Share this

၁၂ ရက်မြောက်နေ့ အစီအစဉ် (၂၃ - ၈ - ၂၀၁၈ )

Thursday, August 23, 2018 - 09:17
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး

၁၂ ရက်မြောက်နေ့ အစီအစဉ်

[ ၂၃ - ၈ - ၂၀၁၈ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၂ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က) ဦးနိုင်ကိုကို၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကချင်ပြည်နယ် လွှတ်တော်မှ ကွင်းဆင်းစစ်ဆေးခဲ့သည့် တရုတ်တစ်သျှူးငှက်ပျောပင် စိုက်ခင်းများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရတွင်ရှိသည့်စာရင်းနှင့် မြေပြင်စာရင်းများ ကွဲလွဲနေပြီး အခွန်အခဘီလျံနှင့်ချီ နစ်နာနေခြင်း၊ လက်ရှိစိုက်ပျိုးဧက (၄၀၀၀၀)ကျော်အနက် ခွင့်ပြုချက်မရသေးသည်‌့မြေများပေါ်တွင် စိုက်ပျိုးလုပ်ဆောင်နေခြင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပန်ဇင်းမော်တာတမံရှိ ရေထုတ်ပြွန်(၂)ခု၏ လမ်းကြောင်းများအား ပိတ်ဆို့ထားသော ပုစွန်ကန်များကို တည်ဆဲဥပဒေများအရ အရေးယူပေးရန် ၄င်းရေထုတ်ပြွန် (၂)ခုမှ ရေထုတ်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးအတတ်ပညာရှင်များ ပိုမိုမွေးထုတ် ပေးနိုင်စေရန် စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကို အောက်မြန်မာပြည်၏ စိုက်ပျိုးရေးကောလိပ် သို့မဟုတ် စိုက်ပျိုးရေးတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

  ၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

  ၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

  ၈။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း။ 

  ၉။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က နယ်နိမိတ် တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၁။ ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)က တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခြင်း။

၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သင့်/မသင့် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ့သတ္တုတွင်း နည်းဥပဒေများကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြခြင်း။

၁၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာ့သတ္တုတွင်း နည်းဥပဒေများကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၅။ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာနိုင်ငံတွင် လယ်ယာ ဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် နောင်တချိန် လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိကသက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့် (ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း -

(က)ဒေါ်နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုး၊ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)

( ခ ) ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)

( ဂ ) ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)

(ဃ) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)

( င ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)

၁၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၃ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။