Share this

၁၈ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၇.၉.၂၀၁၈)

Monday, September 17, 2018 - 13:44
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

(၁၈)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၈ ရက်

( ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် )

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)  ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏      ဆေးတက္ကသိုလ်ဝင်ခွင့်ကို ယောက်ျား၊ မိန်းမ ခွဲခြားလျက် ၅၀% စီ သတ်မှတ်ထားခြင်းကို ပယ်ဖျက်၍ ရရှိသောအမှတ်အလိုက် အစဉ်အတိုင်းဝင်ခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေး၊ အရည်အချင်းနှင့် ကြိုးစားအားထုတ်မှုအပေါ် မူတည်၍သာ ရွေးချယ်တက်ရောက်ခွင့်ပြုခြင်းဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ဆေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ရာ၌ ကျား/ မ အချိုးတူညီစွာဖြင့် သတ်မှတ်ထားခြင်းအား လတ်တလောတွင် ပြင်ဆင်ရန် အစီအစဉ်မရှိသေးကြောင်းနှင့် နောင်အခါ နိုင်ငံတော်၏ လိုအပ်ချက်အပေါ်မူတည်ပြီး ကျား/မ အချိုးကန့်သတ်ထားခြင်းကို ပြန်လည်စဉ်းစားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ ) ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ဘူးသီး တောင်မြို့နယ်၊ အရှေ့တောင်ဘက် စေတောင်ကျေးရွာအုပ်စု၊ စေတောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားကျန်းမာရေး စီမံကိန်းနှင့် ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ (ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)များသို့ လည်းကောင်းပေးပို့ပြီး သဘောထားမှတ်ချက်များတောင်းခံ၍ ပြန်ကြားချက် (ထောက်ခံချက်)ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရရှိပါ က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

( ဂ )ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရေဝန်းနှင့် ဒါးရယ်ကောင်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနတို့တွင် လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမြင့်ထွေး က မြေနေရာလုံလောက်မှုရှိပြီး ပုံစံ (၁၀၅) ပိုင်ဆိုင်ပြီး ဖြစ်ပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ်စီမံကိန်းများတွင် ရန်ပုံငွေရရှိရေးအတွက် ဦးစားပေးအစီအစဉ်ဖြင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

(ဃ) ဦးစောချစ်ဦး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ ပေါ်(၄)ရပ်ကွက်နှင့် ၎င်းမြို့နယ်အတွင်းရှိ  ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း မိုးရာသီ၌ တောင်ကျရေကြောင့် ရေနစ်မြုပ်မှုဒဏ်ကို ကာကွယ်ပေးရန် မည်သို့စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်းနှင့် မြို့နယ်အတွင်း ပျက်စီးသွားသော လမ်းတံတားများအား ပြန်လည်တည်ဆောက် ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း  က  လှိုင်းဘွဲ့မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော လှိုင်းဘွဲ့ချောင်း ရေတိုက်စား ကမ်းပြိုမှုကြောင့် ချောင်းဘေးရှိကျေးရွာများ ရေကြီးရေလျှံ ရေဘေးသင့်မှု ကင်းဝေးစေရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရှည်အစီအမံများအဖြစ် ချောင်း၏လိုအပ်သော အကျယ်နှင့်အနက် ရရှိစေရန်ဆောင်ရွက်ခြင်း၊ မြစ်ကွေးများ၏အပြင်ဘက်(Outer Bend)တွင် ကမ်းထိန်းတမံများ တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးရန်အတွက် အသေးစိတ် လေ့လာမှုလုပ်ငန်းများနှင့် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လူထုအကြံပြုဆွေးနွေးပွဲများပြုလုပ်၍ သဘောထားရယူကာ လိုအပ်သောအစီအမံများ ဖြည့်စွက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွါဟရန်ကျေးရွာနှင့် ဟားခါးမြို့နယ်၊ လေပီးကျေးရွာအကြား ကျေးရွာချင်း ဆက်လမ်း(၇)မိုင်ကို ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအကျယ် (၂၄)ပေလမ်းတာချဲ့ခြင်းနှင့် ရာသီမရွေးသွားလာနိုင် သောလမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားမည် ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၃။ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်းကော်မတီဝင်) က နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က  အတည်ပြုသည်။

၄။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၅။ ဒေါ်ကျိန်ငိုက်မန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာ့သတ္တုတွင်း နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က  အတည်ပြုသည်။

၆။ အစည်းအဝေးကို ၁၁၁၈ နာရီအချိန်တွင်ရပ်နားပြီး  (၁၉)ရက်မြောက်နေ့ အစည်းအဝေးကို ၁၈-၉-၂၀၁၈ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်