Share this

၁၅ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၅.၉.၂၀၁၈)

Wednesday, September 5, 2018 - 13:14
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

(၁၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက်

( ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် )

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး(၁၅)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)  ဒေါက်တာခင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ လူနည်းစုနှင့် မျိုးတုန်းပျောက်ကွယ်လုနီးဖြစ်သော ဆလုံ(ခ)မော်ကင်းလူမျိုးများနှင့် ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့် ကော့သောင်းခရိုင်အတွင်းရှိ မကျုံဂလက်၊ ညောင်ဝိ၊ ဂျာလန်း၊ ဂျာအုံ နှင့် လငန်းကျွန်းများတွင် ဒေသခံပြည်သူများ အခြေပြု ခရီးသွားလုပ်ငန်း (CBT)များ ဖော်ဆောင်ပေးရန်နှင့် ထိုကျွန်းများပေါ်ရှိ ရွာမြေများ၊ ပင်လယ်ကမ်းခြေ၊ ပင်လယ်အော်များကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် ကုမ္ပဏီများ၏ လက်ဝါးကြီးအုပ် သိမ်းပိုက်မှုများမှ ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် က တနင်္သာရီတိုင်းဒေသကြီးအတွင်း ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် ထားဝယ်ခရိုင်၊ လောင်းလုံး      မြို့နယ်၊ စမ်းလှမ်းကျေးရွာအား Pilot Project  အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာနှင့် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် မကျုံဂလက်ကျေးရွာတို့တွင် အစဉ်အလိုက် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်၍ ကျွန်းများပေါ်တွင် ကုမ္ပဏီများမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှုသည် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်ခွင့်ပြုချက်၊ မြေငှားရမ်း စာချုပ်နှင့် BOT စာချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့၏ ခွင့်ပြုမိန့်များဖြင့် စီမံဆောင်ရွက်လျက်ရှိနေသဖြင့် လုပ်ငန်းရှင် ကုမ္ပဏီများ၏ လက်ဝါးကြီးအုပ် သိမ်းပိုက်မှုများကို မဖြစ်ပေါ်စေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

( ခ ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်း ခရိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ရုံး၏ ဟောင်းနွမ်းနေသည့် အဆောက်အဦအား ဖြိုဖျက်ပြီး (၃)ထပ်အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လက်ရှိ အဆောက်အဦအား ဖြိုဖျက်၍ RC (၂)ထပ်ရုံး အဆောက်အဦသစ် ဆောက်လုပ်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်မူလငွေလုံးငွေရင်း (အဆောက်အဦ) ရန်ပုံငွေတွင် တင်ပြတောင်းခံခဲ့ပြီး မရရှိခဲ့သောကြောင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထပ်မံတင်ပြတောင်းခံထားရာ ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်၍ ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံခဲ့ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ရုံးသစ် ဆောက်လုပ်ခြင်း လုပ်ငန်းအား အကောက်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း   ရှင်းလင်း ဖြေကြားသည်။

( ဂ )ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ စစ်တွေ - မေယုဒေသ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော မေယုမြစ်ကူးတံတားကို မူစဲကျွန်းမှ တစ်ဆင့် ဖြတ်သန်းပြီး တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မေယုမြစ်ကူးတံတားကို  မူစဲကျွန်းမှတစ်ဆင့် ဖြတ်သန်းတည်ဆောက်ပေးရန် လောလောဆယ် အစီအစဉ် မရှိသေးကြောင်းနှင့်  ရေရှည်လမ်းကွန်ရက်  ဖွံ့ဖြိုးမှုအစီအစဉ်များတွင် ထည့်သွင်း၍ ဆောင်ရွက်နိုင်ရန်  ပဏာမကြိုတင် ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှု            Pre Feasibility Study လုပ်ငန်းများကိုသာ ဆောင်ရွက်ထားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဃ ) ဦးစိုင်းအုန်းကျော်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ နောင်ချိုမြို့ရှောင်လမ်းစီမံကိန်း သို့မဟုတ် ဂုတ်တွင်း တံတားသစ် ချဉ်းကပ်လမ်း စီမံကိန်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးကျော်လင်း က တံတားတည်ဆောက်ရေးစီမံကိန်း ဧရိယာတွင် ပါဝင်သော တောင်သူ(၂၂၁)ဦးအား မြေယာလျော်ကြေးငွေ ပေးလျော်ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသော တောင်သူ(၆၂)ဦးမှ လျော်ကြေးလက်ခံပြီးစီးသွားပါက စီမံကိန်းလုပ်ငန်းများကို ချက်ချင်းစတင်နိုင်မည်ဖြစ်ပြီး စီမံကိန်းစတင်ချိန်မှ (၃)နှစ်ခွဲ အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င ) ဦးနောင်နဂျာတန်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်စိုးမိုးကျေးရွာနှင့် နောင်လုံကောင်ရာကျေးရွာကြားရှိ နမ့်ခန်းယန် (ခေါ်) ၈ မိုင် လယ်ကွင်းသို့ သွားသောလမ်းအား တောင်သူများ နွေ၊ မိုး၊ ဆောင်း သွားလာနိုင်ရန်အတွက် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး  ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၃။ နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးသည်။

ဥပဒေကြမ်းတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း  ဥက္ကဋ္ဌက ကြေညာသည်။

၅။ အစည်းအဝေးကို ၁၁၀၆ နာရီအချိန်တွင်ရပ်နားပြီး  (၁၆)ရက်မြောက်နေ့ အစည်းအဝေးကို ၇-၉-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်