Share this

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးသာအောင် ဦးဆောင်သောအဖွဲ့ ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ

ပြည်တွင်း ပြည်ပခရီးစဉ်

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Parliamentary Network on the World Bank & International Monetary Fund(PN) မှ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ရန် (၄.၃.၂၀၁၈)ရက်နေ့ (၁၈၅၅)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ သံအမတ်ကြီး Dr.Luan Thuy Duong နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်၊ ဦးသောင်းအေးတို့လည်း အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည်။

လေ့လာရေးခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံရှိ World Bank ရုံးတွင် IMF အဖွဲ့၊ ကမ္ဘာ့ဘဏ်အဖွဲ့များနှင့် တွေ့ဆုံခြင်း၊ ဗီယက်နမ်နိုင်ငံ လွှတ်တော်သို့သွားရောက်ကာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ လွှတ်တော်အတွင်းလေ့လာခြင်း၊ WBG Projects ဆွေးနွေးပွဲသို့တက်ရောက်လေ့လာခြင်း၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနများသို့ သွားရောက်လေ့လာခြင်း၊ ဗီယက်နမ်နိုင်ငံရှိ State Bank သို့ သွားရောက်လေ့လာခြင်း၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။