Share this

(၁၉)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁.၃.၂၀၁၉)

Friday, March 1, 2019 - 12:41
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၉)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်

( ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက် )

[သောကြာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကော်မတီ အမည်၊ တာဝန်၊ လုပ်ပိုင်ခွင့် ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်း၊ ရှင်းလင်းတင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၂။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီအစား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဟု ကော်မတီ၏ အမည်၊ တာဝန်၊ လုပ်ပိုင်ခွင့် ပြင်ဆင်သတ်မှတ်ခြင်းကို လွှတ်တော်သို့တင်ပြကာ ပြင်ဆင်သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး က  ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော်က အတည်ပြုသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုချက်ရယူခြင်း

၃။ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းထွန်းအောင် (ဥပဒေကြမ်းကော်မတီဝင်) က မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၄။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြဟန် က မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆိုဆွေးနွေးခြင်း၊ ပြန်လည်ဖြေရှင်းဆွေးနွေးနှင့် အဆုံးအဖြတ် ရယူခြင်း

၅။ ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ၂၀၁၆ ခုနှစ်၊ အမျိုးသားမြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးတို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော အမျိုးသား မြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမူဝါဒကို ပြန်လည် သုံးသပ်၍ မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည် စီမံကိန်းမျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦး က ဆွေးနွေးပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ပြန်လည်ဖြေရှင်းဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

တင်ပြခြင်း

၆။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသော ရေးရာကော်မတီ(၁၃)ခု၏ သက်တမ်းတိုးမြှင့်ခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြသည်။

၇။ အစည်းအဝေးကို ၁၁၄၄ နာရီ အချိန်တွင် ရပ်နားပြီး (၂၀)ရက်မြောက်နေ့ အစည်းအဝေးကို ၄-၃-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်