Share this

၁၈ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၂၀.၆.၂၀၁၈)

Wednesday, June 20, 2018 - 16:33
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

(၁၈)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ၈ ရက်

( ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက် )

[ဗုဒ္ဓဟူးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈)ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-

     (က)   ဦးစိုင်းဝမ်းလှိုင်းခမ်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရှမ်းပြည်နယ် မြောက် ပိုင်း၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ခေခမ်းကျေးရွာတွင် နေထိုင်သော ဒေသခံတောင်သူ(၄၆)ဦး၏ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ယာမြေများအားလုံး ဆုံးရှုံးသွားရပြီး ဒေသခံ ရွာသူရွာသားများ၏ဘဝ အတိဒုက္ခရောက်ရှိ နေကာ ပြန်လည်စိုက်ပျိုး လုပ်ကိုင်ရန်အတွက် မြေယာများပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မေးခွန်းပါမြေနေရာများသည် အမှတ်(၇၀၀၅) သံချပ် ကာ တိုက်ခိုက်ရေးတပ်ရင်း၏ တပ်ပိုင်မြေအတွင်းပါဝင်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၏ မြေပေးအမိန့်ရရှိပြီးဖြစ်ခြင်း၊ တပ်နယ်ဂေါက်ကွင်းမြေနှင့် သံချပ်ကာယာဉ်များမောင်းနှင့် လေ့ကျင့်ခြင်း၊ အမြောက်လေ့ကျင့်ပစ်ခတ်ခြင်း များ ဆောင်ရွက်လျက်ရှိသည့် မြေနေရာ များဖြစ်ခြင်းတို့ကြောင့် လုံခြုံရေးအရ စွန့်လွှတ်ပေးနိုင်ခြင်းမရှိကြောင်း ဖြေကြားသည်။

     (ခ)    ဒေါ်ထုမေ၊  ရခိုင်ပြည်နယ်  မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သိမ်းဆည်းခံလယ်ယာမြေများအတွက် ထိုက်သင့်သော လျော်ကြေးရရှိရေး၊ မြေလပ်၊ မြေလွတ်များအားစိစစ်ပြီး ပြည်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ် ရေးနှင့် အမ်းမြို့နယ်အတွင်း လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းထားမှု တို့ကို ပြည်သူများအား ရှင်းလင်း စွာဖြေရှင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အမ်းမြို့နယ် အတွင်း တပ်ရင်း/တပ်ဖွဲ့များ၏ အနည်းဆုံးမြေဧရိယာ ကိုသာ လုပ်ထုံးလုပ်နည်း များနှင့်အညီ သိမ်းဆည်းထားခြင်း၊ တပ်ဧရိယာပြင်ပ စိုက်ပျိုး/မွေးမြူရေး အတွက် သိမ်းဆည်းထားသောမြေဧရိယာများထဲမှ (၁၉၂၁.၉၂)ဧကအား ပြန်လည်စွန့်လွှတ် ပေးထားပြီးဖြစ်ခြင်း၊ ကျန်ရှိသောမြေများတွင် တပ်ရင်း/ တပ်ဖွဲ့များမှ လူအင်အား၊ ရင်းနှီးမတည်ငွေများစိုက်ထုတ်၍ ရာဘာ စိုက်ပျိုးခြင်း၊ ပုစွန်မွေးမြူခြင်းများ ဆောင်ရွက်လျက်ရှိပြီး အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကိုသာ လုပ်ပိုင်ခွင့် လျှောက်ထားရယူ ခဲ့ခြင်းများကြောင့် ပြန်လည်စွန့်လွှတ်ပေးခြင်းနှင့် လျော်ကြေးငွေများ ပေးချေနိုင်ခြင်းမရှိပါကြောင်း ဖြေကြားသည်။

