Share this

၁၁ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်(၂၁.၈.၂၀၁၈)

Tuesday, August 21, 2018 - 12:56
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်

( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် )

[အင်္ဂါနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က) ဒေါက်တာခင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ပါချန်မြစ်ကူး ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားတစ်စင်း တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ ကြိုတင်ညှိနှိုင်းထားမှုမရှိခြင်းကြောင့် ပါချန်မြစ်ကူး ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားအား တည်ဆောက်ရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ ) ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ အိမ်နီးချင်းနိုင်ငံမှ ငှက်ပျောသယ်ဆောင်သည့် ၂၂ ဘီးကားကြီးများ အခေါက်ရေ ရာထောင်မက အဆမတန် တန်ပိုဖြတ်သန်းသွားလာမှုကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်၊ မြစ်ကြီးနား၊ ကန်ပိုင်တီး လမ်းမပေါ်ရှိ တံတားကြီးများ၏ အရည်အသွေး ကျဆင်းနေမှုအပေါ် စစ်ဆေးကြပ်မတ်ပြုပြင်ရန် လိုအပ်နေသည်များကို အချိန်မီပြုပြင်ရန်နှင့် စည်းကမ်းဖောက်ဖျက်မှုတို့ကို ထိရောက်စွာ တားဆီးအရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်း/တံတား ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် နှစ်စဥ်မိုးတွင်းကာလတွင် (၁၀)ဘီးနှင့်အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားဆီးရေးကို ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍စစ်ဆေးတားမြစ် ဆောင်ရွက်လျက်ရှိပြီး ယခု နှစ်မိုးတွင်းကာလတွင်လည်း (၁၀)ဘီးနှင့်အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုမရှိစေရန် စစ်ဆေးတားမြစ်နိုင်ရေး သတိပေးတားမြစ်သည့် ဆိုင်းဘုတ်များ စိုက်ထူ တားဆီးသွားမည်ဖြစ်ပြီး တန်ပိုတားဆီးရေးအဖွဲ့ စနစ်တကျဖွဲ့စည်း၍ စည်းကမ်းဖောက်ဖျက်မှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ ) ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ရပ်ကွက်(၃)၊ ပီဝ- အလုံဘွေ - ဖောင်ပိုက်ကုန်း - ထလုံကုန်း- တပ်ချောင်းရွာကြား ကားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ပီဝ - အလုံဘွေ - ပါထန်းရွာလမ်းပိုင်း(၅)မိုင် (၅)ဖာလုံအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ် သိမ်းသွင်းနိုင်ရေး တင်ပြသွားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိ၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လမ်းစာရင်းတွင် ပါဝင်လာပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အဆုံးအဖြတ်ရယူခြင်း

၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။ 

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၄။ ဦးစိုင်းထွန်းအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

ဥပဒေကြမ်းတင်သွင်းခြင်း၊ အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၅။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က တံတားကြီးများ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာ ဗိုလ်မှူးချုပ်တင့်လွင်၊ တပ်မတော်သားကိုယ်စားလှယ် (ဥပဒေကြမ်းကော်မတီဝင်) က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အဆိုဆွေးနွေးခြင်း

၆။ ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာနိုင်ငံတွင် လယ်ယာ ဥယျာဉ် ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် နောင်တစ်ချိန် လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိကသက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့် (ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးသည်။ 

၇။ အစည်းအဝေးကို ၁၁၃၀ နာရီအချိန်တွင်ရပ်နားပြီး  (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ၂၃-၈-၂၀၁၈ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်