Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

ပြည်တွင်း ပြည်ပခရီးစဉ်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ H.E Mr.Li Zhanshu ၏ ဖိတ်ကြားချက်အရ ဇွန် ၂၄ ရက်မှ ၂၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် (၂၅.၆.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တရုတ်လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counselor, Ms.Li Xiaoyan နှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ မြန်မာ-တရုတ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အဖွဲ့ဝင်များဖြစ်သည့် ဦးကင်းရှိန်၊ ဦးဝေစိန်အောင်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင် ဦးခွန်သိန်းဖေ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် နော်ဆာမူထူး၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါ်စန်းစန်းမြင့်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။