Share this

၁၄ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၃၁.၈.၂၀၁၈)

Friday, August 31, 2018 - 13:06
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

(၁၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက်

( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက် )

[သောကြာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)  ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါ(မြောက်)လမ်းရှိ ဘုရားဝတ္တကမြေပေါ်တွင် ဆောက်လုပ်ထားသည့် အစိုးရမူလတန်းကျောင်း သစ်သားကျောင်းဆောင်ဟောင်းမှာ အန္တရာယ်ရှိနေသဖြင့် သံကူကွန်ကရစ် (၂)ထပ်ကျောင်းဆောင် ဆောက်လုပ်ပြီးသည်မှာ (၂)နှစ်ကျော်ပြီဖြစ်သော်လည်း ၄င်းကျောင်းဆောင်ဟောင်းကို သက်ဆိုင်ရာမှ ဖျက်သိမ်းခွင့်မပြုသေးခြင်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ ဆရာတော်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီတို့၏ သဘောတူညီမှုဖြင့် သက်ဆိုင်ရာသို့ တင်ပြခွင့်ပြုချက်ရယူကာ မွန်ပြည်နယ်အစိုးရအဖွဲ့က လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ ) ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် စာသင်ခန်း လုံလောက်မှုမရှိသောကြောင့် အန္တရာယ်ရှိ အဆောက်အအုံများကို အမြန်ဆုံး ဖျက်သိမ်းပြီး (၁၄၀ x ၃၀ x ၂၄)ပေ RC (၂)ထပ်ကျောင်းဆောင်သစ်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် ရန်ပုံငွေ အခြေအနေပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်၊ ဟားခါးခရိုင်    ပညာရေးမှူးရုံး၏ အရာထမ်းများ၊ အမှုထမ်းများအတွက် မရှိမဖြစ်လိုအပ်သော အဆောက်အအုံများ၊ ပရိဘောဂများ၊ အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်နိုင်ရန် ရုံးသုံးကားနှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်မှ အရာထမ်းများ၊ အမှုထမ်းများနည်းတူ ခံစားခွင့်များ၊ ရပိုင်ခွင့်များလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပြင်ဆင်ဖွဲ့စည်းမည့် ခရိုင်ဖွဲ့စည်းပုံအသစ် ခွင့်ပြုချက်ရရှိပြီးပါက သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်များအလိုက် ခွဲဝေရရှိမည့် ရန်ပုံငွေပေါ်မူတည်၍ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ် တင်ပြတောင်းခံမှုအား ခရိုင်ပညာရေးမှူးအဆင့်နှင့် လျော်ညီသော မော်တော်ယာဉ်အား ဗဟိုစက်ပစ္စည်း    စာရင်း အင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရရှိပြီးမှသာ ခွဲဝေပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဃ ) ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ် အတွင်းရှိ အခြေခံပညာအလယ်တန်းပြ ဆရာ၊ ဆရာမများကို အလယ်တန်းပြ - ၁ (လယ် - ၁)၊ အလယ်တန်းပြ - ၂ (လယ်-၂)ဆိုပြီး ခွဲခြားသတ်မှတ်နေခြင်းအား တစ်ပြေးညီ သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း  က အလယ်တန်းပြရာထူးများတွင် အလယ်တန်းပြ-၁ နှင့် အလယ်တန်းပြ-၂ များဟု ခန့်ထားခြင်းကို ကချင်ပြည်နယ်တွင်သာ ခန့်ထားခြင်း မဟုတ်ဘဲ ဖွဲ့စည်းပုံအရ တစ်နိုင်ငံလုံးတွင်ခန့်ထားခြင်းဖြစ်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့လည်း ပညာရှင်အဆင့်(၁)(မူပြ) ၊ ပညာရှင်အဆင့်(၂)(မူပြ၊လယ်ပြ) ပညာရှင်အဆင့်(၃)(မူအုပ်၊ လယ်ပြ၊ ထက်ပြ)စသည်ဖြင့်  ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါသဖြင့်  