Share this

၂၇ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၁၃.၃.၂၀၁၈)

Wednesday, March 14, 2018 - 09:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

၂၇ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက်

( ၂၀၁၈ ခုနှစ်၊ မတ်လ ၁၃ ရက် )

[အင်္ဂါနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊  မတ်လ  ၁၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -

    (က)   ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦး ခရိုင်၊ မြောက်ဦးမြို့နယ် ဂုဏ်ကျွန်းကျေးရွာနှင့် မင်းပြားမြို့နယ် ပန်းမြောင်း တိုက်နယ်ကျေးရွာတို့ကြားတွင်ရှိသော ရွာချင်းဆက်လမ်းအား မြေသားဖို့ခြင်းနှင့် ကျောက်ခင်းခြင်း၊ ကျောက်ချောခင်းခြင်းစသည်ဖြင့် အဆင့်တိုးမြှင့် ဖောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် ဂုဏ်ကျွန်း ကျေးရွာနှင့် မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ် ကျေးရွာတို့ ဆက်သွယ်သည့် ကျေးရွာချင်း ဆက်သွယ်ထားသော လမ်းသည် အသစ်ဖောက်လုပ်ရမည့်လမ်း ဖြစ်သဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းစာရင်းသို့ သိမ်းသွင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ် ရောက်ရှိပါက ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

     ( ခ )  ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း ရန်ကုန် - စစ်တွေ ကားလမ်းမှ ကန်စောက် ကျေးရွာ - ကံသုံးဆင့် - ဒုံနာ - နီချေ  - အောက်လာ ကျေးရွာအထိ ကျေးရွာချင်းဆက်လမ်းကို ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်ချောလမ်း ဖောက်လုပ်ပေးရန်နှင့် ကန်စောက်ကျေးရွာအနီး ယိုးချောင်း ချောင်းလက်တက်တွင် (၁၂၀)ပေ  အကျယ် သံကူကွန်ကရစ် တံတားတစ်စင်းတို့ကို ၂၀၁၈ -၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မြေသားလမ်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည့် ကန်စောက်-ကန်သုံးဆင့် မြေသားလမ်း (၄)မိုင် (၁.၃)ဖာလုံအား ကွန်ကရစ် လမ်းခင်းရန် လုပ်ငန်းနှင့် ယိုးချောင်း လက်တက်(ပန်းပဲချောင်း) တံတား တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု မူလခွင့်ပြု ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများပြီးစီးပါက ဆောင်ရွက်ရန် ကျန်ရှိသော ဒုံနာ-နီချေ- အောက်လာ ကျေးရွာချင်း ဆက်လမ်း(၃)မိုင်ခန့်အား ပြည်ထောင်စု မူလခွင့်ပြု ရန်ပုံငွေနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေတို့တွင် နှစ်အလိုက်ထည့်သွင်း လျာထားပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

     ( ဂ )  ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကာနန်းကျေးရွာအုပ်စုနှင့် ပလက်ဝမြို့နယ်၊ မှုံတနူး ကျေးရွာ အုပ်စု၊ ကာနန်း - ပိုက်တော - မှုံတနူး - ချိုင်းစနူးကြား ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ကန်ပက်လက်မြို့နယ် ကာနန်း လမ်းခွဲမှ ပိုက်တော - ထိုးနူးလမ်း အရှည်(၂၀)မိုင် အကျယ်(၆)ပေ လမ်းအား ဦးစားပေး အဆင့် သတ်မှတ်ထားမှုနှင့် ဒေသခံပြည်သူများ၏ တောင်းဆိုချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘဏ္ဍာငွေလျာထား တင်ပြတောင်းခံပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

ဆွေးနွေးခြင်း

၃။           အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၇)ဦးက ဆက်လက် ဆွေးနွေးပါသည်။

၄။           အစည်းအဝေးကို ၁၁:၁၇ နာရီ အချိန်တွင် ရပ်နားပြီး ၂၈ ရက်မြောက်နေ့ အစည်းအဝေးကို  ၁၄-၃-၂၀၁၈ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

 

 

                                                                                                                                                       အမျိုးသားလွှတ်တော်