(ဂ)    ဒေါက်တာကျော်ငွေ၊     မကွေးတိုင်းဒေသကြီး     မဲဆန္ဒနယ်အမှတ်(၁၀)၏ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင်ပါဝင်သော ဧရာဝတီမြစ်ကမ်း ဘေးမှ မြေတော်၊ နေရင်း၊ ဆင်တဲနှင့် နွယ်နီအုပ်စုရှိ ကျေးရွာများ ဧရာဝတီမြစ်ရေ တိုက်စားခံနေရ သဖြင့် ကိုယ်ထူကိုယ်ထရေကာတာများ တည်ဆောက်နေကြရာ နိုင်ငံတော်မှ ငွေအားနှင့် နည်းပညာပံ့ပိုးမှုတို့ အမြန်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး   ဦးသာဦး  က ရေတိုက်စား ကမ်းပြိုမှုမှကာကွယ်နိုင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၃၅၀)အား မကွေးတိုင်းဒေသကြီးအစိုးရ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ၌ ပထမ ဦးစားပေးအဖြစ်ထည့်သွင်းလျာထားပြီး ရန်ပုံ‌ငွေရရှိပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

(ဃ)   နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ဘတ်ဂျက် တောင်းခံမှုကို မည်သို့စီမံ ထိန်းကျောင်းထားကြောင်းနှင့် ယင်းအသက်မွေး ဝမ်းကျောင်း တက္ကသိုလ်များ၏ နိုင်ငံတကာအဆင့်မီရေး၊ နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရေးတို့အတွက် တာဝန် ရှိသည့်အဖွဲ့အစည်းများမှ မည်သို့ စီမံဆောင်ရွက်ထားကြောင်း သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး   ဦးဝင်းမော်ထွန်း  က ပညာရေးဝန်ကြီးဌာန အနေဖြင့် ဘတ်ဂျက်တောင်းခံမှုကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသော အရအသုံးခန့်မှန်းခြေ ငွေစာရင်းဘောင်အတွင်း သာမန်နှင့်ငွေလုံးငွေရင်း အသုံးစရိတ်များကိုစိစစ်တွက်ချက်ပြီး ပညာရေး ဝန်ကြီးဌာန၊ စီမံကိနန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနများသို့ အဆင့်ဆင့် တင်ပြပြီး အတည်ပြုချက်ရယူ ဆောင်ရွက်ပါကြောင်း၊ အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များ အပါအဝင် အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များအားလုံး  နိုင်ငံတကာအဆင့်မီရေး၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁)ပါ “အလေ့အကျင့်ကောင်း များကို မှတ်သားထားရန်နှင့် မိတ်ဖက်များထူထောင်ရန် နိုင်ငံခြားလေ့လာရေး ခရီးများ စေလွှတ်ခြင်း” ဆိုသောလုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိခြင်း၊အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အများစုသည်  ISO လက်မှတ်ရ တက္ကသိုလ်များဖြစ်လာစေရန် ဆောင်ရွက်လျက် ရှိခြင်း၊ သင်ကြားရေး ဆရာ၊ ဆရာမများအား  နိုင်ငံတကာအဆင့်နှင့် ရင်ဘောင် တန်းနိုင်ရေးဆောင်ရွက်ခြင်း၊ WHO, NGO တို့၏ထောက်ပံ့မှုဖြင့် နိုင်ငံတကာတက္ကသိုလ်များ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှပြုလုပ်သော ညီလာခံ များသို့ တက်ရောက်စေ၍ အသိပညာဖလှယ်နိုင်ရေး ဆောင်ရွက်လျက် ရှိခြင်း၊ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာသင်ကြားမှု၊ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရန်သင်တန်းများပေးခြင်း၊ မဟာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းများ နှင့်လေ့လာရေး၊ ဆွေးနွေးပွဲများစေလွှတ်ခြင်း၊ ကိုရီးယား အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီအထောက်အပံ့ဖြင့် တိရစ္ဆာန်ကု ဆေးရုံ အဆင့်မြှင့်တင်ခြင်း၊ တက္ကသိုလ် စာကြည့်တိုက်ကို (E-Library)အဖြစ်ဆောင်ရွက်ခြင်း၊ သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဗဟိုဌာနတို့နှင့်ပူးပေါင်း၍  သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊  နယူးဇီလန်နိုင်ငံဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်အရ  