Share this

၁၉ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၈.၉.၂၀၁၈)

Tuesday, September 18, 2018 - 15:35
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

(၁၉)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၉ ရက်

( ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် )

[အင်္ဂါနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကော်မတီများတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများ အစားထိုးပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အတည်ပြုချက်ရယူခြင်း

၂။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် ကော်မတီများတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက်ရယူသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)  ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ရိုးမရှိ နေပူတောင် ကျောက်ထုတ်လုပ်မှုစီမံကိန်းကို ရပ်ဆိုင်းထားပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်း စီမံကိန်းအဖြစ် အစားထိုးပြောင်းလဲလုပ်ကိုင်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့်သာ သဘာဝအခြေခံခရီးသွားလုပ်ငန်းဒေသ သတ်မှတ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် ပြည်နယ်အစိုးရအနေဖြင့် စာချုပ်ပယ်ဖျက်ပြီးနောက်ပိုင်း အဆိုပါနေပူတောင် ဒေသအား သဘာဝအခြေခံခရီးသွားစခန်းတစ်ခုအဖြစ် တိုးမြှင့်သတ်မှတ်မည်ဆိုပါက ဒေသတွင်းခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

( ခ ) ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ဂေါဒန်ကျောက် ထုတ်လုပ်နေသည့် ကုမ္ပဏီများမှ ဥပဒေ နှင့် စာချုပ်ပါ စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ၊ အခွန်အခများ ပေးသွင်းခြင်း ရှိ/မရှိ၊ လူမှုရေးအရ တာဝန်ယူမှု ရှိ/မရှိ နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေမှုများအား မည်သို့တားဆီးကာကွယ်ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က နှစ်ဦးနှစ်ဖက် ချုပ်ဆိုထားသော စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေနှင့် သတ္တုတွင်း ပိတ်သိမ်းခြင်းဆောင်ရွက်ရန် ရန်ပုံငွေတို့ကို ဘဏ်စာရင်းဖွင့်လှစ်ပြီး ထည့်ဝင်ထူထောင်သွားရေး ကုမ္ပဏီများက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ပုံငွေ ဘဏ်စာရင်းဖွင့်လှစ်ရာတွင် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် သက်ဆိုင်ရာကုမ္ပဏီတို့ Joint Account ဖွင့်လှစ်ထားရှိပြီး ရန်ပုံငွေဘဏ်စာရင်းများတွင် ထည့်ဝင်မှုများအား ကုမ္ပဏီများက နှစ်စဉ်ဖြည့်သွင်း စုဆောင်းသွားရမည်ဖြစ်ကြောင်း၊ စုဆောင်းငွေစာရင်းခေါင်းစဉ်အလိုက် အသုံးပြုရန်ကိစ္စ ပေါ်ပေါက်ပါက အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ အသေးစိတ်တွက်ချက်မှုများနှင့်အတူ တင်ပြ အတည်ပြုချက်ရယူကာ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် Joint Account ဖွင့်ထားသော ဘဏ်စာရင်းမှ ထုတ်ယူသုံးစွဲရန်ဖြစ်ကြောင်း ဘဏ်လက်ကျန်စာရင်း မလုံလောက်ပါက ထပ်မံဖြည့်သွင်းပြီးမှ ဆောင်ရွက်ရန်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

