Share this

(၂၀)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၄.၃.၂၀၁၉)

Monday, March 4, 2019 - 13:05
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၂၀)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်

( ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက် )

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ် ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

( က )ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကွင်းအမှတ်(၂၈၈/က)ရှိ လယ်ယာမြေ ဧက(၂၀၀)ကျော်အား ယခင် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ကြွေထည်၊ မြေထည် စီမံကိန်းအတွက်သိမ်းယူခဲ့ပြီး စီမံကိန်းပျက်ပြယ်ပြီးနောက် မူလပိုင်ရှင် တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းမပြုဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်လေးဦးထံ လွှဲအပ်ရောင်းချခြင်း၊ မြေငှားဂရန်ချထားပေးခြင်းဖြင့် မမှန်မကန်ဆောင်ရွက်ခဲ့ခြင်းအား ပြန်လည်စိစစ်၍ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်စိုက်ပျိုးခွင့်ပြုနိုင်ရေး ကိုင်တွယ်ဖြေရှင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ဌာနပိုင်မြေအမည်ပေါက်ဖြစ်သော ယခင်အုတ်စက်ရုံအမှတ်(၃)မြေကို “နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ဖြင့် အပြီးအပြတ်လွှဲပြောင်းရောင်းချခဲ့ပြီးဖြစ်သောကြောင့် စက်မှုဝန်ကြီးဌာနနှင့် လုံးဝသက်ဆိုင်ခြင်းမရှိတော့သဖြင့် ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခြင်းမရှိကြောင်း” ရှင်းလင်းဖြေကြားသည်။

( ခ )ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ (ချည်မျှင်)ရွာသစ်ကြီး အခြေခံပညာအလယ်တန်း ကျောင်းအား စက်မှုဝန်ကြီးဌာနအောက်မှ ပညာရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က အခြေခံပညာအလယ်တန်းကျောင်း (ချည်မျှင်)၏ ကျောင်းအဆောက်အအုံများကို ပညာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

      (ဂ) ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ပင်လယ်ရေသယံဇာတ ငါးများပေါက်ဖွားရာ ဒီရေတောသစ်ပင်များကို ဧကထောင်ချီခုတ်လှဲ၍ အပြောင်ရှင်းစနစ်ဖြင့် ပုစွန် မွေးမြူရေးစီမံကိန်းကြီးများ တိုးချဲ့လုပ်ကိုင်နေခြင်းအပေါ် မည်ကဲ့သို့ခွင့်ပြုထား သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် အဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် က ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်နှင့် Khine Zin Yaw Trading Co.,Ltd တို့မှ ပုစွန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် လျှောက်ထားမှုအပေါ်တွင် မြေယာလုပ်ကိုင်ခွင့် ခွင့်ပြုထားမှုမရှိသေးကြောင်း၊ သက်ဆိုင်ရာငါးလုပ်ငန်းဦးစီး ဌာနတွင်လည်း ပုစွန်မွေးမြူရေး(ယာယီ)လိုင်စင် လျှောက်ထားရယူမှုမရှိသေးသည်ကို စိစစ်တွေ့ရှိရကြောင်းနှင့် ယင်းလုပ်ငန်းများလုပ်ကိုင်နေပါက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဒေါက်တာစန်းမောင်မောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ မြို့နယ် တိုင်းရှိ စည်ပင်သာယာစျေးများတွင် ယခင်အခါများကထားရှိသော သမာဓိ ချိန်ခွင်နှင့် ခေတ်ပေါ်သမာဓိဒီဂျစ်တယ်ကတ္တားများထားရှိပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်း က စည်ပင်သာယာပိုင် စျေးကြီးများတွင် သမာဓိချိန်ခွင်နှင့် ခေတ်ပေါ်ဒီဂျစ်တယ်ကတ္တားများကိုထားရှိ၍ အလေးတင်းတောင်းပြည့်မီစေရန် ကြပ်မတ်လျက်ရှိကြောင်း၊ တချို့စည်ပင်သာယာ စျေးငယ်များတွင် လူဦးရေနည်းပါးပြီး ကုန်စည်ရောင်းဝယ်မှုနည်းပါးသဖြင့် သမာဓိ ချိန်ခွင်နှင့်အလေးအချိန်အတွယ်ကိုသာထားရှိကြောင်း၊ ခေတ်မီဒီဂျစ်တယ်ကတ္တားများ ထားရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အခါအားလျော်စွာ အလေးချိန်ခွင်များကို ဝင်ရောက်စစ်ဆေးပြီး မမှန်ကန်သောအလေးချိန်ခွင်များ အသုံးပြုမှုအတွက် သတိပေးခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ဒဏ်ငွေများတပ်ရိုက်ခြင်းတို့ကို ပြဋ္ဌာန်းထားသော စည်ပင်သာယာရေးကော်မတီ စည်းကမ်း၊ ဥပဒေတို့နှင့်အညီ  ပြုလုပ်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်တို့မှ ဖြေကြားချက်များကို စုစည်း ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။

(င)ဦးကျော်မြင့်ဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ နေပြည်တော် ကောင်စီ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်ထဲရေးအမည်မပေါက်သည့် ကျေးရွာ များအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာများအဖြစ်ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်း က  သစ်ကြိမ်းကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာနှင့် ပေါက်မြိုင်ကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာများ၏ မြေနေရာသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း အမျိုးအစားတွင်တည်ရှိသဖြင့် မြို့မြေ၊ ရွာမြေအဖြစ် ပြောင်းလဲအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ပြီးမှသာ  ပြည်ထဲရေးအမည်ပေါက်ကျေးရွာများအဖြစ် သတ်မှတ်ပေးနိုင်ကြောင်း၊ ခွင့်ပြုမိန့်ရရှိပါက ပြည်ထဲရေးအမည်ပေါက်ကျေးရွာများ အဖြစ်လျှောက်ထားခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

  ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော တံတားကြီးများ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်   ကိုယ်စားလှယ်(၃)ဦး က ဆွေးနွေးသည်။

အဆို ဆွေးနွေးခြင်း

၄။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်း လွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာအချက်အလက်များရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန်လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလ အခြေခံလိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသောမြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစုမှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပပညာရှင်များ၏ အကူအညီများရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း  အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၄)ဦး က ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၁၃၉ နာရီ အချိန်တွင် ရပ်နားပြီး (၂၁)ရက်မြောက်နေ့ အစည်းအဝေးကို ၆-၃-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်