Share this

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (၂၀၁၈) အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြောကြားသည့် မိန့်ခွန်း

မိန့်ခွန်းများ

ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံတဲ့ ယနေ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့သို့ သဝဏ်လွှာများပေးပို့ကြပါသော နိုင်ငံတော်သမ္မတ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့်  စာတမ်းများဖတ်ကြားပေးကြသော  နိုင်ငံရေးပါတီများ၊  အဖွဲ့အစည်းများ၊  ယနေ့အခမ်းအနားသို့  တက်ရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများ၊  ဧည့်သည်တော်ကြီးများ၊  အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ကြသူများအားလုံးကို  ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကာ ကောင်းကျိုးမင်္ဂလာများနှင့်ပြည့်စုံလျက် ပျော်ရွှင်ချမ်းမြေ့သောဘဝများကို ပိုင်ဆိုင်ကြပါစေလို့ ဦးစွာ  ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော  ဒီမိုကရေစီဘက်တော်သားများခင်ဗျား

                ပြည်သူလူထု၏ဆန္ဒနှင့်အညီ  ဒီမိုကရေစီ  အကူးအပြောင်းကာလကနေ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တစ်ဆင့်ချင်း တက်လှမ်းလာခဲ့ရာ ပြည်သူသည်သာ အဓိကပဲဖြစ်ပါတယ်။  နိုင်ငံတော်၏  အချုပ်အခြာအာဏာကို ပြည်သူလူထုက စုပေါင်းပိုင်ဆိုင်ခြင်း၊ ပြည်သူ့ဆန္ဒဖြင့် နိုင်ငံတော်ကို အုပ်ချုပ်ခြင်းသည်သာ ဒီမိုကရေစီစနစ်၏ အနှစ်သာရပဲဖြစ်ပါတယ်။

                ကာလရှည်ကြာ အခြေခိုင်မာနေသော စနစ်ဟောင်းမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ရာ ပြည်သူအများသည် ယုံကြည်မျှော်လင့်ခြင်း ကြီးမားစွာထားရှိတတ်ပြီး၊ ပြည်သူများ၏  ယုံကြည်မျှော်လင့်ခြင်းများစွာတို့ကို  အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ပေးခဲ့သည့် ကျွန်တော်တို့ကိုယ်စားလှယ်တော်ကြီးများ၏ တာဝန်များပင် ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့ဆန္ဒများ၊ ယုံကြည်မျှော်လင့်ခြင်းများစွာကို  မည်မျှအထိ ဖြည့်ဆည်းပေးနိုင်သည်ဆိုသည့် ပမာဏဖြင့်တိုင်းတာရင်း မိမိတို့၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ အထူးအလေးထား ကြိုးစားဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော  ဒီမိုကရေစီဘက်တော်သားများခင်ဗျား

                ဒီမိုကရေစီစနစ်ကျင့်သုံးရာမှာ မိမိတို့နိုင်ငံနှင့်ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ ပြည်သူများကျင့်ကြံနေထိုင်မှသာ  ပိုမိုအားကောင်းသော ဒီမိုကရေစီစနစ်ကို ဖြစ်ပေါ်စေမှာပဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ဒီမိုကရေစီအကျင့်ကောင်းတွေဖြစ်တဲ့ အများစုရဲ့ဆန္ဒကို  အနည်းစုက လိုက်နာ၊ အနည်းစုရဲ့ဆန္ဒကိုလည်း အများစုက အလေးထားစဉ်းစား၊ မိမိ၏လွတ်လပ်မှုသည် အများအတွက် မထိခိုက်စေခြင်းမျိုး၊ မျှော်မှန်းသလောက် ခရီးမရောက်နိုင်သော်ငြား စိတ်ရှည်သည်းခံခြင်းမျိုးတို့ကို နိုင်ငံသားတိုင်း မြတ်နိုးစွာကျင့်ကြံကြိုးစားကာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအရွေ့ကောင်းတစ်ခုကို အတူတကွ ပုံဖော်ဆောင်ရွက်သွားကြရမှာပဲ ဖြစ်ပါတယ်။ 

