Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကာဇက်စတန် သမ္မတနိုင်ငံ Nur-sultan မြို့၌ ကျင်းပသည့် 4th Meeting of Speakers of the Eurasian Countries’ Parliaments သို့တက်ရောက်

ပြည်တွင်း ပြည်ပခရီးစဉ်
သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr.Nurtan Nigmatulin ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr. Vyacheslav Volodin နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mr. Moon Hee-sang တို့၏ ဖိတ်ကြားချက်အရ ကာဇက်စတန်သမ္မတနိုင်ငံတွင် စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် 4th Meeting of Speakers of the Eurasian Countries’ Parliaments သို့တက်ရောက်ရန် စက်တင်ဘာ ၂၂ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြရာ ကာဇက်စတန်သမ္မတနိုင်ငံ Nur-sultan Nazarbayev အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယင်းနေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့ကြသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့အား ကာဇက်စတန်သမ္မတနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr.Vladimir Bozhko နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Ms. Olga Yepifanova နှင့်တွေ့ဆုံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး၊ လွှတ်တော်အချင်းချင်း ပူးပေါင်းလက်တွဲ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ၊ အမျိုးသားပြတိုက် နှင့် The Palace of Peace and Accord သို့သွားရောက် လေ့လာကြည့်ရှုခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် ည ၆ နာရီ ခွဲတွင် Palace Saltanat Saraiy ၌ ကာဇက်စတန် သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.Nurtan Nigmatulin က အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်အဖွဲ့များအား ဧည့်ခံကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် စက်တင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကာဇက်စတန်သမ္မတနိုင်ငံ Nur-sultan မြို့၊ Palace of independence ၊ Congress Hall ၌ ကျင်းပသည့် 4 th Meeting of Speakers of the Eurasian Countries' Parliaments ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။ 

ဖွင့်ပွဲအခမ်းအနားအပြီး ဆက်လက်ကျင်းပသည့် Plenary Session တွင် တက်ရောက်လာသည့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များက မိန့်ခွန်း ပြောကြားခဲ့ကြသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာတွင် အာရှနှင့် ဥရောပသည် ကြီးမားကျယ်ဝန်းသော ဒေသကြီးနှစ်ခုဖြစ်ပြီး တစ်ခုနှင့်တစ်ခု အမှီပြုနေကြောင်း၊ မိမိတို့ တစ်ကိုယ်တည်း နည်းလမ်းဖြင့် ကြိုးစားနေခြင်းထက် အတူတကွ လုပ်ဆောင်ခြင်း၊ ကုန်သွယ်ခြင်းနှင့် အပြန်အလှန် သင်ယူခြင်းတို့ဖြင့် ပိုမို၍ကြွယ်၀ ငြိမ်းချမ်းတိုးတက်သော အခြေအနေကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် ဖြစ်ပေါ်မည့် ကောင်းကျိုးရလဒ်အတွက် တစ်ဦးနှင့်တစ်ဦး ပိုမိုနားလည်မှုရှိစေရန်နှင့် ကူညီရန်အလို့ငှာ ယခုအစည်းအဝေးကို ကောင်းစွာ အသုံးချကြရန်လိုကြောင်း ပြောကြားခဲ့သည်။ 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် စက်တင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၃၅ မိနစ်တွင် လေကြောင်းခရီးဖြင့် Nur-sultan မြို့မှ ပြန်လည် ထွက်ခွာရာ စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။ 

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။