Share this

(၂၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၆.၃.၂၀၁၉)

Wednesday, March 6, 2019 - 13:46
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၂၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၁ ရက်

( ၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက် )

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၆  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

( က )ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာ့စပါးများကို နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့တရားမဝင်တင်ပို့ နေကြခြင်းများအား ထိရောက်စွာတားဆီးထိန်းချုပ်နိုင်ရန် မည်ကဲ့သို့စီမံဆောင်ရွက် မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြည်ပသို့တရားမဝင်တင်ပို့ရောင်းချမှု များမရှိစေရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းကုန်စစ်ဆေးရေးစခန်းတို့ အားဖွင့်လှစ်၍ တားဆီးထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်ချင်း ထိစပ်လျက်ရှိသောဒေသများတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို တားဆီးအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အနောက်ကျေးရွာအုပ်စုအတွင်း၌ တည်ရှိသော ဗောဓိအခြေခံပညာအထက်တန်း ကျောင်း၏ အန္တရာယ်ရှိသော နှစ်ထပ်ကျောင်းဆောင်အား လာမည့်ဘဏ္ဍာရေးနှစ် တွင် (၁၅၀' x ၃၀') RC (၂)ထပ် ကျောင်းဆောင်သစ်တစ်ဆောင် ဦးစားပေးအဖြစ် သတ်မှတ်ပြီး ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေခေါင်းစဉ်အောက်မှ ခွဲဝေ ရရှိမှုအခြေအနေအပေါ်မူတည်လျက် ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး ထည့်သွင်းလျာထားနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဂ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ၂၀၁၇ -၂၀၁၈ ပညာသင်နှစ် အခြေခံပညာအထက်တန်းအောင် ကျောင်းသား/ကျောင်းသူများအား တက္ကသိုလ်ပညာသင်ကြားခွင့်ရွေးချယ်ရာတွင် အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့၏ ရွေးချယ်မှုနှင့် သီးခြား တိုက်ရိုက်လျှောက်ထားခွင့်ပြုသော တက္ကသိုလ်(၁၁)ခုစီမှ သီးခြားရွေးချယ်မှုစနစ် (၂)ခုအရ ကျောင်းသား/ကျောင်းသူများ နစ်နာမှုရှိခဲ့ပါသဖြင့် ထိုရွေးချယ်မှုစနစ်ကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုစနစ်ကို ပြန်လည်သုံးသပ်ဆွေးနွေးဆုံးဖြတ်ကြရန် အချိန်ယူပြင်ဆင်ညှိနှိုင်း စီစဉ်ထားရှိပြီး စကားဝိုင်းဆွေးနွေးပွဲ၊ သတင်းစာ၊ မီဒီယာများ၊ Website တို့မှ တစ်ဆင့် ကျောင်းသား၊ကျောင်းသူများ၊ မိဘများ၊ အုပ်ထိန်းသူများ၊ ပြည်သူများ သိရှိနိုင်ရန် တာဝန်ယူ၍ အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဒုံးပုလဲအော် အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် ၂၀၁၉ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သတ်မှတ်မူ နှင့်ကိုက်ညီမှုရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် သတ်မှတ်မူများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ပညာရေးစုံညီ ပွဲတော်များတွင် ဆုချီးမြှင့်ရန် ထုတ်ပေးသောငွေများကို ကျောင်းထောက်ပံ့ကြေး ငွေများသုံးစွဲရန် အသေးစိတ်ညွှန်ကြားသကဲ့သို့ မည်သည့်ဆုများကို မည်ကဲ့သို့ ရွေးချယ်ပြီးပေးရမည်ဟု ညွှန်ကြားချက် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က  ဉာဏစွမ်းရည်ဆု၊ ကာယစွမ်းရည်ဆုများကို ရွေးချယ်ရာတွင်  ကျောင်းအဆင့်အတွက် ကျောင်းအလိုက် မိဘဆရာအသင်း အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လည်းကောင်း၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်အတွက် စိစစ် ရွေးချယ်ရေးကော်မတီဖြင့်လည်းကောင်း စိစစ်ရွေးချယ်ဆောင်ရွက်ပေးလျက်ရှိပြီး ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်နိုင်ရန်နှင့် ဆုများချီးမြှင့်နိုင်ရန်အတွက် ရန်ပုံငွေ ခွဲဝေမှုအဖြစ် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်းလျှင် ကျပ်(၅)သိန်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁)ကျောင်းလျှင် ကျပ်(၃)သိန်း၊ အခြေခံပညာ မူလတန်းကျောင်း (၁)ကျောင်းလျှင် ကျပ်(၁.၅)သိန်းတို့အား နှစ်စဉ်ခွဲဝေပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်း၊ အဆို တင်သွင်းခြင်းနှင့် ဆုံးဖြတ်ခြင်း

၃။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ နန်းနီနီအေး (ဥပဒေကြမ်းကော်မတီဝင်)က နယ်နိမိတ် တိုင်းတာပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ယင်းဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၄။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက အဆို တင်သွင်းရာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌ က ကြေညာသည်။

အဆို ဆွေးနွေးခြင်း

၅။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်း လွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာအချက်အလက်များရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန်လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလ အခြေခံလိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစုမှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကူအညီများရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ် ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း  အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦး က ဆွေးနွေးသည်။

အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း

၆။ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ၁၉၉၃ ခုနှစ်၊ ကလေးသူငယ် ဥပဒေအား ဥပဒေပြုပြီးနောက် စိစစ်ခြင်းအစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ လွှတ်တော် က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

၇။ အစည်းအဝေးကို ၁၂၂၈ နာရီ အချိန်တွင် ရပ်နားပြီး (၂၂)ရက်မြောက်နေ့ အစည်းအဝေးကို ၇-၃-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်