Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

မိန့်ခွန်းများ

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားအားလုံး ယခုလို မင်္ဂလာရှိသည့် နှစ်သစ်အခါသမယမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါသည်။

အချိန်ရာသီ အလီလီပြောင်းပြီး ယခုလို နှစ်ဟောင်းကုန်လို့ သစ်လွင်သော နှစ်သစ်ကို ကူးပြောင်းလာတဲ့ အခါသမယမှာ တိုင်းရင်းသားပြည်သူအားလုံးဟာ နှစ်ဟောင်းမှာ မိမိတို့ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းကိစ္စများမှ ရရှိလာတဲ့ အတွေ့အကြုံအခက်အခဲနှင့် စိန်ခေါ်မှုများအားလုံးကို သင်ခန်းစာများအဖြစ် မှတ်ယူသုံးသပ်ပြီး ပိုမိုကောင်းမွန်သော အခွင့်အလမ်းကောင်းများ၊ နည်းလမ်းကောင်းများနှင့် အခြေအနေကောင်းများကို အနာဂတ်အတွက် တိုးတက်မှုများအဖြစ် ဖန်တီးရယူဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

နှစ်သစ်မှအစပြု၍ စိတ်သစ်၊ လူသစ်၊ အင်အားသစ်များဖြင့် မိမိတို့ဆောင်ရွက်ဖွယ်ရာ ကိစ္စမှန်သမျှကိုလည်း စိတ်စေတနာကောင်းများထားကာ သတိတရားလက်ကိုင်ပြု၍ ကိုယ်ကျင့်တရားကောင်းမွန်စွာဖြင့် ပြုမူဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ထို့အတူပင် မိမိတို့ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေတဲ့ တူညီသောရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လျှောက်လှမ်းတည်ဆောက်နေတဲ့ ယခုလိုအချိန်ကာလမှာ ငြိမ်းချမ်းရေးသည် အဓိကကျပြီး ငြိမ်းချမ်းမှုရှိမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်လို့ ပြည်ထောင်စုကြီးအတွင်း လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းပြီး မေတ္တာနှင့်ယှဉ်ကာ ထာဝရငြိမ်းချမ်းရေးကြီးကို အမြန်ဆုံးရရှိနိုင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းမှာ တိုင်းရင်းသားပြည်သူအားလုံး မိမိတို့ကျရာအခန်းကဏ္ဍမှ အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တွဲလက်မဖြုတ်စတမ်း ကြိုးပမ်းဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး နှစ်သစ်မှာ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း၊ သာယာချမ်းမြေ့သော ပျော်ရွှင်ဖွယ်ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ဘာသာ တရားတိုင်း၏ အဆုံးအမများကို အစဉ်နှလုံးသွင်း ဆောင်ရွက်တက်သူများ ဖြစ်ကြပါ စေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။