Share this

၃၂ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၃.၃.၂၀၁၈)

Tuesday, April 3, 2018 - 10:51
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

၃၂ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၇  ရက်

( ၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက် )

[သောကြာနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၂ ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊  မတ်လ  ၂၃  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -

    (က)   ဦးစိုင်းသန်းနိုင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ကရင် ပြည်နယ်၊ ဖာပွန် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ယွန်းစလင်းချောင်းမှ ရေကို လည်းကောင်း၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် သံလွင်မြစ်မှ ရေကို လည်းကောင်း မြစ်ရေတင်စနစ်ဖြင့် သွယ်ယူ ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက  မြို့ရေ ပေးရေးလုပ်ငန်းသည် လျှပ်စစ်ဓာတ်အား ဖြင့် ဆောင်ရွက်ရသောလုပ်ငန်းတစ်ခု ဖြစ်ပါသဖြင့် ဖာပွန်မြို့နှင့်ကမမောင်း မြို့တို့သည် ပင်မလျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဓာတ်အားလိုင်းသွယ်တန်း ပြီးစီးပါက မြို့ရေပေးဝေရေးလုပ်ငန်းကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

     ( ခ )  ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး   မဲဆန္ဒနယ်အမှတ်(၉)၏ တိုးတက် လာသည့် ခေတ်စနစ်နှင့်အညီ မြန်မာနိုင်ငံအတွင်း ခေတ်မီဖွံ့ဖြိုး တိုးတက်သာယာလှပသည့် မြို့များပေါ်ပေါက်လာစေရန် နိုင်ငံတော် အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က မြန်မာနိုင်ငံအတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သာယာလှပသည့် မြို့များ ပေါ်ပေါက်လာစေရန်အတွက် မြို့အင်္ဂါရပ်နှင့်ညီညွတ်သည့် မြေအသုံးချမှု များ၊ မြို့ပြစီမံကိန်းပုံစံများကို မြို့အလိုက်ရေးဆွဲပြီး မြို့ပြလမ်း၊ တံတား၊ ရေပေးဝေရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား စည်ပင် သာယာရေးရန်ပုံငွေဖြင့်  နှစ်စဉ် ဘတ်ဂျက်ရေးဆွဲကာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(သို့မဟုတ်) နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေအရ မိမိ၏ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် အတွက် ပြည်ထောင်စုဘဏ္ဍာငွေမှရရှိသည့် ဘဏ္ဍာငွေများ အပါအဝင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းကို ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် လွှတ်တော်သို့တင်ပြပြီး အတည်ပြု ချက်ရယူကာ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ-၉၆၊ဇယား(၁)ဖြင့် အပ်နှင်း ထားသော ဥပဒေပြုစာရင်းတွင် စည်ပင်သာယာရေး နှင့်သက်ဆိုင်သည်များ ပါဝင်ခြင်းမရှိသည့်အပြင် သီးခြားတာဝန် ပေးအပ်ထားသော အဖွဲ့အစည်း၊ ဝန်ကြီးဌာနလည်းမရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေကြားပါသည်။

အသိပေးတင်ပြခြင်း၊ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ အဆို တင်သွင်းခြင်း၊ အတည်ပြုခြင်းနှင့် အစီရင်ခံစာများ ဖတ်ကြားခြင်း

၃။           အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် က အတည်ပြုပြီး ပေးပို့ထားသော နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး ၂၉-၃-၂၀၁၈ (ကြာသ ပတေးနေ့)ထက် နောက်မကျစေဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

၄။           ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို သဘောတူလက်ခံရန် အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုသည်။

၅။          ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) (တိုင်းရင်းသားရေးရာ ကော်မတီဝင်)က တိုင်းရင်းသားရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လည်းကောင်း၊ ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်)က စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လည်းကောင်း၊ ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈) (အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဝင်)က အမျိုးသမီးနှင့် ကလေး သူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကိုလည်းကောင်း အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပါသည်။

၆။          အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က တိုင်းရင်းသားရေးရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် ယနေ့  (၁၆၀၀)နာရီ နောက်ဆုံးထား၍ အမျိုးသား လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းများ တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

၇။           အစည်းအဝေးကို ၁၁၀၄ နာရီ အချိန်တွင် ရပ်နားပြီး ၃၃ ရက်မြောက်နေ့ အစည်း အဝေးကို  ၂၉-၃-၂၀၁၈ ရက်နေ့(ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

                                                                            

 

                                                                                 

                                                                အမျိုးသားလွှတ်တော်