ပညာအရည်အချင်းနှင့် ဆန္ဒ၊ လိုအပ်ချက် တို့အရ ဆရာ၊ဆရာမများကို အားပေးမြှင့်တင် ဆောင်ရွက်လိုပါကြောင်းနှင့် အလယ်တန်းပြ-၁ နှင့် အလယ်တန်းပြ-၂ တို့သည် အဆင့်တူ၊ ရာထူးတူ၊ လစာနှုန်းတူ ရာထူးများဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တွီကင်းဝကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းဆောင်ဟောင်းအား      (၁၂၀ x၃၀)ပေ အုတ်ညှပ်တစ်ထပ် အသစ်တစ်ဆောင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍၊ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် ရန်ပုံငွေအခြေအနေပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( စ ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျပြီး နှစ်စဉ် စည်ပင်သာယာ အခွန်ငွေ ကောက်ခံရရှိမှု အလွန်နည်းပါးသည့် မြို့ငယ်လေးများအတွက် မြို့ပြဖွံ့ဖြိုးမှု လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေမှဖြစ်စေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရရန်ပုံငွေမှဖြစ်စေ၊ နှစ်စဉ်သီးခြား ထောက်ပံ့ပေးသွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးအောင်မြင်ထွန်း က နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ အနေဖြင့် သက်ဆိုင်ရာမြို့များဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရာတွင် မိမိတို့၏ ဘဏ္ဍာငွေနှင့်မလုံလောက်၍ ရန်ပုံငွေထပ်မံ လိုအပ်ပါက နိုင်ငံတော်မှ ထောက်ပံ့နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ-၅၅ ပုဒ်မခွဲ(ဇ)အရ ဥပဒေနှင့်အညီ တင်ပြတောင်းခံနိုင်သည်ကို ပြဋ္ဌာန်းထားရှိပါ ကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ -၁၈၈၊ ဇယား(၂)တွင် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များက ပြဋ္ဌာန်း ပိုင်ခွင့်ရှိသော ဥပဒေပြုစာရင်းအပိုဒ်(၈)တွင် “စည်ပင်သာယာရေး”လုပ်ငန်းများကို ဖော်ပြထားပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် အစိုးရအဖွဲ့များအား လုပ်ပိုင်ခွင့်အပ်နှင်းထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၉၆၊ ဇယား(၁)ဖြင့် အပ်နှင်းထားသော ဥပဒေပြုစာရင်းတွင်  စည်ပင်သာယာရေးနှင့် သက်ဆိုင်သည်များ ပါဝင်ခြင်းမရှိသည့်အပြင် သီးခြားတာဝန်ပေးအပ်ထားသော အဖွဲ့အစည်း၊ ဝန်ကြီးဌာနလည်းမရှိကြောင်း ဖြေကြားသည်။

(ဆ) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရှမ်းတဲကြီးရပ်ကွက်အတွင်း နေထိုင်သူ ပြည်သူ များမှာ နှစ်စဉ်နွေရာသီတွင် ညစ်ညမ်းနေသည့် ကျဉ်းမြောင်းသော ချောင်းထဲမှ ရေကို တစ်ရပ်ကွက်လုံး သုံးစွဲကြရပါသောကြောင့် များစွာဒုက္ခရောက်လျက် ရှိပါသဖြင့် ရေအခက်အခဲကို နည်းလမ်းရှာဖွေ ကူညီပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးအောင်မြင်ထွန်း က ရေပေး ဝေရေးအတွက် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လဂွန်းပြင် စီမံကိန်း ပြီးစီးမည့်အချိန်၌ ရေးပေးဝေမည်ဖြစ်ကြောင်း ဖြေကြားသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၃။ တံတားကြီးများ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးသည်။

နည်းဥပဒေဆွေးနွေးခြင်း

၄။ မြန်မာ့သတ္တုတွင်း နည်းဥပဒေများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၁၀၅ နာရီအချိန်တွင်ရပ်နားပြီး  (၁၅)ရက်မြောက်နေ့ အစည်းအဝေးကို ၅-၉-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်