Share this

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၇.၅.၂၀၁၉)

Friday, May 17, 2019 - 14:01
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်    

၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်)

[ သောကြာနေ့ ]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ အော်ဂဲနစ်သီးနှံစိုက်ပျိုးသည့် တောင်သူ များအား နိုင်ငံတော်မှ ပြည်တွင်း၊ ပြည်ပဈေးကွက် ချိတ်ဆက်ပေးနိုင်ရန်နှင့် လိုအပ်ချက်များကို မည်သို့ကူညီထောက်ပံ့ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြည်တွင်းပြည်ပဈေးကွက် ချိတ်ဆက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာနှင့် ထုတ်လုပ်မှုကို အပြည့်အဝပံ့ပိုးပေး လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်ရှိ ကုလားပုန်းနတ်ချောင်း ရေငန်တား တာတမံတွင် ဆည်ဖို့ရန်ကျန်နေ သည့် အရှည်ပေ(၂၁၀၀၀)ကို ဆက်လက်ဆည်ဖို့ပေးရန်နှင့် လုံလောက်သော ရေနုတ်ပေါက်များကို ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တို့တွင်  ရခိုင်ပြည်နယ် အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေနှင့် မူလရန်ပုံငွေတို့တွင် အသီးသီးထည့်သွင်းလျာထား တင်ပြတောင်းခံထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြား သည်။

(ဂ)ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦးမြို့နယ်အတွင်းရှိ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့် ပုဂံခေတ် ကျန်စစ်သားမင်းကြီးတည်ဆောက်ခဲ့သော မြကန်တမံကြီး အား ဘက်စုံပြုပြင် ထိန်းသိမ်းဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က အကျိုးဖြစ်ထွန်းမှုနှင့် နှိုင်းယှဉ်လျှင် ဆောင်ရွက်ရန်သင့်လျော်မှုမရှိကြောင်း၊ မိုးရွာသွန်းမှုအပေါ်မူတည်ပြီး  ကန်အတွင်း ရေဝင်ရောက်မှုရှိလာသည့် အခြေအနေအရ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် လိုအပ်သလို ထိန်းသိမ်းစီမံဆောင်ရွက် ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာနိုင်ငံရှိ ဆည်မြောင်းတာတမံများ မိုးရာသီကာလ မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ရေလှောင်တမံကျိုးပေါက်မှုများကို ကာကွယ်ရန် မည်သို့စီမံဆောင်ရွက်နေသည် ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က တည်ဆောက်ထိန်းသိမ်းထားသည့် ရေလှောင်တမံများရေရှည်တည်တံ့၊ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ယခင်ကထက် ပိုမိုအလေးထား စီမံဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

