Share this

အဋ္ဌမနေ့ အစည်းအဝေးအကျဉ်းချုပ် (၂၇.၁၁.၂၀၁၉)

Wednesday, November 27, 2019 - 12:27
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က) ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ရန်ကုန်-ပုသိမ် ကားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား မည်ကဲ့သို့ စီမံဆောင်ရွက်ပြီး မည်သည့်အချိန် တွင် ပြီးစီးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လာမည့်ဇွန်လတွင် အပြီးဆောင်ရွက် နိုင်ရေး ယခုအချိန်တွင် နေ့ရောညပါ အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဆောင်ရွက်နေစဉ်ကာလအတွင်း ခရီးသည်များအနေဖြင့် ခေတ္တ သည်းခံခွင့်လွှတ်ပေးကြစေလိုကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်း မြို့နယ်အတွင်းရှိ စစ်ကိုင်း - ဝက်လက်- ရွှေဘို ခရိုင်ချင်းဆက်လမ်းအား တိုးချဲ့၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လောလောဆယ်တွင် ခရိုင်ချင်းဆက်လမ်းအား တိုးချဲ့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ ပျက်စီးမှုများအား ပြင်ဆင် ထိန်းသိမ်းခြင်းကိုသာ ဆောင်ရွက်နိုင်ကြောင်းနှင့် ရွှေလီ-မူဆယ်-ထီးချိုင့်-စစ်ကိုင်း-မန္တလေး-နေပြည်တော်-ကျောက်ဖြူ လမ်းမကြီးတည်ဆောက်သည့် အခါတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့သောအချက်အလက်များနှင့် ပေါင်းစပ်ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အတွင်း ဖြတ်သန်း သွားသော မုံရွာ - ရေဦး - ကလေးဝ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပျက်စီးနေသော လမ်းပိုင်းများအား (၁၂)ပေအကျယ်မှ (၁၈)ပေအကျယ် ကတ္တရာလမ်း တာချဲ့ခြင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ရေဉီးမြို့နယ်နှင့်တန့်ဆည် မြို့နယ်အကြား၊ တန့်ဆည်မြို့နှင့် ကံထူးမရွာအကြား ပျက်စီးနေသောအပိုင်း များနှင့် ကျန်အပိုင်းများအား (၁၂)ပေအကျယ်မှ (၁၈)ပေအကျယ် ကတ္တရာလမ်း နှင့် ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို လာမည့်ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေဆက်လက်လျာထားတင်ပြပြီး ခွင့်ပြုရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှပေးပို့သောအချက်အလက်များနှင့် ပေါင်းစပ်ရှင်းလင်းဖြေကြားသည်။ 

(ဃ) ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာနှင့် ဓနုဖြူမြို့နယ်၊ နှဲကြိုးကျေးရွာ တို့ကို ဆက်သွယ်ထားသည့် ပေ(၄၃၀)အရှည် ကျေးရွာချင်းဆက် ချောင်းကူး ဝါးတံတားအား ခိုင်မာသည့် တံတားတစ်စင်းအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁)၌ ပါဝင်သဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်တံတားအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င) ဦးစခင်ဇော်လင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ဧရာဝတီ တိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်သို့ ဆက်သွယ်ပေးမည့် မြစ်ကူးကြိုးတံတား တစ်စင်းအား      ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲရေး နှင့် အကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ အဆင့်ဆင့်တင်ပြလာပါက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားနိုင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှပေးပို့သောအချက်အလက်များနှင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။ 

အဆုံးအဖြတ် ရယူခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထား သော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ ရှမ်းပြည်နယ်  မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းထွန်းအောင် (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည် ။

၅။ အစည်းအဝေးကို ၁၀:၅၁ နာရီ အချိန်တွင် ရပ်နားပြီး နဝမနေ့ အစည်းအဝေးကို ၂၉-၁၁-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်