( ဂ )ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် နယ်စပ်ဖြစ်သော ကားရော် လောင်ကိုင်နှင့် ကားရော်ဂျဲထောက်ကြား(ဂျဲထားချောင်း) ပေ၂၀၀ နှင့် ကားရော် လောင်ကိုင်နှင့် ထန်ခေါ်နောက်ကုန်းကြား(စိုးညိုချောင်း) ပေ ၁၀၀ တို့ကို သံကြိုးတံတား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်သန်းထွဋ် က တံတားတည်ဆောက်မည့် လမ်းကြောင်းသည် ကားလမ်းဖောက်လုပ်ထားခြင်း မရှိသေးသဖြင့် ကားလမ်း ဖောက်လုပ်ပြီးမှသာ အဆိုပါတံတား(၂)စင်း တည်ဆောက်ရေးလုပ်ငန်းကို စဉ်းစားသင့်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်ကြားချက်အရ ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ငါးဈေးကွက်တစ်ခု အမြန်ပေါ်ပေါက်စေရန် ပြည်ပမှ ရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံသို့ အထိုက်အလျောက် ပြန်လည် ခေါ်ယူနိုင်ရန်၊ ရေလုပ်ငန်းတွင် နိုင်ငံတော်ဘတ်ဂျက်များ တိတိကျကျ မှန်မှန်ကန်ကန် ရရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း(၂၀)ထပ်တိုး ရင်းနှီးမြှုပ်နှံမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဥပဒေနှင့်အညီ အမြန်ဆုံး ရင်းနှီးမြှုပ်နှံခွင့်ရအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်  က ဖက်စပ်ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ သန်း(၂၀) မြှုပ်နှံရန် အကြံပြုချက်သည် ပြည်ပမှချေးငွေအဖြစ်ရယူပြီး ပြည်တွင်းရှိ မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ပြည်တွင်းချေးငွေများကို ဦးစွာပေးဆပ်၍ ကျန်ရှိငွေဖြင့် လက်ရှိငါးလေလံစျေးအတွက် လိုအပ်ချက်များ ပြန်လည်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း စိစစ်ရရှိပြီး ယခုချေးယူမည့် အမေရိကန်ဒေါ်လာသန်း(၂၀)တွင် ပါတီအေ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပါဝင်မှုအချိုး(၃၀)% ဆက်လက်ပါဝင်နေမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်စိစစ်ရန် အကြံပြုချက်အရလည်းကောင်း၊ မူလစာချုပ်၏ ရှယ်ယာလွှဲပြောင်းခြင်းအခန်းတွင် ပါတီအေ မှ ရှယ်ယာလွွှဲပြောင်းပေးအပ်ရန် ဖော်ပြထားမှုမရှိခြင်းနှင့် ဖက်စပ်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ခဲ့သည့် ကာလအတွင်း အရှုံးဖြစ်ပေါ်ခဲ့ခြင်းများကြောင့် ချိန်ဆစိစစ်ရန်လိုအပ်လာပြီး နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ပွင့်လင်းလာစေရန်လည်းကောင်း၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ တောင်းဆိုမှုများ၊ အခွင့်အလမ်းများအတွက်လည်းကောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ငါးလေလံစျေး (Fish Auction Market)ပေါ်ထွန်းလာစေရန်၊ စီးပွားရေးရာကော်မတီ၏ ဆုံးဖြတ်ထားရှိချက်နှင့်အညီ ခုံသမာဓိ၏ အဆုံးအဖြတ်ရယူပြီးနောက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်စီမံ ဆောင်ရွက်သွားနိုင်ရန် စီးပွားရေးရာကော်မတီသို့ ထပ်မံတင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ရွှေပြည်ရွာဟောင်း၊ သာစည်ကျေးရွာအုပ်စု၊ မျောက်တောင်ကျေးရွာအုပ်စု၊ မာလာကျေးရွာအုပ်စုတို့ကို မဟာဓာတ်အားလိုင်း၏ (11 KVA)ဓာတ်အားလိုင်းမှတစ်ဆင့် (400)ဗို့အားလိုင်းများသွယ်တန်းပြီး (၂၄)နာရီ လျှပ်စစ်မီးရရှိရေး အတွက်၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင် က သာစည်ကျေးရွာနှင့် မျောက်တောင်ကျေးရွာ ဓာတ်အားရရှိရေးအတွက် လိုအပ်သည့် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ပြည်နယ်အစိုးရရန်ပုံငွေတွင်လည်းကောင်း၊ ရွှေပြည်ရွာဟောင်းကျေးရွာ ဓာတ်အားရရှိရေးအတွက် လိုအပ်သည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက်ခြင်းလုပ်ငန်းအား  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေတွင်လည်းကောင်း၊  မာလာကျေးရွာအုပ်စုရှိ ကျေးရွာများ ဓာတ်အားရရှိရေးအတွက် လိုအပ်သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး