Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြဝတီမြို့၌ကျင်းပသည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်ပြီး ထီးချားရားကျေးရွာရှိ ပြည်သူများနှင့်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် (၁၁.၁၀.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် (၆၄)နှစ်မြောက် ကရင်ပြည်နယ် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ သုခလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ထီးချားရားကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

သုခလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပရာ မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက သာယာစည်ပင်မြို့ပြတစ်ခွင် တေးသီချင်းဖြင့်လည်းကောင်း၊ ဒေသခံကျောင်းသားကျောင်းသူများက တိုင်းရင်းသားအက၊ မြန်မာအက၊ ကရင်ဒုံးယိမ်းအကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစောရောဘတ်ထူး၊ ကရင်ပြည်နယ် JMCS ဒုတိယဥက္ကဋ္ဌ စောဖိုးဒိုနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးစိန်သောင်းတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် သုခလမ်းကွန်ကရစ်လမ်းသစ်အား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း နှင့် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းရွှေက လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံများပေးအပ်ခဲ့သည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် သုခလမ်းကွန်ကရစ် လမ်းသစ်အား တာဝန်ရှိသူများနှင့် အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် မဲ့ပလဲ့ကျေးရွာအုပ်စု၊ ထီးချားရား ကျေးရွာရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ ဆုံစဉ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မိမိတို့ကို ပြည်သူက ရွေးချယ်ပြီး တာဝန်ပေးအပ်လိုက်ခြင်းဖြစ်ပါကြောင်း၊ ယင်းတာဝန်ကို မိမိတို့ ထမ်းဆောင်ရမည်၊ ပြည်သူ တွေအတွက်လုပ်ရမည်ဆိုသည့် ခံယူချက်နှင့် လုပ်ဆောင်နေပါကြောင်း၊ မိမိကို နိုင်ငံတော်၏အရေးကြီးသည့် နေရာ၌ တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ဝမ်းသာဂုဏ်ယူ မိသကဲ့သို့ တာဝန်ပိုရှိသွားသည်ဟု သိမြင်ပြီး မိမိမြို့နယ်အတွက်သာမက တစ်တိုင်းပြည်လုံးအတွက် တာဝန်ရှိသည့်သူဖြစ်သည်ဟု ခံယူထားပါကြောင်း၊ ပြည်သူများ၏လိုအပ်ချက်များကို ရောက်ရှိသည့် နေရာမှ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၏ တင်ပြဆွေးနွေးမှုများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် မြဝတီမြို့ မဲ့ပလဲ့ကျေးရွာအုပ်စု၊ ထီးချားရားကျေးရွာ စာကြည့်တိုက်နှင့် ဇရပ်ဖြူကုန်းကျေးရွာရှိ ဗေဒါအလင်းရောင် စာကြည့်တိုက်အတွက် အလှူငွေများ လှူဒါန်းသည်။ ယင်းနောက် မဲ့ပလဲ့ကျေးရွာအုပ်စုရှိ မသန်စွမ်းသူ (၆၃)ဦးအတွက် ထောက်ပံ့ငွေနှင့် မဲ့ပလဲ့ကျေးရွာ၊ ညီနောင်ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ တို့ကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ထီးချားရားကျေးရွာ စာကြည့်တိုက် တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။