Share this

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မျက်စိခွဲစိတ်ကုသမှု ခံယူထားသူများအား အားပေးစကားပြောကြား

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နှင့် ရမည်းသင်းမြို့တို့၌ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီ စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ၏ လှူဒါန်းမှုဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါရ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းက ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုများ၊ မျက်စိနှင့် အထွေထွေရောဂါ ကုသမှုခံယူနေသည့် ပြည်သူများကို ကြည့်ရှုအားပေးပြီး ပညာရေးနှင့် ပရဟိတ လူမှုအသင်းအဖွဲ့များအား အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

 အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့ ရာပြည့်သာသနာ့ဗိမာန်တော်ကြီးနှင့် မှန်နန်း ကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားနေသည့် ယဉ်ကျေးလိမ္မာသင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှု၍ အမှာစကားပြောကြားပြီး ပန်းစုံကျောင်းတိုက် ဆရာတော်ကို ဖူးမြော်ကြည်ညိုကာ ကျောင်းတိုက် ပြုပြင်ရန် အလှူငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းခဲ့သည်။

   ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံများတွင် မျက်စိနှင့် အထွေထွေရောဂါ ကုသမှု ခံယူနေကြသူများကို အားပေးစကားပြောကြားကာ မျက်စိခွဲစိတ်ပြီးလူနာများကို မျက်မှန်များ တပ်ဆင်ပေးခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မွန်းလွဲပိုင်းတွင် အမေထိန်းခန်းမ၌ ကျင်းပသည့် ပညာရေးနှင့် ပရဟိတလူမှုရေး အသင်းအဖွဲ့များအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့်ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယဉ်ကျေးလိမ္မာသင်တန်း ဆုများ ချီးမြှင့်ပြီး ပရဟိတလူမှုရေးအဖွဲ့များသို့ အလှူငွေကျပ် စုစုပေါင်း ၁၃၅ သိန်းကို လည်းကောင်း၊ ဒေါက်တာခင်ရွှေက ပညာရေးကျောင်းများအတွက် ဗလာစာအုပ် ဒါဇင် ၆၅၀၀ နှင့် ပျော်ဘွယ်မြို့နယ် သာသနာ့နုဂ္ဂဟအသင်းအတွက် အလှူငွေကျပ် သိန်း ၃၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ရမည်းသင်းမြို့ သာသနာ့ဗိမာန်တော်ကြီးနှင့် ရန်အောင်မြင် သာသနာ့ဗိမာန်၌ ဖွင့်လှစ်သင်ကြားနေသည့် ယဉ်ကျေးလိမ္မာသင်တန်းများသို့ သွားရောက်ကြည့်ရှု၍ အမှာစကားပြောကြားပြီး ရမည်းသင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိနှင့်အထွေထွေ ရောဂါကုသမှုခံယူနေကြသူများကို အားပေးစကားပြောကြားကာ မျက်စိခွဲစိတ်ပြီးလူနာများကို မျက်မှန်များ တပ်ဆင်ပေးခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် မွန်းလွဲပိုင်းတွင် ရန်အောင်မြင်သာသနာ့ဗိမာန်၌ ကျင်းပသည့် ပညာရေးနှင့် ပရဟိတလူမှုရေးအသင်း အဖွဲ့များကို အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယဉ်ကျေးလိမ္မာသင်တန်းဆုများ ချီးမြှင့်ပြီး ခရိုင်သာသနာ့နုဂ္ဂဟအသင်းအတွက် ငွေကျပ်သိန်း ၃၀၊ မြို့နယ်သာသနာ့နုဂ္ဂဟအသင်းအတွက် ငွေကျပ်သိန်း ၃၀၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များသို့ အလှူငွေကျပ် စုစုပေါင်း ငွေကျပ်သိန်း ၁၈၀၊ ပညာရေးကျောင်းများအတွက် ဗလာစာအုပ် ဒါဇင် ၆၀၀၀၊ အထွေထွေရောဂါကုသရေးအတွက် ငွေကျပ် ၁၀ သိန်း၊ မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းအတွက် ငွေကျပ်သိန်း ၂၀ တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်၌ အထွေထွေရောဂါဝေဒနာရှင် ၁၄၀၀ ကျော်အား ကုသပေးနိုင်ခဲ့ပြီး မျက်စိဝေဒနာရှင်များနှင့်စပ်လျဉ်း၍ မျက်စိခွဲစိတ်သူ ၇၀ ကျော်နှင့် မျက်စိစမ်းသပ်ကုသသူ ၅၀၀ ခန့်ကို ကုသပေးနိုင်ခဲ့ပြီး ရမည်းသင်းမြို့နယ်၌ အထွေထွေရောဂါဝေဒနာရှင် ၂၁၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ပြီး မျက်စိဝေဒနာရှင်များနှင့် စပ်လျဉ်း၍ မျက်စိခွဲစိတ်သူ ၂၀၀ခန့်နှင့် မျက်စိစမ်းသပ်ကုသသူ ၁၅၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။