Share this

၁၄ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၀.၁၁.၂၀၁၇)

Friday, March 23, 2018 - 11:16
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဆဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

၁၄ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း ၂  ရက်

( ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် )

[ တနင်္လာနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်  -

              (က)   ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာတွင်ရှိသော အခြေခံပညာ အထက်တန်းကျောင်း (ကမ်းနီ)ကို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင် စာစစ်ဌာနအသစ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် ယခုနှစ်အတွက် ကမ်းနီကျေးရွာတွင် စာစစ်ဌာနအသစ် ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။                                                                              ထပ်ဆင့်မေးခွန်းနှင့်ပတ်သက်၍ စာစစ်ဌာနဆောင်ရွက်ရာ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထား၊ ပြည်ထဲရေးဝန်ကြီး ဌာန၏ သဘောထားနှင့် ဆက်စပ်ညှိနှိုင်းပြီး လုံခြုံရေးအပြည့်အဝရရှိရန် ငွေတိုက်အဆင့် ရှိနိုင်မည်ဆိုပါက ဆောင်ရွက်ပေးနိုင်ပါကြောင်း ​ဖြေကြား ပါသည်။

                  ( ခ )   ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ သစ်ပြင်အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)နှင့် ကအီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အတွက် တစ်ထပ်ကျောင်း ဆောင်တစ်ဆောင်စီ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခု ရေးဆွဲနေသောဘဏ္ဍာရေးနှစ်(၆)လစာအတွင်း ဦးစားပေးအဆင့်တွင် မပါရှိသေးပါကြောင်းနှင့် ဆက်လက်ရေးဆွဲမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

            ( ဂ )   ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ အခြေခံပညာ ဦးစီးဌာနမှ နေ့စားလပေး ဆရာ/ဆရာမများကို ဆရာဖြစ်သင်တန်းပေးပြီး တစ်ပါတည်း အတည်ခန့် (Permanent)ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ဖေဖော်ဝါရီလတွင် လျှောက်လွှာများ ခေါ်ယူပြီး မတ်လတွင် စစ်ဆေးကာ ဧပြီလလယ်မှ မေလလယ်ထိ ဆရာဖြစ်သင်တန်းပေးပြီး ဇွန်လကျောင်းဖွင့် ရက်အမီ ခန့်ထားနိုင်ရန်မှာ ၎င်းနေ့စားလပေး(မူလတန်းပြ) ဆရာ၊ ဆရာမအဖြစ် ခေါ်ယူခန့်ထားခြင်းအတွက် လိုအပ်သော ဘဏ္ဍာငွေများကို ဘဏ္ဍာနှစ်(၁)နှစ် ကြိုတင်လျာထားသည့်အတွက် ချက်ချင်း(Permanent) အဖြစ်  ခန့်ထားရန် မဆောင်ရွက်နိုင်ဘဲ နေ့စားလပေး ဦးစွာဆောင်ရွက်ပြီးမှ ဘဏ္ဍာငွေ ခွင့်ပြုချက် ရရှိပြီးမှသာ(Permanent)အဖြစ် ဆက်လက်ခန့် ထားနိုင်ပါကြောင်း ဖြေကြားပါသည်။

