Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ

ပြည်တွင်း ပြည်ပခရီးစဉ်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် (၂၉.၆.၂၀၁၈)ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Dehong ပြည်နယ်ခွဲ Mangshi မြို့၌ စိုက်ပျိုးထားသည့် တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်ပင်ကို ကြည့်ရှုကြပြီး တာဝန်ရှိသူများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ လဲလှယ်ကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့အား တရုတ်ကွန်မြူနစ်ပါတီ Dehong ပြည်နယ်ခွဲပါတီ ကော်မတီအတွင်းရေးမှူး Mr. Wang Junqiang က Mangshi မြို့ Mangshi Hotel ၌ နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် Dehong ဆရာအတတ်သင်ကျောင်းနှင့် အဆိုပါကျောင်းရှိ စက္ကူအလှ အနုပညာပြခန်းတို့ကို လေ့လာကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် (၃၀.၆.၂၀၁)ရက်နေ့ နံနက်ပိုင်းတွင် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်အဖွဲ့ဝင် Mr. Dan Zhu Aug Ben ၊ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Li Pei နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်နှင့်တာဝန်ရှိသူများက ကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည်(၃၀.၆.၂၀၁)ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။