Share this

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၁၉) ကျင်းပ

လှုပ်ရှားမှုများ

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၁၉) ကို (၁၁.၉.၂၀၁၉)ရက်နေ့ ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဦးစီးကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က ယနေ့အစည်းအဝေးသည် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနား မတိုင်မီကျင်းပသည့် နောက်ဆုံးအစည်းအဝေး ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများမှ ဆောင်ရွက်ထားရှိမှုများကို ယနေ့ သဘင်ဆောင်သို့ သွားရောက်ကြည့်ရှုရာတွင် လုပ်ငန်းအားလုံးနီးပါး ပြီးစီးသလောက် တွေ့ရှိရပါကြောင်း၊ နောက်ဆုံးအစည်းအဝေးဖြစ်၍ ဆုံးဖြတ်ရန်ကိစ္စများ ကျန်ရှိသေးပါက တင်ပြဆုံးဖြတ်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ယနေ့အစည်းအဝေးသည် နောက်ဆုံး အစည်းအဝေးဖြစ်၍ လုပ်ငန်းကော်မတီ ၅ ခုမှ ဆွေးနွေးဆောင်ရွက်ရန်များ ကျန်ရှိပါက တင်ပြရန် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီများအလိုက် ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက နိဂုံးချုပ် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။