ချစ်ခင်လေးစားအပ်ပါသော  ဒီမိုကရေစီဘက်တော်သားများခင်ဗျား

                မိမိတို့ ဥပဒေပြုလွှတ်တော်များ အားကောင်းမှသာ ဒီမိုကရေစီစနစ် ပီပြင်စွာပေါ်ထွန်းလာမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တော်ကြီးများရဲ့ အဓိကတာဝန်ဖြစ်တဲ့ ခေတ်စနစ်နဲ့ ကိုက်ညီမယ့် ဥပဒေပြုရေးတာဝန်များကို မြတ်နိုးဖွယ်တာဝန်ဟုမှတ်ယူကာ ပြည်သူများ ဥပဒေရဲ့အကာအကွယ်ကို တန်းတူရရှိနိုင်ဖို့၊  ပြည်သူ့အကျိုးကိုသာ ဖော်ဆောင်ပေးသည့် ဥပဒေများ ဖြစ်စေဖို့၊ ပြည်သူများ  အမှန်တစ်ကယ်လိုက်နာနိုင်မည့် ဥပဒေများထုတ်ပြန်နိုင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ  အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။ 

                   ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများဟာ လွှတ်တော်၏ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အစဉ်နှလုံးသွင်းဆောင်ရွက်ရင်း မိမိတို့ထုတ်ပြန်သည့် ဥပဒေများ သည် ပြည်သူ့အတွက် အမှန်တစ်ကယ် အကျိုးရှိ/မရှိ၊ လက်တွေ့ဘဝတွင် ပြည်သူ့အကျိုးကို ဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးနိုင်ခြင်း ရှိ/မရှိ လေ့လာစောင့်ကြည့် ဝိုင်းဝန်းထိန်းညှိပြီး ပြည်သူတို့၏အသံကို အစဉ်နားစွင့်ကာ ပြည်သူတို့ လိုအပ်ချက်များကို အပြည့်အဝ  ဖြည့်ဆည်းပေးနိုင်ဖို့၊ ပြည်သူများ ဥပဒေ၏အကာအကွယ်ဖြင့် အေးချမ်းလုံခြုံစွာနေနိုင်ဖို့ ကျွန်တော်တို့အားလုံး အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးကြရမှာပဲ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော  ဒီမိုကရေစီဘက်တော်သားများခင်ဗျား

                ယခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ဆောင်ပုဒ်မှာ“Oversight” ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲကာ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် ဒီမိုကရေစီစနစ်ပိုမိုရှင်သန်ခိုင်မာစေပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ဦးတည်လျှောက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်များနှင့်အတူ ဒီမိုကရေစီပန်းတိုင်သို့ မိမိတို့လျှောက်လှမ်းရာမှာ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများစွာ၊ ပဋိပက္ခများစွာ၊ စိန်ခေါ်မှုများစွာတို့ကို မဆုတ်မနစ်သော ဇွဲလုံ့လ ဝီရိယတို့ဖြင့်  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီ၏ လက္ခဏာကောင်းဖြစ်သည့် စုပေါင်းဆောင်ရွက်ခြင်းဖြင့်“ဒီမိုကရေစီရှင်သန်ရေး  ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေး”  ကြရမှာပဲဖြစ်ပါတယ်။ သို့မှသာ ပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

                တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နှစ်ပေါင်းများစွာ လိုလားတောင့်တလျက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရာတွင် မိမိတို့ ဆုပ်ကိုင်ထားသော အတ္တမာနများကို ဖယ်ရှားကာ သူတစ်ပါးအတွက်၊ အများအတွက် မျှဝေခြင်းများဖြင့် မေတ္တာထားကြဖို့၊ အသီးသီးသော မတူကွဲပြားခြားနားသည်များကိုလည်း တစ်စုတစ်စည်းတည်းဖြစ်စေပြီး တူညီသောစိတ်ဓါတ်များဖြင့် ယုံကြည်ခြင်းကို သစ္စာပြုကာ နိုင်ငံသားများအားလုံး အတူတကွပူးပေါင်းဆောင်ရွက်သွားကြဖို့  ဆန္ဒပြုတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

                အားလုံးကို ကျေးဇူးတင်ပါတယ်။