Share this

မြန်မာသင်္ဘောများ မှတ်ပုံတင် ဥပဒေ

Friday, June 3, 2016 - 11:19
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးပထမပုံမှန်အစည်းအဝေးဥပဒေကြမ်းများ

မြန်မာသင်္ဘောများ မှတ်ပုံတင် ဥပဒေ

(၂ဝ၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်၊            ။ )

၁၃၇၈ ခုနှစ်၊                                   လ               ရက်  

( ၂ဝ၁၆ ခုနှစ်၊                    လ         ရက် )

ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာ သင်္ဘောများ မှတ်ပုံတင် ဥပဒေ  ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် အောက်ဖော်ပြပါ သင်္ဘောများနှင့် သက်ဆိုင်စေရမည် -

(က) မြန်မာ့ရေပြင်နှင့် မြန်မာ့ဆိပ်ကမ်းတစ်ခုခုတွင် ရှိနေသည့် မြန်မာသင်္ဘောများ၊

(ခ) နိုင်ငံခြားရေပြင်နှင့် အပြည်ပြည်ဆိုင်ရာရေပြင်တို့တွင်လည်းကောင်း၊ ပြည်ပဆိပ်ကမ်းတစ်ခုခုတွင်လည်းကောင်း ရောက်ရှိနေသည့် မြန်မာသင်္ဘောများ၊

(ဂ) မြန်မာ့ရေပြင်နှင့် မြန်မာ့ဆိပ်ကမ်းတစ်ခုခုတွင် ရောက်ရှိနေသည့် နိုင်ငံခြားသင်္ဘောများ။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကို ဆိုသည်။

(ခ) သင်္ဘော ဆိုသည်မှာ စက် သို့မဟုတ် စွမ်းအား တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ အသုံးမပြုဘဲဖြစ်စေ ရေကြောင်းတွင် အသုံးပြုသည့် ရေယာဉ်တစ်မျိုးမျိုးကို ဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါရေယာဉ်တစ်မျိုးမျိုးလည်း ပါဝင်သည် -

(၁) သောင်တူး သင်္ဘော ၊ ရွေ့လျားဝန်ချီ သင်္ဘော (floating crane)၊

(၂) ရေကြောင်းတွင်သာ အဓိက အသုံးပြုသော ရေပြင်ပေါ်ရှပ်ပြေးလေယာဉ် (air -cushion) သို့မဟုတ် အခြား အလားတူ ရေယာဉ်၊

(၃) ကမ်းလွန်ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ပင်လယ်ရေအောက် သယံဇာတများ သုတေသနပြုလုပ်ခြင်း၊ တိုင်းတာခြင်း၊ ရှာဖွေခြင်း၊ တူးဖော်ခြင်းနှင့် ထုတ်လုပ်ခြင်း  လုပ်ငန်းသုံး ရေယာဉ် တစ်မျိုးမျိုး၊

(၄) ရေပေါ် လွန်းကျင်း (floating dock)၊ ရေပေါ်ဟိုတယ် (floating hotel)၊ ပင်လယ်ရေအောက် ကြေးနန်းကြိုး အတင်အချ ရေယာဉ် (cable laying vessel) နှင့် အခြားအလားတူ ပစ္စည်းကိရိယာဆိုင်ရာ ရေယာဉ်များ၊

(၅) ရွေ့လျား ကမ်းလွန်လုပ်ငန်း ယူနစ်များ (Off - Shore Industry Mobile Units)၊ လုပ်ငန်းသုံး ပင်လယ်ပြင်စင်မြင့် (Platform)၊

(၆) အပျော်စီး ရေယာဉ်၊ ရေငုပ်သင်္ဘော၊  ငါးဖမ်းသင်္ဘောနှင့် ရွက်သင်္ဘော၊

(၇) ခရီးသည်တင် သင်္ဘောနှင့် ကုန်တင်သင်္ဘော တစ်မျိုးမျိုး၊

(၈) အစိုးရသင်္ဘော၊ စစ်သင်္ဘော၊

(၉) ပင်လယ် ရေအောက် ကျောက်တုံးများ ဖယ်ရှားရေး သင်္ဘော (boulder - removal vessel)၊

(၁ဝ) ဆယ်တင်ရေးသင်္ဘော၊ တွန်းသော၊ တွဲသော သို့မဟုတ် ဆွဲသော သင်္ဘော တစ်မျိုးမျိုး၊

(၁၁) သင်္ဘောဖြင့် တွန်းသော၊ တွဲသော သို့မဟုတ် ဆွဲသော စက်မဲ့ကုန်တွဲနှင့် ရေနံတွဲ ရေယာဉ် တစ်မျိုးမျိုး၊