တင်းမကျေးရွာတွင် (66/11)KVA , (5)MVA ဓာတ်အား ခွဲရုံတည်ဆောက်ပြီးပါက  မာလာကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် (11)KV ဓာတ်အားလိုင်းနှင့် (11/0.4)KV ထရန်စဖော်မာများ ထပ်မံလိုအပ်မည်ဖြစ်ပြီး (66/11)KVA , (5)MVA ဓာတ်အားခွဲရုံ တည်ဆောက်ပြီးသည့်အချိန်ကာလတွင် လိုအပ်သောဓာတ်အားလိုင်းနှင့် ခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( စ )ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ထင်းရှူးကုန်း၊ ကံလှကုန်း၊ တပ်ကြီး၊ တောင်ရွှေပုထိုး၊ အင်လုံ၊ နောင်တခေါ၊ တံတားကြီး ကျေးရွာများနှင့် သိမ်ကုန်းကျေးရွာအုပ်စု၊ ညောင်ကောက်ကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာအုပ်စု၊ အင်းငယ်ကျေးရွာအုပ်စုတို့အား လျှပ်စစ်မီးရရှိနိုင်ရေးနှင့် မည်သည့်အချိန်တွင်ရရှိမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ထင်းရှူးကုန်းကျေးရွာ ဓာတ်အားရရှိရေးအတွက် လိုအပ်သည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ(၁)လုံးအား အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)၏ ပထမအဆင့်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်၍လည်းကောင်း၊ တပ်ကြီး၊ တောင်ရွှေပုထိုး၊ အင်လုံ၊ နောင်တခေါ၊ တံတားကြီး ၊ ညောင်ကောက်၊ သရက်ကုန်း၊ ဖနံ၊ ပန်းအိုးကွဲ၊  ညောင်ဝန်း၊ ပိန္နဲကုန်းနှင့်  ကုန်းစောင်းကျေးရွာ စုစုပေါင်း (၁၂)ရွာ  ဓာတ်အားရရှိရေးအတွက် လိုအပ်သည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက်၍ (NEP)၏ ဒုတိယအဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လျာထားပြီးဖြစ်ကြောင်း၊ သိမ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ သိမ်ကုန်းကျေးရွာ၊ ပင်စိမ်းပင်ကျေးရွာ၊ အုံအက်ကျေးရွာ စုစုပေါင်း(၃)ရွာ   ဓာတ်အားရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဇွန်လတွင် စတင်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားပြီး အင်းငယ်ကျေးရွာအုပ်စု၊ အင်းငယ်ကျေးရွာတွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လိုအပ်သည့် (11)KV လိုင်း၊ (11/0.4)KV (100)KVA ထရန်စဖော်မာ(၄)လုံးနှင့် (200) KVA ထရန်စဖော်မာ(၁)လုံး တည်ဆောက်ခြင်းလုပ်ငန်းများအား  ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလမှ စက်တင်ဘာလ အထိ)တွင် ထည့်သွင်းလျာထားတောင်းခံထားကြောင်း၊  ပန်းစစ်ကျေးရွာအုပ်စုရှိ ကံလှကုန်းကျေးရွာ၊ အင်းငယ်ကျေးရွာအုပ်စုရှိ ရွှေပုထိုး(မြောက်)ကျေးရွာ၊ ပြင်သာကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာနှင့် ညောင်ဝန်းကျေးရွာအုပ်စုရှိ ခံတောင်ကျေးရွာ စုစုပေါင်း (၅)ရွာအတွက် လိုအပ်သည့် (11)KV လိုင်းနှင့်  (11/0.4)KV ထရန် စဖော်မာများ တည်ဆောက်ခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ထည့်သွင်းလျာထား တင်ပြတောင်းခံထားပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်းတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း  ကြေညာသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၅။ ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) (ဥပဒေကြမ်းကော်မတီဝင်) က တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း  ကြေညာသည်။

အဆိုများ၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဆွေးနွေးခြင်း အဆိုတင်သွင်းခြင်းနှင့် အတည်ပြုခြင်း

၆။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ဆွေးနွေးပြီး ကော်မတီဥက္ကဋ္ဌ  ဦးသိမ်းဆွေ က အဆိုပါအစီရင်ခံစာအား သဘောတူလက်ခံရန် အဆိုတင်သွင်းရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။ 

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားပြီး ဒုတိယအကြိမ် အမျိုးသား လွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

         အမျိုးသားလွှတ်တော်