Share this

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်လွှတ်တော်များ၏ ဒုတိယနှစ်ပတ်လည်နေ့ အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် အမှာစကား

မိန့်ခွန်းများ

ဒုတိယအကြိမ် လွှတ်တော်များရဲ့(၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ကြွရောက်လာကြတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ အားလုံးကို မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ မိမိအနေဖြင့် ယခုလို ဒုတိယအကြိမ် လွှတ်တော်များ၏ နှစ်ပတ်လည်နေ့ အခမ်းအနားမှာ နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရတဲ့အတွက်လည်း အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါ ကြောင်း ပြောကြားလိုပါတယ်။

 

မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခရီး လမ်းမှာ နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် အဓိကအခန်းကဏ္ဍက နေ ဦးဆောင်လျှောက်လှမ်းလျက်ရှိတဲ့ ဒုတိယအကြိမ်လွှတ်တော်များ၏ ဒီမိုကရေစီ ဖော်ဆောင်မှုခရီးဟာ ဒီကနေ့ဆိုလျှင် (၂)နှစ်တာဆိုတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိခဲ့ ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာပဲ မဲဆန္ဒနယ်မြေအသီးသီးမှ ပြည်သူများရဲ့ ဖြစ်စေချင် သော ဆန္ဒနဲ့မျှော်လင့်ချက်များကို တတ်စွမ်းနိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။

လွှတ်တော်များသည် ပြည်သူတို့၏အသံများကို အစဉ်နားစွင့်ကာ အမျိုးသား လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့ဒေသအကျိုး၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို မြင့်မြင့်မားမား ဖော်ဆောင်နိုင်ရေးအတွက် အဆို(၁၃)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၇၁၅)ခုနှင့် ကြယ်ပွင့်မပြမေးခွန်း (၆၄၉) ခုတို့ကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော် တွင် နှုတ်ဖြင့်ဖြေကြားခြင်း၊ စာဖြင့် ပေးပို့ဖြေကြားခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဥပဒေပြုလွှတ်တော် အားကောင်းမှသာ ဒီမိုကရေစီအားကောင်းမှာပဲဖြစ်လို့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များမှလည်း စွမ်းရည်မြင့်မားအောင် အစဉ်ကြိုးစားနေကြရမှာ ပဲဖြစ်ပါတယ်။ သို့မှသာ ဒီမိုကရေစီရှင်သန်ခိုင်မြဲစေပြီး လွှတ်တော်များ စွမ်းရည်ပိုမို မြင့်မားစေမှာပဲ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးလျက်ရှိရာ နိုင်ငံတော်၏ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံး စွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းလျက်ရှိပါတယ်။

ဒီမိုကရေစီစနစ်မှာ ပြည်သူသည်သာ အခရာဖြစ်၍ ပြည်သူကိုဗဟိုပြုကာ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ဥပဒေပြုခြင်း၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေများရေးဆွဲ  ပြဋ္ဌာန်းရာတွင် ခေတ်ကာလနှင့် မလျော်ညီသော ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများနှင့် အသစ်ပြဋ္ဌာန်းသင့်သော ဥပဒေများကို ပွင့်လင်းမြင်သာစွာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာမှာ ပြည်ထောင်စုလွှတ်တော်က (၂) နှစ်တာကာလအတွင်း အသစ် ပြဌာန်းသည့်ဥပဒေ (၂၀)ခု၊ ပြင်ဆင်သည့်ဥဒေ(၂၄)ခုနှင့် ရုပ်သိမ်းသည့် ဥပဒေ(၆)ခုတို့ကို ပြဌာန်ပေးနိုင်ခဲ့ပါတယ်။ရှေ့ဆက်၍လည်း ပြည်သူ့အကျိုးပြု ဥပဒေများကို ရဲဝင့်ပြတ်သားစွာ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်များ ကြိုးပမ်းသွားကြရ မှာပဲဖြစ်ပါတယ်။ သို့မှသာ ပြည်သူများဟာ ဥပဒေ၏အကာအကွယ်ကို တန်းတူရရှိစေပြီး မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့ကိုယ်စားလှယ်များပီပီ ပြည်သူက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ပြည်သူ့အကျိုးအတွက်သာ ရည်ရွယ်ကြိုးပမ်း ဆောင်ရွက်သွားကြရမှာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုတစ်ဝန်း တန်းတူညီမျှဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတော်ရဲ့အဓိက လိုအပ်ချက်ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် နယ်မြေဒေသအသီးသီးမှာ ငြိမ်းချမ်းမှုရရှိရေးတို့အတွက် နိုင်ငံတော်က ဦးစားပေးဆောင်ရွက်ရာမှာ ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံ ၂၁ ရာစုပင်လုံကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းမှာလည်း ဥပဒေပြုရေးမဏ္ဍိုင်မှ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များက ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အစွမ်းကုန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

​ပြောင်းလဲချိန်တန်ပြီမှ အစပြုကာ ဒီမိုရေစီ ခယောင်းလမ်းကို ဖြတ်သန်းလာခဲ့ကြရာ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲအကျပ်အတည်းများ စိန်ခေါ်မှုများစွာတို့ကို ပြည်သူနှင့်အတူ စည်းလုံးခြင်းအင်အား၊ ညီညွတ်ခြင်းသက်သေတို့ဖြင့် တက်ညီလက်ညီ တွဲလက်မဖြုတ်စတမ်း ရင်ဆိုင်ဖြတ်ကျော်ရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသားများ အားလုံး၏ တူညီသောစိတ်ဆန္ဒများဖြစ်သည့် မိမိနိုင်ငံကို ချစ်မြတ်နိုးသည့်စိတ်၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လိုသည့်စိတ်တို့ဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ဆီသို့ ဦးတည်ချီတက်ကြဖို့ ဆန္ဒပြုတိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။

          အားလုံးကိုကျေးဇူးတင်ပါတယ်။