(င)ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိ အဓိက ချောင်းသွယ်(၆)ခုမှ နှစ်စဉ်မိုးရာသီတိုင်း ရေကြီးပြီး ချောင်းရေတိုက်စားမှုကြောင့် ဖြစ်ပေါ်သော မြေပြိုမှုများကို ကာကွယ် ထိန်းသိမ်းရန်အတွက် ၎င်းတို့ထဲမှ (၄)ခု သို့မဟုတ် (၂)ခုအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် သမ္မတ၏အထူးရန်ပုံငွေဖြင့် လျာထားထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အရေးပေါ်ရန်ပုံငွေမှ သုံးစွဲခြင်းထက် ပြည်ထောင်စုမှ ချင်းပြည်နယ်သို့ ထောက်ပံ့ပေးသည့်ငွေရပ်အတွင်း ချင်းပြည်နယ် အစိုးရ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းလျာထားဆောင်ရွက် ခြင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြ အကူအညီတောင်းခံခြင်းဖြင့် ဆောင်ရွက်သင့်သည့်လုပ်ငန်းများဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနအနေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မှတ်တမ်းများကို ဥပဒေနှင့်အညီ မည်ကဲ့သို့လွှဲပြောင်းရယူ ထိန်းသိမ်းထားသည်ကို သိရှိလိုခြင်းနှင့် မော်ကွန်းထိန်းသိမ်းခြင်း အရေးကြီးမှုကို ပြည်သူများသိရှိနားလည်စေရန် ပညာပေးလုပ်ငန်းများ မည်ကဲ့သို့စီမံဆောင်ရွက် ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြည်နယ်၊ တိုင်းဒေသကြီး များသို့ မှတ်တမ်းရယူရေး ကွင်းဆင်းဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်းမှု အသိပညာပေးဆွေးနွေးခြင်း၊ မှတ်တမ်းများ၏ အရေးပါမှုနှင့် ထိန်းသိမ်းမှုပုံစံ များကို သင်တန်းပို့ချပေးခြင်း၊ မှတ်တမ်း၊ မော်ကွန်းများနှင့်စပ်လျဉ်း၍ အများ ပြည်သူများ သိရှိစေရန်နှင့် အသုံးချမှုတိုးပွားစေရန် အထိမ်းအမှတ်နေ့များ၊ နိုင်ငံတော်အဆင့်ပြပွဲများ၌ နိုင်ငံ့အမွေအနှစ်မှတ်တမ်းများကို ခင်းကျင်းပြသခြင်း၊ ဆောင်းပါးများရေးသားခြင်း၊ Talk Show Documentary အစီအစဉ်များ ထုတ်လွှင့်ပြသခြင်း၊ နေပြည်တော်နှင့် ရန်ကုန်မော်ကွန်းတိုက်တို့တွင် ပြခန်း ငယ်များဖြင့် နေ့စဉ်လေ့လာခွင့်ပြုထားခြင်း၊   ဝန်ကြီးဌာန Website ရှိ ဦးစီးဌာန Webpage  ဖြင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီတင်ပြ ခြင်း၊ သုတေသီများ ကိုးကားနိုင်ရန် နေ့စဉ်ရုံးချိန်အတွင်း ဝန်ဆောင်မှုပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဆ)ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့ တွင် အခွန်ဦးစီးဌာနရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း  က နယ်မြေလုံခြုံအေးချမ်းမှု အခြေအနေအပေါ်မူတည်၍ အခွန်ဦးစီးဌာနမှူးရုံး ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဇ)ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကယားပြည်နယ်မှ ထုတ်လုပ်ပေးလျက်ရှိသော ဘီလူးချောင်းရေအားလျှပ်စစ် ဝင်ငွေများမှ ပြည်နယ်သူ/ ပြည်နယ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေခြင်း အလို့ငှာ သင့်တော်သော မျှဝေမှု Resource Sharing ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က Resource Sharing ထောက်ပံ့ပေးရန်  သီးခြားရေးဆွဲ ထားသည့်အစီအစဉ်မရှိသော်လည်း ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တို့တွင် ပြဋ္ဌာန်းထားသော ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေများနှင့် အညီ ဆောင်ရွက်ပေးခြင်း၊ အခွန်ဝေစုခွဲဝေပေးခြင်း၊ အထူးကိစ္စအနေဖြင့် ထောက်ပံ့ပေးခြင်း၊ သယံဇာတခွဲဝေသုံးစွဲခြင်း (Resource Sharing )များနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိစေရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်နှင့် ရေရှည် တည်တံ့ခိုင်မြဲပြီး ပိုမိုမျှတကောင်းမွန်သော စီမံခန့်ခွဲမှုဖြစ်စေရန် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးအပါအဝင် ဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

အဆိုဆွေးနွေးခြင်း၊ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၃။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း က မြန်မာ့ပင်လယ် ဆိပ်ကမ်းတစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှတစ်ဆင့် သယ်ယူရန်အတွက် တန်ချိန်သုံးသိန်းခန့်အရွယ်ရှိ ဧရာမဆီတင်သ‌ေင်္ဘာကြီးများ ယင်းဆိပ်ကမ်းသို့ ဝင်ရောက်လျက်ရှိရာ၊ ကြီးမားသည့် မတော်တဆ ထိခိုက်မှုအန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်စေနိုင်ပြီး၊ ပမာဏများပြားသော ဆီယိုဖိတ်မှုများ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန် အတွက် ပြည်ထောင်စုအစိုးရမှ အချိန်မီနှင့်အမြန်ဆုံး အန္တရာယ်ကာကွယ်တားဆီးရေးကိစ္စများကို ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆက်လက်ဆွေးနွေးသည်။

၄။ ယင်းအဆိုနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၅။ အစည်းအဝေးကို ၁၂:၅၇ နာရီ အချိန်တွင် ရပ်နားပြီး အဋ္ဌမနေ့ အစည်းအဝေးကို ၂၁-၅-၂၀၁၉ ရက်နေ့(အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်