Share this

(၂၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၄.၃.၂၀၁၉)

Thursday, March 14, 2019 - 13:09
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၂၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၉ ရက်

( ၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက် )

[ကြာသပတေးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၄  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကုန်စျေးနှုန်းကြီးမြင့်မှုကို ကြုံတွေ့ခံစားနေကြရသော အမှုထမ်းများ (အထူးသဖြင့် ပြည်သူ့ရဲဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများ)အား ဒေသန္တရရှားပါးစရိတ် (CLA) ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လုပ်ခ၊ လစာ၊ ခရီးစရိတ်နှင့် ခရီးသွားနေ့တွက်စရိိတ်တို့ကို အခါအားလျော်စွာ တိုးမြှင့်ခံစားခွင့်ပြုထားသည့်အပြင် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက်လည်း (ဒေသန္တရရှားပါးစရိတ်)နှင့် သဘော သဘာဝတူညီသောဒေသစရိတ်များကို သီးခြားခံစားခွင့်ပြုထားပြီးဖြစ်ပါသဖြင့် ဒေသန္တရ ရှားပါးစရိတ် (Compensatory Local Allowance CLA) သီးခြားခွင့်ပြုပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးပူဂင်ကမ်းလျန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ကျေးရွာပေါင်း (၁၃၀)ရှိပြီး ကျေးရွာအုပ်စု (၅၅)အုပ်စုသာရှိသဖြင့် ကျေးရွာခွဲများကို ကျေးရွာအုပ်စုများအဖြစ် အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က တရားဝင်အမည်ပေါက်ရရှိပြီးမှသာ ကျေးရွာအုပ်စုများအဖြစ် အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းပေးနိုင်ရေး ခရိုင်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထက်ဌာနအဆင့်ဆင့်သို့တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများကို လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မတူပီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ နေအိမ်၊ အိမ်သာတည်ဆောက်ရန် ခွဲဝေရရှိထားပြီးဖြစ်၍ တင်ဒါစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အခြားခရိုင်အဆင့်ဌာနဆိုင်ရာရုံးများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားဆောင်ရွက်ပြီး ခွင့်ပြုရရှိမှုအပေါ်မူတည်၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(ဃ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံ မြို့နယ်ရှိ မရမ်းကုန်း၊ ဆိပ်ကျွန်း၊ ကတိုက်ကြီး၊ ကတိုက်ကလေး၊ ဓနုကတိုက်ကျေးရွာများတွင် လူဦးရေထူထပ်များပြားလာ၍ အိုးမဲ့အိမ်မဲ့များဖြစ်ပေါ်လာမှုအပေါ် Town Plan / Village Plan မြို့ရွာစီမံချက်များဖြင့် မြေနေရာချပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်း က ဒုံဝန်းကျေးရွာအုပ်စု၊ ထောင်မှူးကျေးရွာအုပ်စု၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာအုပ်စုတို့တွင် ကျေးရွာမြေအဖြစ်တိုးချဲ့နိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုတွဲဖွင့်လှစ်တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေများ၊ စားကျက်မြေများ ကျူးကျော်မှုမရှိစေရေး၊ လယ်ယာမြေများအား အခြားနည်းအသုံးပြုခွင့်မရှိဘဲ အသုံးပြုမှုမရှိစေရေးအတွက်လည်းကောင်း၊ ပြည်ထဲရေးအမည်ပေါက်ကျေးရွာများအား မူလရွာမြေဧရိယာများပေါ်တွင် နေထိုင်ရန်မလုံလောက်ပါက သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှဦးဆောင်ပြီး ကျေးရွာတိုးချဲ့မှုအတွက်  Village Plan ရေးဆွဲ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(င)ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ကျန်ဗားကျေးရွာအုပ်စုအား သီးခြားကျေးရွာအုပ်စု(၄)ခုအဖြစ် အသစ် ပြင်ဆင်ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင်၊ ဦးညီထွန်း က ဘုံဇုံကျေးရွာအား မြို့အဆင့်တိုးမြှင့်ဖွဲ့စည်းနိုင်ရေးအတွက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုတွဲပြုစုဆောင်ရွက်လျက်ရှိပါသဖြင့် ကျန်ဗားကျေးရွာအုပ်စုအား သီးခြားကျေးရွာအုပ်စု(၄)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းပေးရန် အစီအစဉ်မရှိကြောင်း  ချင်းပြည်နယ်အစိုးရအဖွဲ့၏ကိုယ်စား ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၃။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆုံးအဖြတ် ရယူခြင်း

၄။ ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၅။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော တရားလွှတ်တော် ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးသည်။

အဆိုတင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၆။ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာတို့ကို သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း၍  လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော် က အတည်ပြုသည်။ 

၇။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားပြီး ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်