Share this

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့(၂၀၁၇) အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းပြောကြားသည့်မိန့်ခွန်း

မိန့်ခွန်းများ

ပြည်ထောင်စုလွှတ်တော်က ကြီးမှူးကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်ကြီးများနှင့် ဧည့်သည်တော်ကြီးများအားလုံး စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း၊ ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည်စုံကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ဒီမိုကရေစီဘက်တော်သားများခင်ဗျား

ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို စာအုပ်အမျိုးမျိုးမှာ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုထားကြပါသော်လည်း အမှန်စင်စစ် ဒီမိုကရေစီဟူသည် ပြည်သူက အုပ်ချုပ်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့လက်တွင်းမှာသာရှိနေပြီး ပြည်သူ၏ဆန္ဒဖြင့် အုပ်ချုပ်စေခြင်းပဲ ဖြစ်ပါတယ်။

ပြည်သူလူထုက ယုံကြည်မျှော်လင့်ခြင်းများစွာဖြင့် ကျွန်တော်တို့တွေကို ရွေးချယ်ကာ တာဝန်များအပ်နှင်းခဲ့ပါပြီ၊ ကျွန်တော်တို့ ကိုယ်စားလှယ်တော်ကြီးများကလည်း ပြည်သူလူထုအပ်နှင်းတဲ့ တာဝန်ကို ကျေနပ်ဂုဏ်ယူစွာ လက်ခံပြီး တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ကောင်းမွန်သော သမိုင်းမှတ်တိုင်သစ်ကို ရေးထိုးသွားကြရမှာပဲဖြစ်ပါတယ်

ချစ်ခင်လေးစားအပ်ပါသော ဒီမိုကရေစီဘက်တော်သားများခင်ဗျား

မိမိတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးပြီး နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းလျက်ရှိရာမှာ မိမိတို့လွှတ်တော်အနေဖြင့် ဥပဒေပြုရေးအာဏာကို ကျင့်သုံးရပြီး ပြုပြင်ပြောင်းလဲရေး၏ အဓိကမဏ္ဍိုင်လို့လည်း ဆိုနိုင်ပါတယ်။ လွှတ်တော်များစွမ်းရည်မြင့်မားပြီး အားကောင်းသည်နှင့်အမျှ ဒီမိုကရေစီစနစ်ကလည်း ခိုင်မြဲလာမှာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များကလည်း မိမိတို့ရဲ့စွမ်းရည်မြင့်မားအောင် အစဉ်ကြိုးစားနေကြရမှာဖြစ်ပါတယ်။ ဥပဒေပြု လွှတ်တော် အားကောင်းမှသာ ဒီမိုကရေစီ အားကောင်းမှာပဲဖြစ်ပါတယ်။

ဒီမိုကရေစီစနစ် အားကောင်းအောင် ဆောင်ရွက်ရာမှာလည်း ပြည်သူသည်သာ အခရာဖြစ်၍ ပြည်သူကိုဗဟိုပြုကာ မိမိတို့နိုင်ငံနှင့် အံဝင်ခွင်ကျမည့်၊  လက်တွေ့ဘဝနင့် ကိုက်ညီမည့် ဒီမိုကရေစီစနစ်မျိုးကို ကျင့်သုံးသွားကြရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် မတူကွဲပြားမှုတွေကို တွန်းအားအဖြစ် အသွင်ပြောင်းကာ စည်းလုံးညီညွှတ်မှုအားဖြင့် မယုံကြည်မှုများ၊ သံသယများ၊ စိတ်ဝမ်းကွဲပြားမှုများကို ကျော်လွှားကြရမှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း မိမိတို့ဒေသအသီးသီးရှိ ပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို လွှတ်တော်တွင် မေးခွန်းများ၊ အဆိုများဖြင့် တင်ပြကြပြီး မိမိတို့လွှတ်တော်၏ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်”ဆိုသည့်အတိုင်း ပြည်သူများ၏ ဆန္ဒနှင့် ဘဝထပ်တူကျစေဖို့ လွှတ်တော်များအားလုံးက ကြိုးစားပေးကြရမှာပဲဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများ၏ ဖြစ်စေချင်သောဆန္ဒနှင့် မျှော်လင့်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။