(၁၂) တည်ဆောက်ဆဲ သင်္ဘော။

(ဂ) မြန်မာသင်္ဘော ဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ရန် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသည့်အပြင် ဤဥပဒေအရ မှတ်ပုံမတင်မနေရတင်ရန် တာဝန်အရ မှတ်ပုံတင်ထားသော သို့မဟုတ် မှတ်ပုံတင်ရန် တာဝန်ရှိသော သင်္ဘောကို လည်းကောင်း၊ မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်ထားသော မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားတို့ အကျိုးတူ ဖက်စပ်ကုမ္ပဏီပိုင် သင်္ဘော သို့မဟုတ် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားကုမ္ပဏီ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းပိုင် သင်္ဘောကို လည်းကောင်း ဆိုသည်။

(ဃ) နိုင်ငံခြား သင်္ဘော ဆိုသည်မှာ ပြည်ပနိုင်ငံတွင် မှတ်ပုံတင်ထားသော သင်္ဘောကို ဆိုသည်။

(င) သင်္ဘောငယ် ဆိုသည်မှာ မှတ်ပုံတင်အလျား ၂၄ မီတာအောက် ငယ်သော ရေယာဉ်နှင့်  ဝန်ကြီးဌာနက သင်္ဘောငယ်ဟု သတ်မှတ်သော အခြားရေယာဉ်ကို ဆိုသည်။ 

(စ) သင်္ဘောပိုင်ရှင် ဆိုသည်မှာ ရေကြောင်းတွင် စီးပွားရေး အလို့ငှာ အသုံးပြုသော သင်္ဘော ကို ပိုင်ဆိုင်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။  ယင်းစကားရပ်တွင် သင်္ဘောပိုင်ရှင်ထံမှ တာဝန်ယူထားပြီးသူဖြစ်သည့်အပြင် သင်္ဘောပိုင်ရှင်အပေါ်တင်ရှိမည့် တာဝန်နှင့် ဝတ္တရားများကို လွှဲပြောင်းခံယူပါမည်ဟု သဘောတူထားပြီးဖြစ်သော ထိုသင်္ဘောပိုင်ရှင်က တာဝန်ပေးအပ်ထားသည့် အောက်ပါပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ပါဝင်သည် -

(၁) သင်္ဘောကို စီမံခန့်ခွဲအုပ်ချုပ်သူနှင့် ယင်း၏ကိုယ်စားလှယ်၊

(၂) သင်္ဘောစင်းလုံး ငှားရမ်းလုပ်ကိုင်သည့် သို့မဟုတ် အကျိုးတူ ဖက်စပ်လုပ်ငန်း လုပ်ကိုင်သည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ။

(ဆ) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ပြီး ဤဥပဒေအရ ဦးစီးဌာနက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်ကို ဆိုသည်။

(ဇ) ယာယီမှတ်ပုံတင်လက်မှတ် ဆိုသည်မှာ မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းမပြုမီ လိုအပ်ချက်များ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဤဥပဒေအရ ဦးစီးဌာန က ယာယီအားဖြင့် ထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်ကို ဆိုသည်။

(ဈ) လုံးပေါင်းတန်ချိန် (Gross Tonnage) ဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ရန် မြန်မာကုန်သည်သင်္ဘောဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းတာ၍ တွက်ချက်ထားသော သင်္ဘော အရွယ်အစားကို ဖော်ညွှန်းသည့် ယူနစ်ကိုဆိုသည်။

(ည) မှတ်ပုံတင်အလျား ဆိုသည်မှာ သင်္ဘော၏ဧရာမှ ပင်မကုန်းပတ်အထိ တိုင်းတာရရှိသော အနည်းဆုံးစောက်၏ ၈၅ ရာခိုင်နှုန်းအမြင့်တွင်ရှိပြီး သင်္ဘော၏ဧရာမျဉ်းနှင့် အပြိုင်ဖြစ်သော ရေစပ်မျဉ်းတစ်လျှောက် စုစုပေါင်းအလျား၏ ၉၆ ရာခိုင်နှုန်းဖြစ်သည့် အလျားနှင့် ဖော်ပြပါ ရေစပ်မျဉ်းတလျှောက် သင်္ဘော၏ဦးပိုင်းနှာဖျားမှ တက်မတိုင်လုံးပတ်အလယ်ထိ တိုင်းတာရရှိသော အလျားနှစ်ခုတို့အနက်မှ များသောအလျားကို ဆိုသည်။

