Share this

၁၆ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၇.၉.၂၀၁၈)

Friday, September 7, 2018 - 13:25
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

(၁၆)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်

( ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် )

[သောကြာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)  ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖလမ်းရာပြည့်ကွင်းအား Sport Complex အဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဖလမ်းမြို့ရှိ ရာပြည့်အားကစားကွင်းတွင် Sport Complex တည်ဆောက်ပေးရန် လုံလောက်သည့် မြေဧရိယာ မရှိပါသဖြင့် တည်ဆောက်မည့် အစီအစဉ် မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိုင်းမောမြို့နယ်တွင် ၁၆ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြို့နယ်ပြည်သူ့ဆေးရုံဆောက်လုပ်ရန်  လိုအပ်သောမြေဧရိယာရရှိရေးနှင့် ဆေးရုံအသစ် ဆောက်လုပ်ရေးအတွက် ပြည်နယ်အတွင်း သက်ဆိုင်ရာဌာနများနှင့် “ဝ” အထူး ဒေသ(၂)၊ ဗဟိုကော်မတီဝင်၊ မိုင်းမောခရိုင်မှူး၊ မိုင်းမောခရိုင်အုပ်ချုပ်ရေး တာဝန်ခံတို့ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ဒေသတွင်း ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှု အခြေအနေအရ လိုအပ်သည့်အဆောက်အဦများကို နှစ်စဉ်စီမံကိန်းလျာထား အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်း ဖြေကြားသည်။

( ဂ ) ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မွန်ပြည်နယ်၊ ရေးမြို့ရှိ ပြေးခုန်ပစ် အားကစားကွင်းနှင့် ဘောလုံးကွင်းအား ရာသီမရွေးအသုံးပြုနိုင်သော အားကစားကွင်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထား ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်း ပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် အားကစားခန်းမ၊ ရေကူးကန်နှင့် မြို့ခန်းမ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဦးစားပေး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ တွင် အားကစားခန်းမ၊ ရေကူးကန်နှင့် မြို့တော်ခန်းမတို့အား ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။

( င ) ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ဘူးသီး တောင်မြို့နယ်၊ အနောက်တောင်ဘက်၊ ဒုပြင်ရှည်ကျေးရွာအုပ်စု၊ ပအိုးသည်မ ကျေးရွာအုပ်စု၊ ဒုအိုးသည်မကျေးရွာအုပ်စု၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ ငလှမ်းပြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာအုပ်စု၊ ကျွဲရိုင်းခတ်ကျေးရွာအုပ်စုတို့ရှိ ပြည်သူများကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် ကျွဲရိုင်းခတ်ကျေးရွာအုပ်စု၊ စက်ခေါ်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက် ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးဌာနပိုင် လုံလောက်သော မြေနေရာပိုင်ဆိုင်မှု ရရှိပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားကျန်းမာရေးစီမံကိန်းနှင့် ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနများသို့လည်းကောင်း ပေးပို့ပြီး သဘောထားမှတ်ချက်များတောင်းခံ၍ ပြန်ကြားချက် (ထောက်ခံချက်) ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း အဆိုတင်သွင်းခြင်း၊ထောက်ခံခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၃။ ဦးသိန်းလွင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်းကော်မတီဝင်) က ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။

၄။ ဦးဘမျိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)(ဥက္ကဋ္ဌ၊ တောင်သူလယ်သမားရေးရာကော်မတီ)က ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၅။ ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) တင်သွင်းသည့် ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးသည်။ 

၆။ အစည်းအဝေးကို ၁၂၀၄ နာရီအချိန်တွင်ရပ်နားပြီး  (၁၆)ရက်မြောက်နေ့ အစည်းအဝေးကို ၁၂-၉-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်