Share this

(၁၁)ရက်မြောက်နေ့ အစည်းအဝေးအကျဉ်းချုပ်(၄.၁၂.၂၀၁၉)

Wednesday, December 4, 2019 - 12:13
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရသေ့တောင်မြို့နယ်၊ ဖြူချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွက် (၂)ထပ် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က မြေနေရာသစ်သို့ ပြောင်းရွှေ့နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဦးစွာ ဆောင်ရွက်ပြီးမှသာလျှင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြို့နယ်ဦးစားပေး အစီအစဉ်အရ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ သမိုင်းဝင် အောင်ဆန်းအားကစားကွင်းကြီးအား အကြီးစားပြင်ဆင်ပေးရန်နှင့် ကွင်းပတ်လည်ရှိ ဆိုင်ခန်းငှားရမ်းခများအား ကာလပေါက်ဈေးအတိုင်း တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က (၇၀ %) ပျက်စီး၍ အန္တရာယ်ရှိသော အဆောက်အဉီ ဖြစ်သောကြောင့် အမြန်ဖျက်သိမ်း၍ ပြေးလမ်းပါဝင်သော ခေတ်မီအားကစားကွင်း အဖြစ် အသစ်တည်ဆောက်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အောင်ဆန်းအားကစားကွင်းအား  (၃၀-၃-၂၀၁၈)ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြန်လည်လွှဲပြောင်းလက်ခံရယူခဲ့ပြိီး ဆိုင်ခန်းငှားရမ်းခ များကို ယခင်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကောက်ခံနှုန်းထားများအတိုင်း ကောက်ခံခဲ့ပြီး နိုင်ငံတော်ရငွေစာရင်းသို့ (၁-၁-၂၀၁၉) ရက်နေ့မှ စတင်၍ ပေးသွင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စာလ်ထောင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက် ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး    ဒေါက်တာမြလေးစိန် က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၆-၆-၂၀၁၉) ရက်စွဲပါ စာဖြင့် ပြည်ထောင်စုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများက နိုင်ငံ့ ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက် ရမည့်မူဝါဒများကို ထုတ်ပြန်ခဲ့ပါသဖြင့် အဆိုပါမူဝါဒနှင့်အညီစိစစ်၍ မြေစာရင်း ပုံစံ(၁၀၅-၁၀၆)ရရှိပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးသည်။

အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း က ကချင်ပြည်နယ် သာမက တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့တိုင် ဧကများစွာ ဆက်လက်စိုက်ပျိုးလျက် ရှိသော တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲနိုင်စေရန်၊ ရေရှည်တွင် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား ကြိုတင် တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများ ရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်သည့်ဌာနအသီးသီးတို့မှ ဟန်ချက်ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ်ရပ်ကို ချမှတ်၍ အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းရာ  လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သဖြင့် ဥက္ကဋ္ဌ က အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

၅။ အစည်းအဝေးကို ၁၁:၁၁ နာရီ အချိန်တွင် ရပ်နားပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ၆-၁၂-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်