Share this

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၅-၁၁-၂၀၁၉)

Monday, November 25, 2019 - 13:28
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်)

[ တနင်္လာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဒေါက်တာကျော်သန်းထွန်း (ကန်တုန်)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)၏ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ကျေးရွာများအနီးရှိ ကြက်မွေးမြူရေးခြံများအား လူနေဒေသအနီးမှ ပြောင်းရွှေ့ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူခြင်း ရှိ/မရှိ ကွင်းဆင်းကြပ်မတ် လျက်ရှိပြီး ပြည်သူလူထုကျန်းမာရေးကို ထိခိုက်စေနိုင်သော ကြက်မွေးမြူရေးခြံ များကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်ရန် စီမံဆောင်ရွက်လျက် ရှိသဖြင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ကြက်မွေးမြူရေးခြံများကို လတ်တလော တွင် လက်ရှိလူနေဒေသအနီး တည်ရှိနေမှုမှ ပြောင်းရွှေ့ဖယ်ရှားပေးရန် မြေနေရာ ရရှိမှုအပါအဝင် စီမံခန့်ခွဲမှုအပိုင်းကို ထည့်သွင်းစဉ်းစားဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၊ တဲချောင်းကျေးရွာအုပ်စု၊ ပြင်ဝန်းကျေးရွာ ဆားငန်ရေတား တာပေါင် အား ဆည်ဖို့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်အစိုးရရန်ပုံငွေတွင် ထပ်မံထည့်သွင်း လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ရှေးရိုးစဉ်လာ အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြစ်သော ယွန်းထည်လုပ်ငန်းကို နိုင်ငံခြား ဈေးကွက်ရှာပေးခြင်းအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့လက်မှုအနုပညာစင်တာ (Myanmar Art and Handicarft) ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရေးအစီအစဉ်တွင် ယွန်းထည်ပစ္စည်း များကို ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိရေးလုပ်ငန်းစဉ်ကို ထည့်သွင်းဆောင်ရွက် မည်ဖြစ်ပြီး ယွန်းထည်များကို ပြည်ပပို့ကုန်တစ်ရပ်အနေဖြင့် ဈေးကွက်တိုးချဲ့ ရှာဖွေနိုင်ရေးအတွက် ယွန်းထည်အစုအဖွဲ့ကိုလည်း ထည့်သွင်းဖွဲ့စည်းထားကြောင်း  ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် ဂရန် မူရင်းပိုင်ရှင်က အခြားသူတစ်ဦးသို့ ဂရန်နှင့်တကွ လွှဲပြောင်းရောင်းချထားပြီး ကြောင်း ကန့်ကွက်သူရှိနေပါလျက် ဂရန်မိတ္တူမှန် ထပ်လျှောက်ထားခြင်းကို ခွင့်ပြုပိုင်ခွင့် ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ဥပဒေကြောင်းအရ တရားရုံးအဆင့်ဆင့်၏ စီရင်ဆုံးဖြတ်ချက် များကို အထောက်အထားပြု၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။ 

(င)ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်း မြို့နယ်၊ အမှတ်(၁) မြို့မဈေးကြီးအား အဆင့်မီ အထပ်မြင့်ဈေးအဖြစ် အဆင့် မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်း က မိုးညှင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် အဆင့်မီအထပ်မြင့်ဈေး တည်ဆောက်ပေးနိုင်ခြင်းမရှိကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း 

၃။ စက်မှုဇုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေး သည်။

၄။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း ၏ မြန်မာနိုင်ငံတွင် တစ်စတစ်စပြုန်းတီးလျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင်တောများအပါအဝင် သစ်ပင်သစ်တောများ ပြန်လည်ရှင်သန် စိုပြည်လာစေရေးနှင့် သစ်ပင်သစ်တောများကို အခြေခံပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် World Bank, ADB, WWF စသည့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ငွေကြေးနှင့် နည်းပညာကူညီထောက်ပံ့မှုများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity)၊ လုပ်ငန်းစဉ်များ (Functions) နှင့် ကျင့်ဝတ်သိက္ခာ (Ethics)များ ပိုမိုအဆင့်အတန်း မြင့်မားလာစေရန် အထူးသင်တန်းများပေးပြီး အားပေးစည်းရုံး ပညာပေးသင်ကြားရန်နှင့် ၎င်းသစ်တောဝန်ထမ်းများ လိုအပ်လျက်ရှိသော ခေတ်မီလက်နက်ကိရိယာ Facilities and equipments များကို စနစ်တကျ တပ်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၆)ဦး က ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၂:၂၆ နာရီ အချိန်တွင် ရပ်နားပြီး အဋ္ဌမနေ့ အစည်းအဝေးကို      ၂၇-၁၁-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်