(ဋ) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ မြန်မာသင်္ဘောများကို မှတ်ပုံတင်ရန်အလို့ငှာ ဤဥပဒေအရ ခန့်ထားသော အရာရှိကို ဆိုသည်။

(ဌ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနကို ဆိုသည်။ 

(ဍ) ဦးစီးဌာန ဆိုသည်မှာ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ကို ဆိုသည်။

(ဎ) အဖွဲ့အစည်း ဆိုရာတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီ၊ အစုစပ်လုပ်ငန်း၊ အသင်း၊ ဘုတ် အဖွဲ့နှင့် ကော်ပိုရေးရှင်းတို့ ပါဝင်သည်။

(ဏ) တိုင်းတာစစ်ဆေးရေးမှူး ဆိုသည်မှာ သင်္ဘောများကို မှတ်ပုံတင်ရေးအတွက် လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်ရန် ဦးစီးဌာနက တာဝန်ပေးအပ်ထားသူကို ဆိုသည်။

(တ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ ရေယာဉ်ခုတ်မောင်းသွားလာခွင့် လက်မှတ်ထုတ်ပေးနိုင်ရေးအတွက်  လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်ရန် ဦးစီးဌာနက တာဝန်ပေးအပ်ထားသူကို ဆိုသည်။ 

အခန်း (၂)

ရည်ရွယ်ချက်များ

၄။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

(က) နိုင်ငံတော်က လက်ခံထားသော အပြည်ပြည်ဆိုင်ရာ ရေကြောင်းဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်က အတည်ပြုပြဋ္ဌာန်းသတ်မှတ်ထားသော ကွန်ဗင်းရှင်းများ၊ ဆုံးဖြတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သင်္ဘောများကို စနစ်တကျ မှတ်ပုံတင်နိုင်ရန်၊

(ခ) မြန်မာနိုင်ငံသားပိုင် သင်္ဘောများသာမက မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားများဖြင့် ဖွဲ့စည်းထားသည့် အကျိုးတူ ဖက်စပ်ကုမ္ပဏီက ပိုင်ဆိုင်သော သင်္ဘောများနှင့် နိုင်ငံခြားသားပိုင် သင်္ဘောများကိုပါ နိုင်ငံတော်အလံ လွှင့်ထူခွင့်ပြုသည့် သင်္ဘောအဖြစ် မှတ်ပုံတင်ပေးနိုင်ရန်၊

(ဂ) မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ခများ တိုးမြှင့်ရရှိရန်နှင့် မြန်မာပင်လယ်ကူး သင်္ဘောသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးပွားလာစေရန်၊

(ဃ) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအတွက် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မြန်မာသင်္ဘောများ ပိုမိုပါဝင်၍ သယ်ယူပို့ဆောင်ပေးခြင်းဖြင့် မြန်မာပို့ကုန်သွင်းကုန်များ ပို၍ လျင်မြန်ချောမွေ့လာစေရန်၊

(င) မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ထားသော သင်္ဘောများကို ဤဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှုဆိုင်ရာ ဥပဒေများနှင့်အညီ ခုတ်မောင်းသွားလာမှု ရှိမရှိ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ ပြုနိုင်ရန်၊

အခန်း (၃)

မှတ်ပုံတင်အရာရှိ ခန့်အပ်တာဝန်ပေးခြင်းနှင့် မှတ်ပုံတင် ဆိပ်ကမ်း

၅။ ဦးစီးဌာနသည် ဤဥပဒေအရ မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ဦးစီးဌာနမှ ကျွမ်းကျင်သည့် အရာရှိတစ်ဦးဦးကိုလည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနမှ အရာရှိများကိုလည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာနနှင့်ညှိနှိုင်းပြီး လွှဲအပ် တာဝန်ပေးထားသည့် အရာရှိများကိုလည်းကောင်း ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးနိုင်သည်။

၆။ မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်သည့် ပင်မဆိပ်ကမ်းသည် ရန်ကုန်ဆိပ်ကမ်း ဖြစ်သည်။  ထို့ပြင် မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်သည့် အခြားဆိပ်ကမ်းများကိုလည်း ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်။

