Share this

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အစည်းအဝေး(၁/၂၀၁၉) ကျင်းပ

လှုပ်ရှားမှုများ

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(Myanmar Parliamentary Union- MPU) အစည်းအဝေး (၁/၂၀၁၉)ကို (၅.၇.၂၀၁၉)ရက်နေ့ နံနက် ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဖွင့်မှာစကားပြောကြားရာတွင် လွှတ်တော်အစည်းအဝေးများ ရပ်နားထားသည့်ကာလတွင် ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လွှတ်တော်ဆိုင်ရာနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်နိုင်ရန် ခေါ်ယူကျင်းပခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဆက်လက်ဆောင်ရွက်နိုင်ရန် အကြံပြုပေးပို့ထားပါကြောင်း၊ ယင်းဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းနိုင်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒ ပြင်ဆင်နိုင်ရေးကိုလည်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာနည်းဥပဒေများ ပြင်ဆင်မှုနှင့်ချိတ်ဆက်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဒီမိုကရေစီနိုင်ငံများ၏ အဓိကပြယုဂ်မှာ လွှတ်တော်များဖြစ်ပြီး မိမိတို့လွှတ်တော်များ ခိုင်မာအားကောင်းစေရန် ယခုကဲ့သို့ ဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြုံတွေ့နေရသည့် လွှတ်တော်လုပ်ငန်းဆိုင်ရာ အခြေအနေများကို ပွင့်ပွင့်လင်းလင်းဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လွှတ်တော်အကြီးအမှူးများ တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုပိုမိုရရှိသည့်အတွက် မိမိတို့လွှတ်တော်အသီးသီး၏ လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်က အစည်းအဝေး(၆/၂၀၁၈) ဆုံးဖြတ်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆေင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ပြည်ထောင်စုအဆင့်လွှတ်တော်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များတွင် ဂရုပြုဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးသည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ရုံးအဖွဲ့မှူး၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရုံးများ ဖွဲ့စည်းမှုနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်ပေးသော နိုင်ငံ့ဝန်ထမ်းဆိုင်ရာမူဝါဒကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများက  လွှတ်တော်ရေးရာကိစ္စရပ်များနှင့် လွှတ်တော်အလိုက်ကြုံတွေ့ရသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အကြီးအမှူးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ လွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။