              (ဃ)   ဦးကျင့်ခန့်ပေါင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ချင်းပြည်နယ်ရှိ “ကလေးတက္ကသိုလ်” ကို “ခိုင်ကမ်းတက္ကသိုလ်”ဟု အမည်ပြောင်းလဲ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း  က ကလေးတက္ကသိုလ်အား ခိုင်ကမ်းတက္ကသိုလ်အဖြစ် ပြောင်းလဲသတ်မှတ်နိုင်ရေးနှင့် စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့်  ချင်းပြည်နယ် အစိုးရနှင့် ပေါင်းစပ်ညှိနှိုင်း ရာတွင် ချင်းပြည်နယ်အစိုးရအနေဖြင့် ချင်းပြည်နယ်တွင် ယခုအချိန်အထိ တက္ကသိုလ်မရှိသေးသောကြောင့် ချင်းပြည်နယ်အတွင်းရှိ လူငယ်များ၏ ပညာရေးကို ထောက်ရှုပေးခြင်းအားဖြင့် ကလေးတက္ကသိုလ်ကို ခိုင်ကမ်း တက္ကသိုလ်အဖြစ် ပြောင်းလဲပေးပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှု အောက်တွင် ထားရှိပါကြောင်း ပေါင်းစပ်ဖြေကြားထားတာ တွေ့ရှိရပါ ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကလေးတက္ကသိုလ် ၏ အမည်နာမသည် မည်ကဲ့သို့ပင်ဖြစ်စေ လတ်တလောအခြေအနေတွင် ၎င်းတက္ကသိုလ်၏ အုပ်ချုပ်မှုကိစ္စအဝဝကို စစ်ကိုင်းတိုင်းဒေသကြီးရှိ ဌာနများမှ ဆောင်ရွက်ပေးလျက်ရှိပြီး ချင်းပြည်နယ် အစိုးရအဖွဲ့မှ ၎င်း တက္ကသိုလ်၏ အုပ်ချုပ်မှုကိစ္စအဝဝကို တာဝန်ယူဆောင်ရွက် မည်ဆိုပါက တက္ကသိုလ်ကျောင်းရှိ ဆရာ၊ ဆရာမများ၏ သဘောထား၊ အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ သဘောထားများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငွေရတုအချိန်အထိ ကလေး တက္ကသိုလ်ကို ခိုင်ကမ်းတက္ကသိုလ်ဟု အမည်နာမ ပြောင်းလဲရေးသည် သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းများဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ချင်းပြည်နယ်အစိုးရ အဖွဲ့တို့၏ ကြီးကြပ်ပေါင်းစပ် ဆွေးနွေးညှိနှိုင်းမှုအပြင် ဒေသခံပြည်သူလူထု၏ သဘောထား၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ သဘောထား များအပေါ်မူတည်ပြီး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

      ( င )   ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ် ရပ်ကွက်(အော်တို)ရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ စျေးသစ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို ၂၀၁၈-၂၀၁၉ ပညာသင် နှစ်အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

အသိပေးတင်ပြခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။           အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကြမ်းနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာဥပဒေကြမ်းတို့ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းအား အသိပေး တင်ပြပါသည်။

၄။           မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က ပေးပို့လာသော ပြင်ဆင်ချက်ကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး၂၁ -၁၁ -၂၀၁၇ (အင်္ဂါနေ့) ညနေ ၁၆၀၀ နာရီထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

၅။          မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က ပေးပို့လာသော ပြင်ဆင်ချက်ကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြ လက်မှတ်ရေးထိုးပြီး  ၂၃ -၁၁ -၂၀၁၇ (ကြာသပတေးနေ့)ထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း နှင့် အဆုံးအဖြတ်ရယူခြင်း

၆။          ဦးစိုင်းထွန်းအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) (ဥပဒေကြမ်း ကော်မတီဝင်)က စာရင်းအင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပါသည်။

၇။           ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စာရင်းအင်း ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်တင်ပြ သည့် အစီရင်ခံစာအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း     နှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၈။          ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)(အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဝင်)က ဒုတိယအကြိမ် အမျိုးသားလွှတ်တော်   ပဉ္စမပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် ကော်မတီ၏ အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းပါသည်။

၉။          ၎င်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပက  ယနေ့ ၁၆၀၀ နာရီ နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်ရုံး၊  ညွှန်ကြားရေးမှူးချုပ် ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

၁၀။           အစည်းအဝေးကို ၁၁၅၃ နာရီအချိန်တွင် ရပ်နားပါသည်။ ၁၅ ရက်မြောက်နေ့ အစည်းအဝေးကို  ၂၂-၁၁-၂၀၁၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပရန် လျာထားပါသည်။

 

 

 

 အမျိုးသားလွှတ်တော်