အခန်း (၄)

မှတ်ပုံတင်ရန် တာဝန်ရှိသည့် သင်္ဘောများ

၇။ ပြည်တွင်းရေကြောင်းတွင် ဖြစ်စေ၊ မြန်မာ့ကမ်းရိုးတန်းတွင် ဖြစ်စေ၊ မြန်မာ့ရေပြင်တွင် ဖြစ်စေ အသုံးပြုသည့် အောက်ဖော်ပြပါ သင်္ဘောတစ်စီးစီးသည် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံလျှင် ဤဥပဒေနှင့်အညီ မှတ်ပုံတင်ရမည်  - 

(က) ခရီးသည်နှင့် ကုန်စည် နှစ်မျိုးလုံးကိုဖြစ်စေ၊  တစ်မျိုးမျိုးကိုဖြစ်စေ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် - 

(၁) လုံးပေါင်းတန်ချိန် ငါး တန် သို့မဟုတ် မှတ်ပုံတင်အလျား ခုနှစ် မီတာထက်ပိုသည့် မြန်မာ့ကမ်းရိုးတန်းသွား သင်္ဘော၊ 

(၂) လုံးပေါင်းတန်ချိန် သုံး တန် သို့မဟုတ် မှတ်ပုံတင်အလျား သုံး မီတာထက်ပိုသည့် ပြည်တွင်းရေကြောင်းသွား သင်္ဘော။ 

(ခ) နိုင်ငံတော်၌ အမြဲတမ်း နေထိုင်သော ပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ တည်ထောင်ထားသော ကုမ္ပဏီပိုင် သင်္ဘောငယ်၊

(ဂ) အစိုးရသင်္ဘောနှင့် ကင်းလွတ်ခွင့်ပြုမထားသည့် စစ်သင်္ဘောများ၊

(ဃ) ငါးဖမ်းသင်္ဘောနှင့် အပျော်စီးသင်္ဘော ၊

(င) ဤပုဒ်မအရ မှတ်ပုံတင်ရန် လိုအပ်သည်ဟု ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော အခြားသင်္ဘော အမျိုးအစားတစ်မျိုးမျိုး။

၈။ နိုင်ငံခြားတိုင်းပြည်တစ်ခုခုတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် အောက်ဖော်ပြပါ သင်္ဘောသည် မြန်မာ့ဆိပ်ကမ်းတစ်ခုခုကို အခြေပြု၍ နိုင်ငံခြားရေပြင်နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းတို့တွင် အသုံးပြုရန်အလို့ငှာ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံလျှင် ဤဥပဒေနှင့်အညီ မှတ်ပုံတင်ရမည် -

(က) လုံးပေါင်းတန်ချိန် နှစ်ရာ နှင့် မှတ်ပုံတင်အလျား နှစ်ဆယ့်လေး မီတာ ထက်ပိုသည့် ပင်လယ်ရေကြောင်းသွား သင်္ဘော၊

(ခ) ဤပုဒ်မအရ မှတ်ပုံတင်ရန် လိုအပ်သည်ဟု ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော အခြားသင်္ဘော အမျိုးအစားတစ်မျိုးမျိုး။

အခန်း (၅)

သင်္ဘောကို မှတ်ပုံတင်ရန် လိုအပ်သည့် အရည်အချင်းများ

၉။ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့အရ မှတ်ပုံတင်ရန် တာဝန်ရှိသော မြန်မာနိုင်ငံသားပိုင်သင်္ဘောကို မှတ်ပုံတင်နိုင်ရန် အောက်ဖော်ပြပါ အရည်အချင်းများ၊ လိုအပ်ချက်များနှင့် ကိုက်ညီရမည် - 

(က) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီပိုင် သို့မဟုတ် မြန်မာနိုင်ငံသားပိုင်သင်္ဘောဖြစ်ခြင်း၊  

(ခ) ဦးစီးဌာနက တာဝန်ပေးသည့် တိုင်းတာစစ်ဆေးရေးမှူး၏ စစ်ဆေးချက်လက်မှတ် သို့မဟုတ် ဦးစီးဌာနက လက်ခံ အသိအမှတ်ပြုသော နိုင်ငံခြား တိုင်းပြည်မှ တိုင်းတာ စစ်ဆေးရေးမှူး၏ စစ်ဆေးချက် လက်မှတ် (Certificate of Survey ) အရ -

