Share this

(၁၇)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၂၅.၂.၂၀၁၉)

Monday, February 25, 2019 - 14:06
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၇)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်

( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် )

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် - 

( က )ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာနိုင်ငံ လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်ဖြစ်သော ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသော စက်တင်ဘာလ (၉)ရက်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် သို့မဟုတ် ရခိုင်ပြည်နယ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး က လက်ရှိ အခြေအနေအရ နိုင်ငံတော် က ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ထိခိုက်မှုမရှိစေရေး၊ တိုင်းရင်းသားများအကြား အထင်အမြင်လွဲမှားပြီး ခွဲခြားဆက်ဆံခံရသည့် သဘောမျိုးမဖြစ်စေရေး၊ တိုင်းရင်းသားတစ်မျိုးတည်းကို ဦးစားပေး၍ အခွင့်အရေးပေးသည့်သဘောမျိုး မဖြစ်စေရေး၊ အစိုးရ၏ယန္တရား လည်ပတ်မှုကို မထိခိုက်စေရေးတို့အတွက် ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသော စက်တင်ဘာလ (၉)ရက်နေ့ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် အစိုးရရုံးပိတ်ရက် သို့မဟုတ် ရခိုင်ပြည်နယ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်သင့်လျော်မှုမရှိ သေးကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံ ကျေးရွာမှ ကျိုက်မွန်းပလော့တောင်ခြေတွင်ရှိသော ဥယျာဉ်သီးနှံခြံများနှင့် ယင်းလမ်းရှိ လယ်ကွင်းများမှထွက်ရှိသော လယ်ယာ၊ ဥယျာဉ်ထွက်ကုန်သီးနှံများကို သယ်ယူ ပို့ဆောင်ပေးနိုင်မည့် ကုန်ထုတ်ကျောက်ချောလမ်းနှင့် တံတားများအား တည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ကျေးလက်ကုန်ထုတ်လမ်းဖြစ်၍ တံတားနှစ်စင်းကို ဦးစားပေးဆောင်ရွက်လိုကြောင်း သိရှိရသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားကာ ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ကုန်သွယ်ပေါက်သို့ ဆက်စပ်ပေးမည့် ကော့ကရိတ် - ဘားအံ လမ်းပိုင်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ဆောက်လုပ်ရေးဝန်ကြီးဌာနသည်  ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနိှုင်းပူးပေါင်း၍ စံချိန်မီသည့် စံဖရီးကျောက်မိုင်းမှကျောက်ထုတ်လုပ်ခွင့်ကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့  ECC (Environmental Compliance Certificate)လက်မှတ်လျှောက်ထားခဲ့ရာ ၎င်းဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေးချက် အရ ECC လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရှိရပြီး  လုပ်ငန်းများပြန်လည် စတင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့၊ ကမ်းနားလမ်းနှင့် ယင်းလမ်းပေါ်ရှိ တုတ်ချောင်းတံတား၊ ဘုံကျောင်းတံတား၊ သစ်ချိုကုန်းရပ် ချောင်းကူးတံတားတို့အား အရည်အသွေးမီ ကွန်ကရစ်လမ်းခင်းပေးရန်နှင့် အဆင့်မီသံကူကွန်ကရစ် တံတားများတည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် လတ်တလောတွင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(င)ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့နယ်၊ ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စု၊ မဲသပုံကျေးရွာနှင့် ကွီးကျယ်ကျေးရွာ၊ ကွီးကျယ်ရေတံခွန်သို့ သွားသည့်လမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေသားအမာခံလမ်း(၂)မိုင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖွံ့ဖြိုးရေး ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး အမာခံမြေသားလမ်းအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 အဆုံးအဖြတ် ရယူခြင်း

၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆိုဆွေးနွေးခြင်း

၄။ ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ၂၀၁၆ ခုနှစ်၊ အမျိုးသား မြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေး တို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦး က ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၂၁၅ နာရီအချိန်တွင် ရပ်နားပြီး (၁၈)ရက်မြောက်နေ့ အစည်းအဝေးကို ၂၇-၂-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်