Share this

(၁၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၇ - ၁၂ - ၂၀၁၈)

Monday, December 17, 2018 - 15:54
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး

(၁၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း  ၁၀  ရက်

( ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် )

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး   (၁၅)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကျည်စုအရှေ့ရပ်ကွက်အတွင်းရှိ ရွာသစ်နှင့် ကျည်စု အရှေ့ အခြေခံပညာမူလတန်း(လွန်)ကျောင်းများကို အခြေခံပညာ အလယ်တန်း ကျောင်းများအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သတ်မှတ်မူ များနှင့် ကိုက်ညီမှုရှိသည့်အတွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များ အဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရန် အမှုတွဲတင်ပြစေပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် သတ်မှတ်မူ များနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

( ခ ) ဦးညီစိန်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း ၀ % ဝန်းကျင်ရှိ အခြေခံပညာ အထက်တန်းကျောင်းများအား မည်ကဲ့သို့ ဖေးမသွားမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အောင်ချက်မြင့်မားရေးနှင့် သင်ရိုး အားလုံးသင်ကြားနိုင်ရေးအတွက် အချိန်ပိုခေါ်ယူသင်ကြားခြင်းနှင့် ဖြည့်ဆည်း သင်ကြားခြင်းလုပ်ငန်းများကို ကျောင်းဖွင့်ရက်တိုင်း သင်ကြားစေပြီး ကျောင်းပိတ် ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အားနည်းသည့် ဘာသာရပ်များအား အချိန်ပိုသင်ကြားလေ့ကျင့်ပေးနိုင်ရန် ညွှန်ကြား၍ အမှန်တကယ် ဆောင်ရွက်နိုင်ရေးအတွက်   ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင် ကျောင်းများသည် ကျောင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်အတွက် မိဘများက ငွေကုန်ကြေးကျခံ၍ထားသော ကျောင်းများဖြစ်သဖြင့် ပညာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရေးကို တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်အကဲဖြတ်အဖွဲ့များက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ ) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းရှိ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(ဖြည်‌့စွက်) ခွင့်ပြု ရန်ပုံငွေဖြင့် အခြေခံပညာ စာသင်ကျောင်းများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်း မမီသော ပစ္စည်းများဖြင့် တည်ဆောက်ထားသော အခြေခံပညာ စာသင်ကျောင်း များအား စာချုပ်စည်းကမ်းများနှင့်အညီ တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက် အရ စာချုပ်ပါစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း၊ အရည်အသွေး၊ စံချိန်စံညွှန်းမပြည့်မီသည့် စာသင်ကျောင်းများအား  ငွေပြန်လည် ပေးသွင်းရန် လိုအပ်ပါက အပြည့်အဝပေးသွင်းစေရေး အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း(၃၃၀)ရှိ အခြေခံပညာ အထက်တန်းကျောင်း များနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များတွင် အထက်တန်းပြ ဆရာ၊ ဆရာမများ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် မဟာသိပ္ပံဘွဲ့ရ၊ မဟာဝိဇ္ဇာဘွဲ့ရများကို အထက်တန်းပြရာထူးများ ခန့်အပ်ပေးသွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကျောင်းသင်ဘာသာရပ်နှင့် ကိုက်ညီသည့် မဟာ သိပ္ပံဘွဲ့ရ၊ မဟာဝိဇ္ဇာဘွဲ့ရ မူလတန်းပြနှင့် အလယ်တန်းပြဆရာ၊ ဆရာမများအား လစ်လပ်ဘာသာရပ်နှင့် ဆန္ဒပြုဒေသကိုက်ညီပါက အထက်တန်းပြရာထူး ခန့်အပ်ပေးလျက်ရှိပါကြောင်းနှင့် အထက်တန်းပြလစ်လပ်နေရာများတွင် ထပ်မံဖြည့်ဆည်း ခန့်ထားပေးနိုင်ရေးအတွက် ပြင်ပမှ မဟာဘွဲ့ရရှိသူများအား သင်တန်းပေးပြီး (နေ့စားလပေး) တာဝန်ပေး၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်ရယူပြီး  ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

(င) ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ တောချောင်းဦးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့မှ ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း ထောက်ခံချက် ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ၎င်းတို့၏သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ထောက်ခံမှု မရှိသဖြင့် အဆိုပါကျောင်း၏စာစစ်ဌာန ဖွင့်လှစ်ခွင့်ပြုရန်ကိစ္စအပေါ် အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့မှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေး ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(စ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းတိုင်းတွင် ကျောင်းသားလူငယ်များ ကိုယ်ကာယလှုပ်ရှားနိုင်ရေးအတွက် (Outdoor Fitness) အားကစားပစ္စည်းများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ထောက်ပံ့ကူညီတပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က Outdoor Fitness (၅)စုံအား ၁၈-၉-၂၀၁၈ ရက်နေ့တွင် အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)မှ ထုတ်ပေးခဲ့ပြီးဖြစ်သည့်အပြင် ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပလက်ဝမြို့နယ်အတွက် Outdoor Fitness (၁)စုံအား ထပ်မံခွဲဝေချထားပေးရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းနှင့် မြို့နယ်တိုင်းအတွက် တစ်မြို့နယ်လျှင်(၅)စုံနှုန်း တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပေါင်းစပ်ရှင်းလင်းဖြေကြားသည်။

(ဆ) ဒေါ်စန်းစန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် အောင်မြင်ကုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)၊ ခတ်ချိုကွင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် စစ်ဘိုကြီးကျေးရွာ၊ အခြေခံပညာ မူလတန်း(လွန်)ကျောင်းတို့တွင် ပညာသင်ကြား နေသော အရှို(ချင်း) တိုင်းရင်းသားများ ကျောင်းပုံနှိပ်စာအုပ်များ မည်သည့် အတွက်ကြောင့် မရရှိသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်တွင် တိုင်းရင်းသားဘာသာပုံနှိပ်များ ရိုက်နှိပ်ထုတ်ဝေရန် တင်ဒါများခေါ်ယူ ခဲ့သော်လည်း တင်ဒါခေါ်ယူမှု စျေးနှုန်းကြောင့်  ရိုက်နှိပ်ဖြန့်ဝေပေးနိုင်ခဲ့ခြင်း မရှိ ကြောင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်  အမျိုးသားပညာရေး ဥပဒေ ပုဒ်မ ၄၄ အရ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရ မည်ဖြစ်သဖြင့် ညှိနှိုင်းဆဲဖြစ်ကြောင်း၊ အခမဲ့ပုံနှိပ်ဖြန့်ဝေပေးမှု မရှိသေးကြောင်းနှင့် တိုင်းရင်းသားဘာသာ စာအုပ်များ ရိုက်နှိပ်ပြီးပါက ခွဲတမ်း အရေအတွက်အတိုင်း ခွဲဝေပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း အသိပေးတင်ပြခြင်းနှင့်  အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း  ကြေညာသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၄။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် (ဥပဒေကြမ်းကော်မတီဝင်)က မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။ 

၅။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက စိစစ် တင်ပြသည့် အစီရင်ခံစာအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။ 

ဥပဒေကြမ်း ဆွေးနွေးခြင်း

၆။ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးက ဆွေးနွေးသည်။

အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၇။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန် အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိမ်းဆွေ (ဥက္ကဋ္ဌ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ) က အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းပြီး ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၈။ အစည်းအဝေးကို ၁၄၃၄ နာရီ အချိန်တွင် ရပ်နားပြီး (၁၆)ရက်မြောက်နေ့ အစည်းအဝေးကို ၁၉-၁၂-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

     အမျိုးသားလွှတ်တော်