Share this

၂၀၁၉ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြောကြားသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

မိန့်ခွန်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူအပေါင်းနှင့် ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး မင်္ဂလာရှိတဲ့နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ ကူးပြောင်းတိုင်း နှစ်ဟောင်းမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုများစွာ ဘဝသင်ခန်းစာများစွာတို့ကို အနာဂတ်အတွက် အခွင့်အလမ်းသစ်များ အောင်မြင်ရေးနည်းလမ်းကောင်းများအဖြစ် မှတ်ယူကာ ပြုပြင်စရာများကိုပြုပြင်ရင်း မှန်ကန်တဲ့ဘက်ကို ပြောင်းလဲစေမည့် အတွေးအမြင်သစ်များဖြင့် ရဲဝံ့စွာပြုပြင်ပြောင်းလဲရင်း လှပသောအနာဂတ်အတွက် ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးနှင့်အတူ ကြိုးစားဆောင်ရွက်သွားကြရမှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၏ တူညီသောဆန္ဒဖြစ်သည့် ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် ဦးတည်‌လျှောက်လှမ်းရာမှာ ဥပဒေပြုကဏ္ဍမှ လွှတ်တော်များအနေဖြင့် ပြည်သူသည်သာ အခရာဖြစ်၍ ပြည်သူ့အသံကို အစဉ်နားစွင့်ရင်း ပြည်သူများ၏ လိုအပ်ချက်နှင့်ဆန္ဒကို သိနိုင်အောင် အမြဲကြိုးစားကာ လူမှုစီးပွားဘဝများတိုးတက်စေရန် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမယ့် ဥပဒေများရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီသော လွှတ်တော်များဖြစ်စေရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြားလိုပါတယ်။

နှစ်သစ်မင်္ဂလာ သည်ချိန်ခါမှစ၍ နိုင်ငံသူနိုင်ငံသားများအားလုံးကလည်း တာဝန်ကိုယ်စီရှိကြသည်ဟု အစဉ်နှလုံးသွင်းမှတ်ယူကာ မိမိတို့ကျရာကဏ္ဍမှ တာဝန်ကျေပွန်နိုင်ကြပါစေ၊ ဘာသာတရားတိုင်း၏ အဆုံးအမများနှင့်အညီ ဆောင်ရွက်နိုင်သူများဖြစ်ကြပါစေ၊ ဆောင်ရွက်ဖွယ်ရာကိစ္စမှန်သမျှကို ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာဆိုတဲ့ အောင်မြင်ခြင်းတရား(၄)ပါးနဲ့အညီ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။