(၁) ပြည်တွင်းရေကြောင်းတွင်ဖြစ်စေ၊ မြန်မာ့ကမ်းရိုးတန်းနှင့် မြန်မာ့ရေပြင်တွင် ဖြစ်စေ၊ နိုင်ငံခြားရေပြင်နှင့် အပြည်ပြည်ဆိုင်ရာရေပြင်တို့တွင်ဖြစ်စေ အန္တရာယ်ကင်းရှင်းပြီး ကြံ့ခိုင်၍ လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရေး အစီအစဉ်များကို လိုက်နာ ဆောင်ရွက်ထားသော သင်္ဘောဖြစ်ခြင်း၊

(၂) လုံးပေါင်းတန်ချိန် နှစ်ရာ အောက်ရှိ သင်္ဘောများမှတပါး ပင်လယ်ရေကြောင်းသွား သင်္ဘောပေါ်တွင် သင်္ဘောသားများ၏ လုံခြုံမှုကို စီမံထားရှိရမည်။  ထို့ပြင် သင်္ဘောသားများ၏ ကျန်းမာရေး၊ နေထိုင်ရေး၊ ထောက်ပံ့ရေးပစ္စည်းများနှင့် သက်သာချောင်ချိမှုများကို လုံလောက်စွာ စီမံထားရှိပြီး ဖြစ်ခြင်း၊

(၃) ကမ်းရိုးတန်းသွား သင်္ဘော၊ ပင်လယ်ရေကြောင်းသွားသင်္ဘောနှင့် မြန်မာ့ရေပြင်တွင် အသုံးပြုသော သင်္ဘောတို့ကို မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ခြင်းမပြုမီ သတ်မှတ်ထားသော ထင်ရှားမြင်သာသည့်နေရာတွင် သင်္ဘော၏ အမည်၊ လုံးပေါင်း တန်ချိန် နှင့် ရေစူးပေ သို့မဟုတ် မီတာ အမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ထားပြီးဖြစ်ခြင်း၊ 

(၄) ပင်လယ်ရေကြောင်းသွား သင်္ဘောများအတွက် အပြည်ပြည်ဆိုင်ရာ တန်ချိန် အတိုင်းအတာဆိုင်ရာ ကွန်ဗင်းရှင်း (International Tonnage Conveniton, 1969)နှင့်အညီ စစ်ဆေး၍ ကျေနပ်ဖွယ်ရာ တွေ့ရှိပြီးဖြစ်ခြင်း၊

(ဂ) နိုင်ငံခြားမှ တင်သွင်းသည့် သင်္ဘောဖြစ်ပါက နိုင်ငံခြားသင်္ဘောအဖြစ် မှတ်ပုံတင်လက်မှတ် ရရှိထားပြီးဖြစ်ခြင်း၊

(ဃ) ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သော အခြား အရည်အချင်းများနှင့် ပြည့်စုံသည့် သင်္ဘောဖြစ်ခြင်း၊

၁၀။ ပြည်ပမှ စင်းလုံးငှားရမ်းသည့် နိုင်ငံခြားသင်္ဘောကို မှတ်ပုံတင်ရန် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရာတွင် အောက်ဖော်ပြပါ အရည်အချင်းများ၊ လိုအပ်ချက်များနှင့် ကိုက်ညီရမည် -

(က) ပုဒ်မ ၉ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့၌ ပါရှိသော အရည်အချင်းများနှင့် ကိုက်ညီရမည် ဖြစ်ခြင်း၊

(ခ) သင်္ဘောပိုင်ရှင်နှင့် သင်္ဘောစင်းလုံး ငှားရမ်းသူတို့သည် နှစ်ဖက်သဘောတူ သင်္ဘောစင်းလုံးငှားရမ်းခြင်း စာချုပ်ကိုဖြစ်စေ၊ လူမပါ သင်္ဘောငှားရမ်းခြင်း စာချုပ်ကိုဖြစ်စေ ချုပ်ဆိုပြီး ဖြစ်ခြင်း၊

(ဂ) သင်္ဘောကို မူလမှတ်ပုံတင်ထားသည့် နိုင်ငံ၏ အခွင့်အာဏာပိုင်ထံမှ သဘောတူညီချက် ရရှိပြီး ဖြစ်ခြင်း၊

