Share this

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ (International Day of Democracy 2019) အထိမ်းအမှတ်အခမ်းအနားကျင်းပ

သတင်းနှင့် ပြန်ကြားရေး

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့  (International Day of Democracy 2019) အထိမ်းအမှတ်အခမ်းအနားကို (၁၅.၉.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ဧည့်သည်တော်များသည် သဘင်ဆောင်အတွင်း၌ ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားများ၊ မြန်မာ့လွှတ်တော်နှစ်ပတ်လည်နေ့ အခမ်းအနားများ၊ လွှတ်တော်တွင် ကတိသစ္စာပြုမှုများ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၏ ဧည့်သည်လက်ခံတွေ့ဆုံမှု၊ လွှတ်တော်ပူးပေါင်း ကော်မတီအစည်းအဝေးများ၊ လွှတ်တော်ရေးရာကော်မတီအစည်းအဝေးများ၊ AIPA အစည်းအဝေးတက်ရောက်မှုများ၊ IPUအစည်းအဝေးတက်ရောက်မှုများ၊ မြန်မာ့လွှတ်တော် အဆောက်အအုံများ၊ မြန်မာ့လွှတ်တော် နာယက၊  ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၏ မှတ်တမ်းဓာတ်ပုံများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ ပြည်ပခရီးစဉ်များ၊ ဧည့်သည်တော်မှတ်တမ်းလက်မှတ်ရေးထိုးမှုများ၊ ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် ပြိုင်ပွဲဆုရ ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီများ၊ လွှတ်တော်ရေးရာကော်မတီများအလိုက် ကွင်းဆင်းစိစစ်ဆောင်ရွက်မှုများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ မြန်မာ့လွှတ်တော်သို့ လာရောက်လေ့လာမှုများ၊ ၂၀၁၇-၂၀၁၈ခုနှစ်အတွင်း ပြုလုပ်ကျင်းပခဲ့သော လွှတ်တော်အထောက်အကူပြု ဟောပြောပွဲများ၊ ဖက်ဒရယ်နိုင်ငံများ ဖိုရမ်က စီစဉ်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်များ၊ ဖက်ဒရယ်နိုင်ငံများ ဖိုရမ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ ပူးပေါင်းကျင်းပခဲ့သည့် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ဖက်ဒရယ်နိုင်ငံများ ဖိုရမ်နှင့် ပြည်ထောင်စု လွှတ်တော်တို့အကြား ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဒီမိုကရေစီနေ့အထိမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့သည်။ 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနေ့အထိမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒီမိုကရေစီနေ့အထိမ်းအမှတ် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) မှ ဌာနေကိုယ်စားလှယ် Ms.June Kunugi က ဖတ်ကြားပြီး IPU နှစ်(၁၃၀)ပြည့် အထိမ်းအမှတ် ဗီဒီယိုနှင့် မြန်မာ့လွှတ်တော် - IPU ၏ ပတ်သက်ဆက်နွယ်မှုဆိုင်ရာ ဗီဒီယိုတို့ကို ပြသခဲ့သည်။

ယင်းနောက် စာတမ်းများဖတ်ကြားခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ကျောင်းသား လူငယ်များ၏စာတမ်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုစာတမ်း၊ “ဝ” ဒီမိုကရက်တစ်ပါတီ၏စာတမ်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏စာတမ်း၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၏စာတမ်း၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၏စာတမ်း၊ တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့၏စာတမ်း၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၏စာတမ်း၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ၏စာတမ်း၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏စာတမ်း၊ တအာင်း(ပလောင်) အမျိုးသားပါတီ၏စာတမ်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏စာတမ်း၊ ရခိုင်အမျိုးသားပါတီ၏စာတမ်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏စာတမ်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏စာတမ်းတို့ကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဖတ်ကြားခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များက အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့်၊ အခြေခံပညာအထက်တန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ရွှေသံလွင်ကုမ္ပဏီနှင့် Three Swallows Construction ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသူများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသားအကများဖြင့်လည်းကောင်း၊ မန္တလေးမြို့၊ မြို့မအပျော်တမ်းတူရိယာအသင်းမှ တေးသံစုံများဖြင့်လည်းကောင်း၊ မန္တလေးအငြိမ့်အဖွဲ့မှ အငြိမ့်အကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ ကမ္ဘာ့ပါလီမန်များအဖွဲ့၊ ပါလီမန်များသမဂ္ဂ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လွှတ်တော်မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။