Share this

၂၀၁၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

မိန့်ခွန်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြတဲ့  တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်  ပြည်ပရောက်  မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး  မြန်မာနှစ်သစ်ကူးအခါသမယမှာ  အေးချမ်းပျော်ရွှင်စွာဖြင့်  ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာ၊  ချမ်းသာကြပါစေကြောင်း  ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ယခုလို  နှစ်သစ်ကူးအခါသမယမှာ  နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း  နှစ်ဟောင်းက  မိမိတို့  ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့  အခက်အခဲအကျပ်အတည်းများ၊  အားနည်းချက်၊  အားသာချက်တို့နဲ့  စိန်ခေါ်မှုအမျိုးမျိုးတို့ကို  သင်ခန်းစာအဖြစ် မှတ်ယူပြီး  ကူးပြောင်းလာတဲ့နှစ်သစ်မှာ  စိတ်သစ်လူသစ်  အားမာန်သစ်များဖြင့် ပိုမိုကောင်းမွန်တဲ့အနာဂတ်နဲ့  အောင်မြင်မှု အခွင့်အလမ်းသစ်များကို  ရရှိပိုင်ဆိုင်နိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အတူတကွစည်းလုံးချစ်ခင်စွာဖြင့် ကြိုးစားဆောင်ရွက်သွားကြရမှာပဲ  ဖြစ်ပါတယ်။

လွှတ်တော်များအနေနဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ကို  ဖော်ဆောင်ပေးမယ့် ဥပဒေများရေးဆွဲပြဋ္ဌာန်းခြင်း၊  ခေတ်စနစ်နဲ့  မလျော်ညီတော့တဲ့  ဥပဒေများ  ပြင်ဆင်ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း၊  အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကိုလည်း  ပြည်သူများအကျိုးကို  ရည်မျှော်ပြီး  ဆက်လက်ဆောင်ရွက်သွားမှာပဲ  ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်များဟာ  မြန်မာနိုင်ငံဒီမိုကရေစီ ဖော်ဆောင်ရေးတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို တတ်နိုင်သမျှ စိစစ်ထိန်းညှိကာ  တစ်နှစ်ထက်တစ်နှစ်  ပိုမိုအားကောင်းထိရောက်ပြီး  ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော  လွှတ်တော်ဖြစ်စေရေး၊ နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် အားကိုးအားထားပြုရတဲ့ လွှတ်တော်ဖြစ်စေရေးတို့အတွက်  အစွမ်းကုန်ကြိုးစား  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ကတိပြု ပြောကြားလိုပါတယ်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့  စုပေါင်းအင်အားဖြင့်  ဖွံ့ဖြိုးတိုးတက်တဲ့  ဖက်ဒရယ်ဒီမိုကရေစီ  ပြည်ထောင်စုကြီး  ဖြစ်ပေါ်လာအောင်  ဝိုင်းဝန်းကြိုးပမ်း  တည်ဆောက်နိုင်ကြပါစေကြောင်းနဲ့  မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး  နှစ်သစ်မှာ  သာယာချမ်းမြေ့သော  ဘဝများကို  ပိုင်ဆိုင်နိုင်ကြပါစေ၊  သံသယအမုန်းတရားများ  ကင်းစင်ကြပါစေ၊  အတ္တမာနများ  စွန့်ပယ်နိုင်ကြပါစေ၊  ဘာသာတရားတိုင်း၏  အဆုံးအမများကို  အစဉ်နှလုံးသွင်း ဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေလို့  ဆန္ဒပြု ဆုမွန်ကောင်းတောင်းအပ်ပါတယ်။