Share this

၁၇ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၂.၉.၂၀၁၈)

Wednesday, September 12, 2018 - 14:44
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

(၁၇)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၃ ရက်

( ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် )

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)  ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ပက်တန်းကျေးရွာအုပ်စု၊ ဘေကုန်းအုန်းခြံမှ ဦးသိန်းအေး အပါအဝင် အိမ်ထောင်စု(၅၅)စုတို့၏ မြေဧက ၁၄၀ နှင့် စပ်လျဉ်း၍ ယနေ့အထိ ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို တရားနည်းလမ်းကျစွာ ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ကွင်းဆင်းစစ်ဆေးချက်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့၏ သဘောထားမှတ်ချက်များအရ လက်ရှိလူနေထိုင်အသုံးပြုလျက်ရှိသော စားကျက်မြေဧရိယာ (၄၀)ဧက ကိုသာ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုတွဲဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

( ခ ) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ဧရာဝတီမြစ်ဝှမ်းတွင်ရှိသော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ ဆင်ပေါင်ဝဲမြို့များတွင် ဧရာဝတီမြစ်အတွင်းမှ ကျောက်များကို အတိုင်းအဆမရှိ စုပ်ယူထုတ်လုပ်နေခြင်းကို ထိန်းသိမ်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က မြစ်သဲ၊ ကျောက်များ ထုတ်လုပ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် လိုင်စင်စည်းကမ်းများအား တိကျစွာလိုက်နာရေး၊ မြစ်/ချောင်းကမ်းပါးများ ပြိုကျမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေး၊ တရားမဝင်ထုတ်လုပ်မှုများ မရှိစေရေး၊ သတ်မှတ်နေရာအတွင်းသာ လုပ်ငန်းများဆောင်ရွက်စေရေးတို့အတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လိုင်စင်စည်းကမ်း ဖောက်ဖျက်ခြင်းနှင့် လိုင်စင်မဲ့ထုတ်ယူခြင်းများအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

( ဂ ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ယခုအခါတွင် ရာဘ ခေါ် စိတ်ကြွမူးယစ်ဆေးပြားများကို မြန်မာနိုင်ငံ၏ နေရာဒေသအနှံ့အပြား၌ ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သော အခြေအနေ ဖြစ်အောင် ဖန်တီးလုပ်ဆောင်လာကြခြင်းများအား ထိရောက်စွာ တားဆီးနှိမ်နင်းရန်အတွက် စီမံဆောင်ရွက်မည့် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က မူးယစ်(အထူး)အဖွဲ့များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ နိုင်ငံအဝှမ်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီ၊ တိုင်ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရှမ်းတဲကြီးရပ်ကွက်၌ စာသင်ကျောင်း လုံးဝမရှိသောကြောင့် ကျောင်းတစ်ကျောင်း ပေါ်ထွန်းလာစေရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး က  ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းသစ် ဖွင့်လှစ်နိုင်ရန်အတွက် ကျောင်းမြေပိုင်ဆိုင်မှု(မြေရာဇဝင်)၊ မြေပိုင်ဆိုင်မှု အထောက်အထား (ပုံစံ၁၀၅)၊ မြေပုံ(၂)ပုံ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၏ အကြောင်းကြားစာ၊ ကျောင်းဆောင်၊ ပရိဘောဂများနှင့် သင်ကြားမည့် ဆရာ၊ဆရာမများအား ဖြည့်ဆည်းဆောင်ရွက်ထားမှုတို့ဖြင့် ဦးစွာ ကိုယ့်အားကိုယ်ကိုးကျောင်း ဖွင့်လှစ်ရန်လိုအပ်ကြောင်း၊ ထို့နောက် ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းမှ အခြေခံပညာမူလတန်းကျောင်း(ခွဲ) အဆင့်သို့လည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဆင့်မှ အခြေခံပညာမူလတန်း ကျောင်းအဆင့်သို့လည်းကောင်း၊ ကျောင်းသားအရေအတွက်ပေါ် မူတည်၍ မူ/လယ်/ထက်ကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်ရန်လည်းကောင်း သတ်မှတ်မူ ဘောင်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င ) နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင် ကျောင်းတွင်း အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကျောင်းတွင်းလုပ်ငန်းစဉ်များ၊ ပညာရပ်ဆိုင်ရာ သင်ကြားပေးသော ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၏ ရာထူးခန့်ခြင်း၊ ရာထူးတိုးခြင်းများကို မည်သည့်အစီအစဉ်ဖြင့် မည်သို့မည်ပုံ စီမံလုပ်ဆောင်နေကြောင်းနှင့် ရှေ့ဆက်လုပ်ဆောင်ရန် ရှိနေမှုများကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်များရှိသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများရှိ တက္ကသိုလ်များအနေဖြင့် သက်ဆိုင်ရာတက္ကသိုလ်များအလိုက် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ၏ ရာထူးခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်းများနှင့် ပြောင်းရွေ့ခြင်းများကို သတ်မှတ်မူများ (အရည်အချင်းသတ်မှတ်ချက်၊ လုပ်သက်၊ သုတေသန၊ စာမေးပွဲရမှတ်)အရ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်ပညာရေးအဖွဲ့၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းပြီး စီမံခန့်ခွဲရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များကို ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ယခင်ထက်ပိုမို ပူးပေါင်းဆောင်ရွက်လာကြပြီး လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲမှုစနစ်တို့ကို ကျင့်သုံးနိုင်ရန် တက္ကသိုလ်ကောင်စီဖွဲ့စည်းခြင်း၊ ကျောင်းတွင်းလုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းနှင့် ကျောင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း စသည်တို့ကို သက်ဆိုင်ရာ တက္ကသိုလ်ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ  ဆက်လက်မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်း - ရိဒ်လမ်းကို ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လမ်းခင်းခြင်း၊ သံကူကွန်ကရစ် တံတား(၁)စင်း တည်ဆောက်ခြင်းနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေ၊ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေတို့ကို ထည့်သွင်းလျာထား တောင်းခံထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကျန်ရှိသောလမ်းပိုင်းများ ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် နှစ်အလိုက် ရန်ပုံငွေများ တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်းတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း  ကြေညာသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၄။ ဗိုလ်မှူးချုပ်တင့်လွင်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (ဥပဒေကြမ်း ကော်မတီဝင်) က တံတားကြီးများ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။

၅။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က တံတားကြီးများ ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။

အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၆။ အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။

၇။ အစည်းအဝေးကို ၁၂၅၇ နာရီအချိန်တွင်ရပ်နားပြီး  (၁၈)ရက်မြောက်နေ့ အစည်းအဝေးကို ၁၇-၉-၂၀၁၈ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်