Share this

(၁၈)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၂၇.၂.၂၀၁၉)

Wednesday, February 27, 2019 - 14:01
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၈)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်

( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် )

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

( က )ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဦးသြဘာသလမ်းမပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံဖြစ်သော လှသီရိရုပ်ရှင်ရုံအဟောင်းအား ဖျက်သိမ်းပြီး အဆင့်မြင့် ရုပ်ရှင်ရုံအသစ်တစ်ခု တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က လတ်တလောအခြေအနေတွင် အဆင့်မြင့်ရုပ်ရှင်ရုံ အသစ်တစ်ရုံတည်ဆောက်ပေး နိုင်ခြင်းမရှိသေးကြောင်း၊ ဝယ်ယူသူအနေဖြင့် Digital အဆင့်မြင့်ရုပ်ရှင်ရုံပြန်လည် တည်ဆောက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဒေါက်တာခင်မကြီး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ယိုယွင်း ပျက်စီးပြီး အန္တရာယ်ရှိ အဆောက်အအုံဖြစ်သော ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ အဆောက်အအုံအား အသစ်ပြန်လည် ဆောက်လုပ်ပေးရန်နှင့် ရုံးဝင်း အတွင်းရှိ မြေကွက်လပ်တွင် ကလေးကစားကွင်းပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ရုံးအဆောက်အအုံများ ဦးစားပေးပြုပြင်တည်ဆောက်နေကြောင်း၊ ဝန်ထမ်းအိမ်ရာကို အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်မရှိဘဲ လိုအပ်သည့်ပြင်ဆင်မှုများကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေကန့်သတ်ချက်အရ ရုံးဝင်းအတွင်းရှိ မြေကွက်လပ်တွင် ကလေးကစားကွင်းတည်ဆောက်ပေးရန် လောလောဆယ်အစီအစဉ်မရှိသေးကြောင်းနှင့် စေတနာရှင်၊ အလှူရှင်များ ပေါ်ပေါက်လာချိန်မှသာ တည်ဆောက်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ ) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကရင်တိုင်းရင်းသားကျေးရွာများအတွက် လျှပ်စစ်မီးရရှိစေရေး ဦးစားပေးအစီအစဉ်ဖြင့် စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က တစ်မြို့နယ်လုံးနီးပါး လွှမ်းခြုံဓာတ်အား ပေးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် မဲလံကျေးရွာ၊ အစူးချောင်းကျေးရွာ၊ မိချောင်းအိုင်ကျေးရွာ၊ လေးကေကျေးရွာတို့၌ ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ထည့်သွင်းလျာထားတောင်းခံပြီး ဘဏ္ဍာငွေခွင့်ပြုချက်ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နတ်ကြီးချောင်ကျေးရွာအုပ်စု၊ အစူးချောင်း ကျေးရွာအုပ်စု၊ မဲပလီကျေးရွာအုပ်စု၊ မဲနသန်ကျေးရွာအုပ်စု၊ ကျခတ်ချောင်းကျေးရွာ အုပ်စု၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ လေးကေကျေးရွာအုပ်စု၊ ကြိုးဝိုင်းကျေးရွာအုပ်စုအတွင်းရှိ အချို့ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းလျာထားနိုင်ရေးညှိနှိုင်းပေးပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးလေယာဉ်ကွင်းကို အဆင့်မြှင့်တင်၍ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း အဖြစ် တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က လေယာဉ်ပြေးလမ်း၊ လေယာဉ်သွားလမ်း၊ လေဆိပ်အဆောက်အအုံတို့၏ စံချိန်စံညွှန်းအရ ရှိသင့်သည့်အကွာအဝေးများသည် အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်း အဖွဲ့ချုပ်(ICAO)က သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ရန် မြေဧရိယာလုံလောက်မှုမရှိခြင်း၊ လေယာဉ်ပြေးလမ်း အလျား တိုးချဲ့ပါက ပတ်ဝန်းကျင်ရှိအတားအဆီးအကန့်အသတ်များကြောင့် ATR -72-600 ကဲ့သို့ လေယာဉ်ငယ်များထက်ကြီးသော လေယာဉ်အလတ်၊ လေယာဉ်အကြီးများ ဆင်းတက်၍မရနိုင်ခြင်းတို့ကြောင့် အပြည်ပြည်ဆိုင်ရာလေယာဥ်ကွင်းအဖြစ်  တိုးချဲ့တည်ဆောက်၍မရနိုင်ကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံခြားက တိုက်ရိုက်ပျံသန်းသည့် စင်းလုံးငှားလေယာဉ်ငယ်များ ဆင်းတက်အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးနိုင်သော လေဆိပ်အဖြစ်သာ အဆင့်မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးစိုးဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ၁၉၈၂ ခုနှစ်ကပင် ရပ်နားထားခဲ့ သည့် ရခိုင်ပြည်နယ်၊ ဂွမြို့လေယာဉ်ကွင်းမှ လေယာဉ်ခရီးစဉ်များကို မည်သည့် အချိန်မှစတင်၍ ပျံသန်းပြေးဆွဲသွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က  လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းတက်အသုံးပြုနိုင်ရေးအတွက် နှစ်စဉ်ခွင့်ပြုရရှိသည့် ဘဏ္ဍာရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိသဖြင့် ဂွလေယာဥ်ကွင်း ကို အဆင့်မြှင့်တင်ရန် အစီအစဉ်မရှိသေးကြောင်း၊ အနာဂတ်ကာလ၌ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ ဂွမြို့နယ်၏ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် မူဝါဒအရ တိုးချဲ့တည်ဆောက်ရန် လိုအပ်လာသည့်အချိန်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် သို့မဟုတ် ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်သည့် PPP စနစ်ဖြင့် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊  လက်ရှိအချိန်တွင်  လေယာဉ်ကွင်းတိုးချဲ့တည်ဆောက်ရန်  လျာထား အစီအစဉ်မရှိပါသဖြင့် ဂွလေယာဉ်ကွင်းသို့ လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲရန် ပြန်လည်စတင်နိုင်မည့်အချိန်ကို ခန့်မှန်း၍မရသေးကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ ဥပဒေကြမ်း အတည်ပြုခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၃။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုး (အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)က မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၄။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆိုဆွေးနွေးခြင်း

၅။ ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ၂၀၁၆ ခုနှစ်၊ အမျိုးသား မြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးတို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦး က ဆွေးနွေးသည်။

၆။ အစည်းအဝေးကို ၁၂၄၂ နာရီ အချိန်တွင် ရပ်နားပြီး (၁၉)ရက်မြောက်နေ့ အစည်းအဝေးကို ၁-၃-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်