Share this

သတ္တမနေ့ အစီအစဉ် (၁၇ - ၅ - ၂၀၁၉)

Friday, May 17, 2019 - 08:20
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

သတ္တမနေ့ အစီအစဉ်

 [ ၁၇ - ၅ - ၂၀၁၉ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် သတ္တမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ အော်ဂဲနစ် သီးနှံစိုက်ပျိုးသည့် တောင်သူများအား နိုင်ငံတော်မှ ပြည်တွင်း၊ ပြည်ပဈေးကွက် ချိတ်ဆက်ပေး နိုင်ရန်နှင့် လိုအပ်ချက်များကို မည်သို့ကူညီထောက်ပံ့ပေးနိုင်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ကုလားပုန်းနတ်ချောင်း ရေငန်တား တာတမံတွင် ဆည်ဖို့ရန် ကျန်နေသည့် အရှည်ပေ(၂၁၀၀၀)ကို ဆက်လက်ဆည်ဖို့ပေးရန်နှင့် လုံလောက်သော ရေနုတ်ပေါက်များကို ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦးမြို့နယ်အတွင်းရှိ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့် ပုဂံခေတ် ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သော မြကန်တမံကြီးအား ဘက်စုံပြုပြင် ထိန်းသိမ်းဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာနိုင်ငံရှိ ဆည်မြောင်းတာတမံများ မိုးရာသီကာလ မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ရေလှောင်တမံကျိုးပေါက်မှုများကို ကာကွယ်ရန် မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိ အဓိက ချောင်းသွယ်(၆)ခုမှ နှစ်စဉ် မိုးရာသီတိုင်း ရေကြီးပြီး ချောင်းရေတိုက်စားမှုကြောင့် ဖြစ်ပေါ်သော မြေပြိုမှုများကို ကာကွယ် ထိန်းသိမ်းရန်အတွက် ၎င်းတို့ထဲမှ (၄)ခု သို့မဟုတ် (၂)ခုအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် သမ္မတ၏အထူးရန်ပုံငွေဖြင့် လျာထား ထည့်သွင်းဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 ( စ ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနအနေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မှတ်တမ်းများကို ဥပဒေနှင့်အညီ မည်ကဲ့သို့ လွှဲပြောင်းရယူထိန်းသိမ်းထားသည်ကို သိရှိလိုခြင်းနှင့် မော်ကွန်းထိန်းသိမ်းခြင်း အရေးကြီးမှုကို ပြည်သူများ သိရှိနားလည်စေရန် ပညာပေးလုပ်ငန်းများ မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့တွင် အခွန်ဦးစီးဌာနရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း၊

 ( ဇ ) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကယားပြည်နယ်မှ ထုတ်လုပ်ပေးလျက်ရှိသော ဘီလူးချောင်း ရေအားလျှပ်စစ် ဝင်ငွေများမှ ပြည်နယ်သူ/ ပြည်နယ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေခြင်း အလို့ငှာ သင့်တော်သော မျှဝေမှု Resource Sharing ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ 

၆။ ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာ့ ပင်လယ်ဆိပ်ကမ်း တစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှတစ်ဆင့် သယ်ယူရန် အတွက် တန်ချိန်သုံးသိန်းခန့်အရွယ်ရှိ ဧရာမဆီတင်သ‌ေင်္ဘာကြီးများ ယင်းဆိပ်ကမ်းသို့ ဝင်ရောက်လျက်ရှိရာ၊ ကြီးမားသည့် မတော်တဆ ထိခိုက်မှုအန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်စေနိုင်ပြီး၊ ပမာဏများပြားသော ဆီယိုဖိတ်မှုများ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ အချိန်မီနှင့်အမြန်ဆုံး အန္တရာယ် ကာကွယ်တားဆီးရေးကိစ္စများကို ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲ ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း-

(က)ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

( ခ )ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

( ဂ )ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)

(ဃ)ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)

( င )ဗိုလ်မှူးတင်ထွဋ်၊ တပ်မတော်သား ကိုယ်စားလှယ်

( စ )ဦးစခင်ဇော်လင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ရပ်နားကြောင်းနှင့် အဋ္ဌမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။