Share this

(၂၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၁.၃.၂၀၁၉)

Monday, March 11, 2019 - 12:37
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၂၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၆ ရက်

( ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက် )

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

( က )ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာအုပ်စု ကွင်းအမှတ်(OSS-၃၅)၊ ပျဉ်းမစခန်းအပြင် ကွင်းရှိ တောင်သူ(၅)ဦး စပါးလင်စိုက်ပျိုးနေသည့်ခြံမြေ (၈၅)ဧကမှာ ၂၀၀၁ ခုနှစ် က နယ်မြေခံတပ်ရင်း စတင်ထူထောင်စဉ်က သိမ်းဆည်းရာတွင် ပါသွားခဲ့သော်လည်း ယနေ့တိုင် မြေယာလျော်ကြေးပေးခြင်းများ မရှိသေးပါသဖြင့် တည်ဆဲဥပဒေများနှင့်အညီ မြေယာလျော်ကြေးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က မြေသိမ်းဆည်းရေးဆိုင်ရာ ပြည်ထဲရေးအမိန့်များရရှိပြီး မြေပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာ မရှိခြင်း၊ မြေတန်ဖိုးလျော်ကြေးငွေအား တပ်ရင်းမှပေးချေခဲ့ရာ ထုတ်ယူခဲ့မှုမရှိဘဲ တပ်ပိုင်မြေသိမ်းဆည်းစဉ် ကန့်ကွက်ရန်မရှိကြောင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သဖြင့် လျော်ကြေးထပ်မံပေးချေနိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝအုပ်စု၊ ရှင်းလက်ဝအထက်ရွာနှင့် ရှင်းလက်ဝအောက်ရွာ ကူးလူး သွားလာသော ပေအရှည် (၃၀၀)ရှိ (ရှင်းလက်ချောင်းကူး) ကြိုးတံတားဟောင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် တင်ပြတောင်းခံနိုင်ရေး လျာထားလျက်ရှိပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့ရှိ ကျေးရွာပေါင်း(၁၃)ရွာကို ဆက်သွယ်ထားသော ဦးနာအောက်လမ်း (ကတိုး၊ ကော့နပ်၊ ဇာသပြင်)၏ ပျက်စီးနေသောလမ်းပိုင်း   ၃ မိုင် ၂ ဖာလုံအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၁၄ ပေ အကျယ် ကတ္တရာလမ်းအသစ်ခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က မြေပြင်ကွင်းဆင်းစိစစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိမှု အပေါ်မူတည်၍  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်ဝိုင်မြို့အတွက် စိမ့်စမ်းရေသွယ်တန်းစနစ်ဖြင့် လုံလောက်သည့် သောက်သုံးရေရရှိရေး မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဥ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသ၏တင်ပြချက်အပေါ်စိစစ်၍ ဦးစားပေးအဆင့်သတ်မှတ်ချက်နှင့်အတူ ရန်ပုံငွေ တင်ပြလာပါက အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မှတ်တမ်းတင်ထားရှိ မည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်အရ ထည့်သွင်း လျာထားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီ မြို့နယ်ရှိ ဒါရ်လင်းကျေးရွာမှ လုံကြွေးကျေးရွာအထိ (၉)မိုင်နှင့် လုံကြွေးကျေးရွာမှ အိန္ဒိယနယ်စပ်အထိ (၁)မိုင်၊ စုစုပေါင်း(၁၀)မိုင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က  ဒေသခံပြည်သူလူထုအနေဖြင့် စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများအား မော်တော်ယာဉ်များဖြင့် သယ်ယူ ပို့ဆောင်အသုံးပြုနိုင်သည့်လမ်းဖြစ်ခြင်းကြောင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ ထည့်သွင်းလျာထားဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးဝင်းကြိုင် (အတွင်းရေးမှူး၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ)က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာ (၂/၂၀၁၈)ကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။

၄။ အစည်းအဝေးကို ၁၀၅၀ နာရီ အချိန်တွင် ရပ်နားပြီး (၂၄)ရက်မြောက်နေ့ အစည်းအဝေးကို ၁၃-၃-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်