆိုင်ခြင်း၊ အစိုးရကိုတင်မြှောက်ထားသည့် ပြည်သူများကသာ အဓိကဖြစ်၍ ပြည်သူ့ဆန္ဒဖြင့် အုပ်ချုပ်သည့်စနစ်ပင်ဖြစ်ပါကြောင်း၊ ဥပဒေပြုလွှတ်တော်များ အားကောင်းမှသာ ဒီမိုကရေစီစနစ်အားကောင်းမည်ဖြစ်ပြီး လွှတ်တော်များစွမ်းဆောင်ရည် မြင့်မား အားကောင်းသည်နှင့်အမျှ ဒီမိုကရေစီစနစ်သည်လည်း ရှင်သန်ခိုင်မြဲနေမည်ပင် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို ပြောင်းလဲချိန်တန်ပြီးမှ အစပြုပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်များနှင့်အတူ မတူကွဲပြားမှုများကို စည်းလုံး ညီညွတ်သောအား၊ တူညီသောစိတ်ဓာတ်များဖြင့် ရင်ဆိုင်ကျော်လွှားကာ ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လှမ်းကြရမည်ဖြစ်ပါကြောင်း။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ၂၀၁၁ ခုနှစ်မှစတင်၍ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၉)ကြိမ်မြောက်သို့ရောက်ရှိခဲ့ပြီး ယခုနှစ်သည် Inter Parliamentary Union (IPU) ၏ နှစ် (၁၃၀)ပြည့်နှင့် တိုက်ဆိုင်နေသည့်အတွက် လွန်စွာထူးခြားသည့် နှစ်တစ်နှစ်ပင် ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဆောင်ပုဒ်သည် Participation “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဖြစ်ပါကြောင်း၊ ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းကြရာတွင် တစ်ဦးကိုတစ်ဦး ယုံကြည်ချစ်ခင်စွာဖြင့် အတူတူပါဝင်နိုင်သည့် အခွင့်အရေးရရှိမှု၊ တန်းတူညီမျှအခွင့်အရေးရရှိမှုတို့ဖြင့် ဒီမိုကရေစီ ကျင့်စဉ်ကောင်းများ ရှင်သန်ခိုင်မာစေရေးအတွက် နေရာတိုင်း ကဏ္ဍတိုင်းတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဒီမိုကရေစီ Institution များ ထွန်းကားခိုင်မာ စေရေးအတွက် ပညာပေးလုပ်ငန်းများ နိုင်ငံနှင့်အဝန်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ လူတိုင်းစိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ကြရန်ကိုလည်း ဆန္ဒပြု ပြောကြားလိုပါကြောင်း။ 

မိမိတို့ ကိုယ်စားလှယ်များသည် လွှတ်တော်၏ ဆောင်ပုဒ်နှင့်အညီ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသကဲ့သို့ ပြည်သူများ၏ ဆန္ဒများ၊ ယုံကြည်မျှော်လင့်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မကြာခဏ ပြောကြားလေ့ရှိသည့် “ကိုယ် ဘာရနိုင်မလဲဆိုတာထက်၊ ကိုယ် ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားလုပ်ဆောင်ရန်” ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအတွက် ကိုယ့်အတွက် ဆုပ်ကိုင်ထားသည့် အတ္တမာနများကို စွန့်ပါ၊ သူတစ်ပါးအတွက် အများအတွက် အရာရာကို မျှဝေခြင်းများဖြင့် မေတ္တာထား ဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်ပြီး ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို မြတ်နိုးစွာ ကျင့်သုံးနိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။