(ဃ) သင်္ဘောကို ပေါင်နှံထားခြင်း ရှိလျှင် သင်္ဘော အပေါင်ခံသူနှင့် သင်္ဘောပိုင်ရှင်တို့၏ သဘောတူညီချက်ရရှိပြီး ဖြစ်ခြင်း၊

(င) ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ နှင့် (ဃ) ပါ လိုအပ်ချက်များအပြင် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဦးစီးဌာနက အခါအားလျော်စွာ သတ်မှတ်သော အခြား အရည်အချင်းများ နှင့် ပြည့်စုံသည့်သင်္ဘောဖြစ်ခြင်း။

၁၁။ (က) မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားတို့ဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအရ မှတ်ပုံတင်ဖွဲ့စည်းထားသည့် အကျိုးတူ ဖက်စပ်ကုမ္ပဏီပိုင် သင်္ဘောကို မြန်မာသင်္ဘော အဖြစ် မှတ်ပုံတင်ရန်လျှောက်ထားရာတွင် အောက်ဖော်ပြပါ အရည်အချင်းများ၊ လိုအပ်ချက်များနှင့် ကိုက်ညီရမည် -

(၁) နိုင်ငံတော်တွင် ကုမ္ပဏီ၏ ပင်မရုံး သို့မဟုတ် ရုံးခွဲ တည်ထောင်ဖွင့်လှစ်ထားပြီး ဖက်စပ်ကုမ္ပဏီပိုင်သော သင်္ဘော ဖြစ်ခြင်း၊

(၂) ပုဒ်မ ၉ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့၌ပါရှိသော မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ရန် လိုအပ်သည့် အရည်အချင်းများနှင့် ကိုက်ညီရမည် ဖြစ်ခြင်း၊

(၃) အကျိုးတူ ဖက်စပ်ကုမ္ပဏီပိုင် သင်္ဘော၏ပိုင်ဆိုင်မှု အစုရှယ်ယာ အချိုးအစားကို ဖော်ပြထားခြင်း၊

(၄) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများကိုလည်းကောင်း၊ ဦးစီးဌာနက သတ်မှတ်သည့် မှတ်ပုံတင် စည်းကမ်းချက်များကို လည်းကောင်း လိုက်နာနိုင်ခြင်း။

(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၃) ပါ သင်္ဘောပိုင်ဆိုင်မှု အချိုးအစားကို အစုရှယ်ယာ ၆၄ စု အပေါ်အခြေခံ၍ သတ်မှတ်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အစုရှယ်ယာပိုင်ဆိုင်မှု အချိုးအစားကို ပြင်ဆင်သတ်မှတ်နိုင်သည်။

၁၂။ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားကုမ္ပဏီ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းပိုင်သင်္ဘောကို မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ရန် ဦးစီးဌာနသို့ လျှောက်ထားရာတွင် အောက်ဖော်ပြပါ အရည်အချင်းများ၊ လိုအပ်ချက်များနှင့်ကိုက်ညီရမည် -

(က) ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့၌ ပါရှိသော မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ရန် လိုအပ်သည့် အရည်အချင်းများနှင့် ပြည့်စုံခြင်း၊

(ခ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ -  

(၁) နိုင်ငံခြားကုမ္ပဏီအဖြစ် နိုင်ငံတော်တွင် မှတ်ပုံတင်ပြီး နိုင်ငံတော်တွင် ကုမ္ပဏီပင်မရုံး တည်ထောင်ဖွင့်လှစ်ပြီး ဖြစ်ခြင်း၊

(၂) နိုင်ငံခြားကုမ္ပဏီ၏ ရုံးခွဲကို နိုင်ငံတော်တွင် မှတ်ပုံတင်၍ တည်ထောင်ဖွင့်လှစ်ပြီး နိုင်ငံတော်တွင် အမြဲတမ်းဌာနေ ကိုယ်စားလှယ် ခန့်ထားပြီး ဖြစ်ရမည်။

(ဂ) သင်္ဘောကုမ္ပဏီမှာ သတ်မှတ်ထားသော အနည်းဆုံး မတည်ငွေရင်း ထည့်ဝင်ပြီး ဖြစ်သည့်အပြင် သတ်မှတ်ထားသော မတည်ငွေရင်း ပမာဏကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဘဏ်တွင် ငွေစာရင်းဖွင့်၍ အပ်နှံထားရမည်။

(ဃ) ဦးစီးဌာနက သတ်မှတ်သော မှတ်ပုံတင် စည်းကမ်းချက်များကိုလိုက်နာရမည်။

အခန်း (၆)

