Share this

၁၂ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်(၂၃.၈.၂၀၁၈)

Thursday, August 23, 2018 - 14:13
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်

( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက် )

[ကြာသပတေးနေ့]

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂)ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

     (က)   ဦးနိုင်ကိုကို၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကချင်ပြည်နယ် လွှတ်တော်မှ  ကွင်းဆင်းစစ်ဆေးခဲ့သည့် တရုတ် တစ်သျှူးငှက်ပျောပင် စိုက်ခင်းများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ တွင်ရှိသည့်စာရင်းနှင့် မြေပြင်စာရင်းများ ကွဲလွဲနေပြီး အခွန်အခ ဘီလျံနှင့်ချီ နစ်နာနေခြင်း၊ လက်ရှိစိုက်ပျိုးဧက (၄၀၀၀၀) ကျော်အနက် ခွင့်ပြုချက်မရသေးသည့် မြေများပေါ်တွင် စိုက်ပျိုးလုပ်ဆောင် နေခြင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က တစ်သျှူး ငှက်ပျောများကို ပြည်တွင်းကုမ္ပဏီများမှ နယ်စပ်ဂိတ်များမှတဆင့် တစ်ဖက်နိုင်ငံ တရုတ်ပြည်သို့ တင်ပို့ရာမှာ  ကြိုတင်ဝင်ငွေခွန်(၂%)ကို  မြစ်ကြီးနားမြို့နယ်၊ အခွန်ဦးစီးဌာနရုံးတို့မှ ကောက်ခံ လျက်ရှိပါကြောင်းနှင့် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုနှင့်ပတ်သက်ပြီး ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များမှ ခွင့်ပြုချက်မရသေးသည့် မြေများပေါ်တွင် စိုက်ပျိုးနေမှု များကို ဥပဒေနှင့်အညီဖြစ်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၏(၇-၆-၂၀၁၈) ရက်စွဲပါစာဖြင့် ဖွဲ့စည်းထားသောအဖွဲ့မှ စိစစ်ဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းဖြေကြားသည်။

    ( ခ )      ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပန်ဇင်းမော်တာတမံရှိ ရေထုတ်ပြွန်(၂)ခု၏ လမ်းကြောင်းများအား ပိတ်ဆို့ထားသော ပုစွန်ကန်များကို တည်ဆဲ ဥပဒေများအရ အရေးယူပေးရန် ၄င်းရေထုတ်ပြွန်(၂)ခုမှ ရေထုတ်လွှတ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ကျေးရွာ ဆည်၊ တာ ကော်မတီ၏ အစီအစဉ်ဖြင့် တာဝန်ယူထိန်းသိမ်းထားသည့် လယ်သမားတာဖြစ်ပြီး ရေလမ်းကြောင်း ပိတ်ဆို့လျက်ရှိသည့် ပုစွန်ကန်များ ဖယ်ရှားရေးကို အသိပေး အကြောင်းကြားသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ရှင်းလင်းဖြေကြားသည်။

     ( ဂ )    ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးအတတ်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်စေရန် စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကို အောက်မြန်မာပြည်၏ စိုက်ပျိုးရေးကောလိပ် သို့မဟုတ် စိုက်ပျိုးရေး တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ခွင့်ပြုချက်များရရှိပါက အဆင့်မြှင့်တင်ရန် သင့်တော်သည့် စိုက်ပျိုးရေးသိပ္ပံများအား သတ်မှတ်ရွေးချယ်ပြီး စိုက်ပျိုးရေးကောလိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် အဆင့်ဆင့် ဆက်လက်တင်ပြခွင့်ပြုချက်ရယူခြင်း၊ စိုက်ပျိုးရေးကောလိပ်အတွက် လိုအပ်သည့် အခြေခံအဆောက်အဦ၊ သင်ကြားမှု အထောက်အကူပြု ပစ္စည်းများ ထပ်မံဖြည့်ဆည်းခြင်း၊ ဘတ်ဂျက်များ တိုးမြှင့်တောင်းခံ ခြင်း၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး စိုက်ပျိုးရေးကောလိပ်များအဖြစ် အဆင့်မြှင့်တင်နိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း     

၃။           ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်း ကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

ဥပဒေကြမ်းတင်သွင်းခြင်း၊ အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာ ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) (ဥပဒေကြမ်း ကော်မတီဝင်) က ယင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဥပဒေကြမ်းတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၅။           ဦး‌စိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)က တရားလွှတ်တော် ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က လက်ခံဆွေးနွေး ရန် ဆုံးဖြတ်သည်။

အသိပေးတင်ပြခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၆။         အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က မြန်မာ့သတ္တုတွင်း နည်းဥပဒေများကို ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား လွှတ်တော်သို့ အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အဆိုဆွေးနွေးခြင်း

၇။           ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာနိုင်ငံတွင် လယ်ယာ ဥယျာဉ်ခြံမြေ များကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် နောင်တစ်ချိန် လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိကသက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့် (ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးသည်။

၈။        အစည်းအဝေးကို ၁၂၁၄ နာရီအချိန်တွင်ရပ်နားပြီး  (၁၃)ရက်မြောက်နေ့ အစည်းအဝေးကို ၂၉-၈-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်