သို့မှသာ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ကာ ပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဘက်စုံကဏ္ဍများ အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားစေပြီး ပြည်သူများဟာ ဒီမိုကရေစီလမ်းကြောင်းမှာ ပျော်ရွှင်စွာ ချီတက်နိုင်ကြမှာပဲဖြစ်ပါတယ်။

ပြည်သူများ၏ဘဝလုံခြုံစေဖို့ ဥပဒေ၏အကာအကွယ်ကို ပြည်သူများတန်းတူရရှိစေနိုင်ဖို့ ဥပဒေ၏အထက်မှာ မည်သူမျှ မရှိနိုင်စေဖို့အတွက် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီစေရန် ဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများကို ပွင့်လင်းမြင်သာစွာဖြင့် ရဲဝံ့ပြတ်သားစွာ ရေးဆွဲပြဋ္ဌာန်းကြရမှာက မိမိတို့လွှတ်တော်များရဲ့ တာဝန်ပဲဖြစ်တယ်။ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမယ့် ဥပဒေများကို ပြည်သူများအတွက် ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ ဦးလည်မသုန် ကြိုးပမ်းကြရမှာပဲဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ဒီမိုကရေစီဘက်တော်သားများခင်ဗျား

“ပြောင်းလဲချိန်တန်ပြီမှ” အစပြုကာ ပြည်သူလူထု၏မှန်ကန်သော ရွေးချယ်မှုဖြင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ပြီဖြစ်ရာ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသည့်စိတ်ဓာတ်များ မွေးမြူနိုင်မှသာ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးနိုင်မှာပဲဖြစ်ပါတယ်။

ယခုနှစ် ဒီမိုကရေစီနေ့ခေါင်းစဉ်ကတော့ “In Defence of Democracy” ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ မိမိကိုယ်တိုင်ကျင့်သုံးမှသာ ရရှိသည်ဖြစ်၍ မျိုးဆက်သစ်လူငယ်များသည် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ ကျား၊မ တန်းတူညီမျှခြင်း စသော ဒီမိုကရေစီ၏ အခြေခံမူများကို လိုက်နာကျင့်ကြံနေထိုင်ခြင်းသည် အနာဂတ်မှာ ဒီမိုကရေစီစနစ်ကို ပိုမိုရှင်သန်ဖွံ့ဖြိုးစေဖို့ပဲဖြစ်တယ်။ ဒီမိုကရေစီအခြေခံမူများကို ပြည်သူများအားလုံး လိုက်နာကျင့်သုံး ခြင်းဖြင့် ဒီမိုကရေစီကို ပူးပေါင်းကာကွယ်ကြရမှာပဲဖြစ်တယ်။ သို့မှသာ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးခိုင်မြဲမှာဖြစ်ပြီး ပြည်သူများအတွက် ပို၍အားကောင်းသော ဒီမိုကရေစီစနစ်ကို ဖြစ်ပေါ်စေမှာပဲ ဖြစ်ပါတယ်။

ယနေ့ကျရောက်သော ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့သည် ထူးခြားမွန်မြတ်သည့် နေ့တစ်နေ့ဟုလည်း ဆိုနိုင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကို စတင်သတ်မှတ်ထားသည်မှ (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ထို့အပြင် IPU အဖွဲ့ဝင်များက ဒီမိုကရေစီဆိုင်ရာ ကမ္ဘာ့ကြေညာစာတမ်း အတည်ပြုခဲ့သည့် နှစ် (၂၀) ပြည့် နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။  ထူးခြားတိုက်ဆိုင်လွန်းသည့် ယနေ့မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းကြရာတွင် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အစဉ်အမြဲ ဦးထိပ်ထားဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။

နိဂုံးချုပ်အားဖြင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများဖြစ်သည့် စိတ်ရှည်သည်းခံခြင်းမျိုး၊ သဘောထားကြီးစွာဖြင့် ညှိနှိုင်းအဖြေရှာခြင်းမျိုး၊ အများဆန္ဒကို အနည်းစုကလိုက်နာ၊ အနည်းစု၏ဆန္ဒကိုလည်း အမြဲထည့်သွင်းစဉ်းစားတတ်ခြင်းမျိုးတို့ကို မိမိတို့ကိုယ်တိုင်လည်း နေထိုင်ကျင့်ကြံကြပါ။  နိုင်ငံသားများအားလုံးလည်း မြတ်နိုးစွာ ကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း တိုက်တွန်းလိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။