Share this

(၂၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၇.၃.၂၀၁၉)

Thursday, March 7, 2019 - 12:51
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၂၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၂ ရက်

( ၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက် )

[ကြာသပတေးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၇  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

( က )ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးယူခြင်းခံရသော ကျွဲ၊ နွားများ ပြန်လည်ရယူနိုင်ရေးနှင့် ပါဝင်ပတ်သက်သော သူခိုး၊ ဓားပြများ ဖမ်းဆီးရေးအတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းပြီး အရေးယူ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် တပ်မတော်(ရေ)၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့တို့မှ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော် နယ်နိမိတ် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးယူခြင်းခံရသော ကျွဲ၊ နွားများ ပြန်လည်ရရှိရေး နှင့် သူခိုး၊ ဓားပြများ ဖမ်းဆီးနိုင်ရေးတို့အတွက် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးမှ လည်းကောင်း၊ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးတွင် လည်းကောင်း နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဒေါက်တာခင်မကြီး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်းမြို့မ ရဲစခန်းဝင်းအတွင်းရှိ ယိုယွင်းပျက်စီးနေသော ဝန်ထမ်းအိမ်ရာများကို အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ၆ ခန်းတွဲ ၂ ထပ် ၁ လုံးနှင့် လူပျိုဆောင် ၁ ဆောင်တို့အား ဆောက်လုပ်နိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(မူလ)အသုံးစရိတ်တွင် ထည့်သွင်း လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

      (ဂ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မ(မြေနီကုန်း)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ပင်မရုံးခန်း (၄၀x၃၀)ပေရှိ အဆောက်အအုံနှင့် (၆)ခန်းတွဲ ဝန်ထမ်းအိမ်ရာများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ ဘတ်ဂျက်တွင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဥ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဦးစီးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ရန် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင် ဘတ်ဂျက် ရရှိရေးတင်ပြတောင်းခံထားပြီး ခွင့်ပြုရရှိမှုအပေါ်မူတည်၍  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားသည်။

(ဃ)ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အပါအဝင် မွန်ပြည်နယ်ရှိ ရော်ဘာလုပ်ငန်းများနှင့် စျေးကွက် ပြန်လည်ကောင်းမွန် ဦးမော့လာစေရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဥ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က လိုအပ်သည့်နည်းပညာများ၊ တိုးချဲ့ပညာပေး လုပ်ငန်းများ ပံ့ပိုးပေးမှုများနှင့်အတူ ဆက်စပ်ဌာနများ၊ ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် ပါဝင်နေသည့်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ ဟန်ချက်ညီညီ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုဖြင့် မြန်မာ့ရော်ဘာကဏ္ဍ ပြန်လည်တိုးတက် ဦးမော့လာစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ လင်ဇင်းဆည် ရေဝင်ပေါက်ဧရိယာပြင်နှင့် ရေဝင်ပေါက်အောက်ဖက် ဧရိယာအတွင်းရှိ သဲနုန်း၊ ကိုင်းတောများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဉ်ဘဏ္ဍာငွေခွဲဝေချထားပေးလျက် ဖယ်ရှားရှင်းလင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  မြေပြင်တိုင်းတာမှုများဆောင်ရွက်ပြီး ခန့်မှန်းကုန်ကျငွေ တွက်ချက်ကာ လိုအပ်သောရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ပြည်ထောင်စုသာမန်ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်တွင် နှစ်အလိုက် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်း ဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးသည်။

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အဆို ဆွေးနွေးခြင်း

၅။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်း လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာ အချက်အလက်များရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလ အခြေခံလိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသောမြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာ အားလုံးကို ပြုစုမှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကူအညီများရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦး က ဆွေးနွေးသည်။

၆။ အစည်းအဝေးကို ၁၁၂၄ နာရီ အချိန်တွင် ရပ်နားပြီး (၂၃)ရက်မြောက်နေ့အစည်းအဝေးကို ၁၁-၃-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်