Share this

(၂၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၃.၃.၂၀၁၉)

Wednesday, March 13, 2019 - 16:02
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၂၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၈ ရက်

( ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက် )

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

( က )ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ (၂၅)ခုတင်ဆံ့ဆေးရုံ၏ ကျန်းမာရေးဝန်ထမ်းများအတွက် (၉၀'x၃၀') RC(၃)ထပ် ဝန်ထမ်းအိမ်ရာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကုသရေးဦးစီးဌာန၏ စီမံကိန်းတွင် လျာထားတင်ပြတောင်းခံပေးထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် မြို့အင်္ဂါရပ်နှင့်ညီညွတ်သော စံချိန်မီဘောလုံးကွင်း တူးဖော်ပေးရန်နှင့် ၎င်းဘောလုံးကွင်း၌ (၆၀x၃၀)ပေရှိသော ပွဲကြည့်စင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မြို့လူထု၏အစီအစဉ်ဖြင့် ဖောက်လုပ်တည်ဆောက်လျက်ရှိသဖြင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အစီအစဉ်မရှိသေးကြောင်း၊ လိုအပ်သည့်အကူအညီများ တောင်းခံလာပါက  အကူအညီပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးစိုင်းထွန်းအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြို့နယ်အားကစားကွင်း မြေနေရာ သတ်မှတ်ပေးရန်နှင့် မြို့နယ်ဘောလုံးကွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၊ နေပြည်တော်သို့ တင်ပြလျှောက်ထားပြီး ဌာနပိုင်မြေနေရာရရှိမှသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပေးပို့တင်ပြလာခြင်းအား ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ အချို့သောရေလုပ်ငန်းရှင်များသည် စစ်တောင်းမြစ်ဝနှင့် မုတ္တမပင်လယ်ကွေ့ရေပြင်၌ သံဇကာပိုက်ခေါ် (၁)လက်မအောက် ငါးဖမ်းပိုက်စိပ်များဖြင့် ငါးများကိုဖမ်းဆီးနေသဖြင့် ရေသယံဇာတငါးမျိုးများ မျိုးတုံးပျောက်ကွယ်တော့မည့်ကိစ္စကို စီမံချက်ဖြင့် အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က တရားမဝင်(၁)လက်မအောက် သံဇကာပိုက်များဖြင့် ငါးဖမ်းဆီးမှုမရှိစေရေးအတွက် မွန်ပြည်နယ်ငါးလုပ်ငန်းကော်မတီမှ ဖွဲ့စည်းပေး ထားသည့် မြို့နယ်ငါးလုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်များဖြင့် တစ်လလျှင်(၂)ကြိမ် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊  (၁)လက်မအောက် ငါးဖမ်းပိုက်စိပ်များဖြင့် ငါးဖမ်းဆီးမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ရှင်းလင်းဖြေကြားသည်။

(င)ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆတ်ချိုင်ကျေးရွာအုပ်စု၊ ဆတ်ချိုင်ကျေးရွာနှင့် ဒိုးချောင်းဝကျေးရွာ (၂)ရွာတို့တွင် သန့်ရှင်းသောရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူပေးရေးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၆)လ ဘတ်ဂျက်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  လတ်တလောတွင် လုပ်ငန်းများစီမံဆောင်ရွက်နိုင် ခြင်းမရှိသေးကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိလာသည်နှင့် ဆတ်ချိုင်ကျေးရွာ၏ လက်ရှိစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးပြီး ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဒိုးချောင်းဝကျေးရွာ ရေရရှိရေးအတွက် တွီလုံးချောင်းမှ ရေသွယ်ယူခြင်းလုပ်ငန်းအတွက် ရေရယူနိုင်မှုရှိ/မရှိ (Feasibility Survey)တို့ကို သက်ဆိုင်ရာဒေသရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာပြီး နည်းပညာပိုင်းဆိုင်ရာစိစစ်၍ ဖြစ်နိုင်စွမ်းရှိပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကိုမျှော်မှန်း၍ ရန်ပုံငွေလျာထားတင်ပြပြီး ရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်း၊ အဆို တင်သွင်းခြင်းနှင့် ဆုံးဖြတ်ခြင်း

၃။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်လွင် (ဥပဒေကြမ်းကော်မတီဝင်)က တံတားကြီးများဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ယင်းဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။

၄။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌ က ကြေညာသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၅။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။ 

အဆိုဆွေးနွေးခြင်း၊ ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၆။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာအချက်အလက်များရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန်လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလအခြေခံလိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသောမြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာ အားလုံးကို ပြုစုမှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကူအညီများရယူလျက် တစ်မျိုး တည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်းချမှတ် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြန်လည်ဖြေရှင်းဆွေးနွေးသည်။ ဥက္ကဋ္ဌ က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။

အစီရင်ခံစာ ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်းနှင့်အတည်ပြုချက်ရယူခြင်း

၇။ အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ  အစီရင်ခံစာ(၂/၂၀၁၈)ကို လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင် ဦးဝင်းအောင် က သဘောတူလက်ခံရန် အဆိုတင်သွင်းရာ ဥက္ကဋ္ဌ က လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုသည်။

အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၈။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမန်းထွန်းကြိုင် (ပြည်သူ့ငွေစာရင်း ကော်မတီဝင်)က ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကိုလည်းကောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင် (အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်)က အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ဒသမပုံမှန် အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လည်းကောင်း လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး ယင်းအစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌ က ကြေညာသည်။

၉။ အစည်းအဝေးကို ၁၅၀၂ နာရီ အချိန်တွင် ရပ်နားပြီး (၂၅)ရက်မြောက်နေ့ အစည်းအဝေးကို ၁၄-၃-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်