Massey  University နှင့်ပူပေါင်း၍ မွေးမြူရေးပညာ သင်တန်း၏ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများအဆင့်မြှင့်တင်ခြင်း၊ သြစတြေးလျနိုင်ငံ Queensland University နှင့်ပူပေါင်းပြီး နိုင်ငံတကာ ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)    ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ရန်ကုန်-မန္တလေး မြို့ကြီး များအပါအဝင် မြို့ကြီး(၆)မြို့တွင် ဖွင့်လှစ်ထားသည့် အားကစားနှင့် ကာယသိပ္ပံကျောင်းများတွင် အားကစားနှင့် ပတ်သက်သည့် ပညာရပ် များကို (၃)နှစ်တာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီးသည့် အားကစားနှင့် ကာယသိပ္ပံ ကျောင်းဆင်းများကို တစ်နိုင်ငံလုံးရှိ အခြေခံပညာ အလယ်တန်းကျောင်း များနှင့် အထက်တန်းကျောင်းများတွင် လိုအပ်လျက်ရှိသည့် ကာယဆရာများအဖြစ်ခန့်အပ်ပေးသွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး   ဦးဝင်းမော်ထွန်း  က အားကစားနှင့်ကာယသိပ္ပံ ကျောင်းဆင်းပြီး ဘွဲ့တစ် ခုခုရရှိပြီးပါက ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထား သည့်မူများနှင့်အညီ အလယ်တန်းပြ(ကာယ)များအဖြစ် ခေါ်ယူသည့်အချိန်လျှောက် ထားနိုင် ကြောင်း၊ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့မှ B.Sc(Sport)ဘွဲ့ရ မောင်မယ်များအား ဆရာအတတ်ပညာသင်တန်းပေး၍ ခန့်ထားနိုင်ရေးကို လုပ်ထုံး လုပ်နည်းနှင်အညီ ဆောင်ရွက်နိုင်ရေးစီစဉ်နေပြီးဖြစ်ကြောင်း၊ ပညာရေးဝန်ကြီး ဌာန၏ မူဝါဒ၊ စံသတ်မှတ်ချက်အရ အားကစားနှင့် ကာယသိပ္ပံ ကျောင်းဆင်းများအား အခြေခံပညာဦးစီးဌာနအောက်ရှိ  အခြေခံပညာအလယ်တန်းအဆင့်သင် ကျောင်းများနှင့် အခြေခံပညာ အထက်တန်းအဆင့်သင်ကျောင်းများတွင် ကာယဆရာ များအဖြစ် တိုက်ရိုက် ခန့်ထားပေးနိုင်ခြင်းမရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)    ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ (မန်း)သံပုရာကန် အခြေခံပညာ အထက် တန်းကျောင်း(ခွဲ)ကို ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး   ဦးဝင်းမော်ထွန်း  က သတ်မှတ်မူနှင့် ကိုက်ညီမှု မရှိသေးပါသဖြင့်  ၂၀၁၈-၂၀၁၉ပညာသင်နှစ်တွင် အဆင့်တိုးမြင့် ပေးနိုင်ခြင်းမရှိသေးကြောင်းနှင့် အဆိုပါကျောင်းသည် အခြေခံပညာ အထက် တန်းကျောင်း (ခွဲ)ဖြစ်သည့်အတွက် အထက်တန်းပညာရပ်များကိုလည်း သင်ယူခွင့်ရရှိနေသည့် အခြေအနေတွင်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့်  အတည်ပြုခြင်း

၃။               ဗိုလ်မှူးချုပ်တင့်လွင်၊ တပ်မတော်သားကိုယ်စားလှယ် (ဥပဒေကြမ်းကော်မတီဝင်) က  ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော စုပေါင်းပိုင် အဆောက် အအုံဆိုင်ရာနည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

အဆိုများ၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဆွေးနွေးခြင်း အဆို တင်သွင်းခြင်းနှင့် အတည်ပြုခြင်း

၄။      အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်း ခဲ့သည့်အဆိုများ၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးပါသည်။ အဆိုပါအစီရင်ခံစာအား ဦးသိမ်းဆွေ (ဥက္ကဋ္ဌ၊အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ)က သဘောတူလက်ခံရန် အဆိုတင်သွင်းရာ ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

၅။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

၆။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

                                                                                အမျိုးသားလွှတ်တော်