Share this

(၁၂)ရက်မြောက်နေ့ အစည်းအဝေးအကျဉ်းချုပ်(၆.၁၂.၂၀၁၉)

Friday, December 6, 2019 - 12:43
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)

[ သောကြာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်းမြို့နယ် အုန်းတောဓာတ်အားခွဲရုံအား လျှပ်စစ်ဓာတ်အား MVA တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က အုန်းတောပင်မဓာတ်အားခွဲရုံမှ စစ်ကိုင်းမြို့မဖီဒါ၊ စစ်ကိုင်း စက်မှုဇုန်ဖီဒါ၊ အုန်းတောနှင့်ဆားတောင်ဖီဒါ၊ မြင်းမူနှင့်မြောင်ဖီဒါ၊ ရွာသစ်ကြီး ချည်မျှင်နှင့်အထည်စက်ရုံဖီဒါ ဟူ၍ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၅) လိုင်းဖြင့် စုစုပေါင်း (၄၄)မဂ္ဂါဝပ်ခန့်ကို မူလ ၆၀ အမ်ဗွီအေနှင့် ထပ်တိုး ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာတို့ဖြင့် လျှပ်စစ်ဓာတ်အားနိုင်နင်းစွာ ဖြန့်ဖြူးပို့လွှတ်ပေးနေပြီ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အင်းလယ်ကြီး - သရက်တာ - ကျွန်းပင်ကုန်း - ညောင်ကိုင်း - ပျဉ်းတော်- ပုပ်ပါးလမ်းရှိ ကျန်ရှိသော မြေသားလမ်း (၅/၂)မိုင် အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁)၌ ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ ကျောက်ချောလမ်း အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ငူကျေးရွာအုပ်စု၊ ဆန်နီခင်း(ကုလားကာရီ) တာပေါင်အား ပြန်လည်မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  ရခိုင်ပြည်နယ်အစိုးရရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြတောင်းခံပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။ 

(ဃ)ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရခိုင်ကမ်းလွန် ငါးဖမ်း လုပ်ကွက်များမှရရှိသော အခွန်အခ၏ ၂၀ ရာခိုင်နှုန်း သို့မဟုတ် သင့်တော်သော ရာခိုင်နှုန်းကို ရခိုင်ပြည်နယ် ရေလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ဆက်စပ်ညှိနှိုင်းဆောင်ရွက်မှု အပေါ် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြလမ်းညွှန်ချက်ခံယူဆောင်ရွက်ရန် လိုအပ်မည့်အခြေအနေဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့် အညီ  ဆောင်ရွက်သွားရမည့်ကိစ္စရပ်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကံပြားကျေးရွာအုပ်စု၊ တောင်စင်ကျေးရွာ၊ ကန်ပြားကန် ရေပိုသောက်တူးမြောင်း ပြုပြင်ခြင်း၊ ရေထိန်းတံခါး ပြန်လည်ပြုပြင်ခြင်းနှင့် ရေသွယ်လျောက် ပြုပြင် ခြင်းလုပ်ငန်းများအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေ ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေလျာထား တင်ပြပြီး ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။ 

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း ၊ အဆုံးအဖြတ် ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာခြင်း

၃။ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန်(ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဘူမိသိပ္ပံ ကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာလွှတ်တော် က အတည်ပြုသည်။

အစီရင်ခံစာ ဖတ်ကြား တင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ (အတွင်းရေးမှူး၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ)က ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၂၁-၃-၂၀၁၈) ရက်နေ့မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလ ပြီးသည့်အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းပြီး ဥက္ကဋ္ဌ က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၁:၀၅ နာရီ အချိန်တွင် ရပ်နားပြီး (၁၃)ရက်မြောက်နေ့ အစည်းအဝေးကို  ၁၀-၁၂-၂၀၁၉ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်