သင်္ဘော၏ အမှတ်အသားများ

၁၃။ (က) ပြည်တွင်းရေကြောင်းသွား သင်္ဘောများနှင့် သင်္ဘောငယ်များမှတပါး ကျန်သင်္ဘောများသည် မှတ်ပုံမတင်မီ သင်္ဘောတွင် ထင်ရှားပေါ်လွင်ပြီး ကောင်းစွာမြင်နိုင်သည့် ပုံသေ အမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ခ) ပြည်တွင်းရေကြောင်းသွား သင်္ဘောများနှင့် သင်္ဘောငယ်များသည် မှတ်ပုံမတင်မီ ဦးစီးဌာနက သတ်မှတ်သည့်အတိုင်း သင်္ဘောပေါ်တွင် ထင်ရှားပေါ်လွင်ပြီး ခိုင်မြဲသည့် အမှတ်အသားများကို ပြုလုပ်ရမည်။

အခန်း (၇)

အသစ်တည်ဆောက်မည့် သင်္ဘောများကို မှတ်ပုံတင်လျှောက်ထားခြင်း

၁၄။ ဦးစီးဌာနသည်-

(က) သင်္ဘောအသစ် တည်ဆောက်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ ကို ထုတ်ပြန်ရမည်။

(ခ) သင်္ဘောတည်ဆောက်ခွင့် လျှောက်ထားခြင်းကို စိစစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက သင်္ဘော တည်ဆောက် ခွင့်ပြုချက်ကို ထုတ်ပေးနိုင်သည်။

(ဂ) တည်ဆောက်ခွင့်ပြုချက် လျှောက်ထားရန်မလိုသော သင်္ဘောအမျိုးအစားများကို သတ်မှတ် ထုတ်ပြန်နိုင်သည်။

(ဃ) မည်သည့် တည်ဆောက်ဆဲသင်္ဘောကိုမဆို သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေး နိုင်သည်။

၁၅။ မှတ်ပုံတင်ရန် တာဝန်ရှိသည့် သင်္ဘောအသစ်တည်ဆောက်ရာတွင် သင်္ဘောပိုင်ရှင်သည်-

(က) တည်ဆောက်ခွင့်ပြုချက် ရရှိရန် ဦးစီးဌာနသို့ သတ်မှတ်ထားချက်နှင့်အညီ ကြိုတင် လျှောက်ထားရမည်။

(ခ) ဦးစီးဌာနမှထုတ်ပေးသည့် တည်ဆောက်ခွင့်ပြုချက်ရရှိမှသာသင်္ဘောတည်ဆောက် ခြင်း ပြုရမည်။

(ဂ) ဦးစီးဌာနက ထုတ်ပြန်ထားသော သင်္ဘောအသစ်တည်ဆောက်ခြင်းနှင့်ဆိုင်ရာ သတ်မှတ်ချက်များအား လိုက်နာရမည်။

အခန်း (၈)

မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးခြင်း 

၁၆။ (က) ဤဥပဒေအရ မှတ်ပုံတင်ရန် တာဝန်ရှိသည့် သင်္ဘောပိုင်ရှင်သည် ပုဒ်မ ၉ ၌ ပါရှိသော မြန်မာသင်္ဘော အဖြစ် မှတ်ပုံတင်ရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့လျှောက် ထားရမည်။ 

(ခ) ဦးစီးဌာနသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင် ရန် ရေယာဥ်အမျိုးအစားနှင့် အရွယ်အစားအလိုက် လျှောက်ထားရမည့် နေရာဒေသ တို့ကို သတ်မှတ်ရမည်။

၁၇။ မှတ်ပုံတင်ရန် လျှောက်ထားသည့် မည်သူမဆို အောက်ပါ အခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်ပါက ယာယီမှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထား နိုင် သည်  -

(က) မှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချိန်တွင် နိုင်ငံခြားတိုင်းပြည် တစ်ခုခုရှိ ဆိပ်ကမ်းသို့ ရောက်ရှိနေသော သင်္ဘော၊

(ခ) သင်္ဘောကို ဖြစ်စေ၊ သင်္ဘောပိုင်ဆိုင်မှု အစုရှယ်ယာကို ဖြစ်စေ ရောင်းချရန် သဘောတူ စာချုပ်အရ သင်္ဘောကို နည်းလမ်းတကျ လွှဲပြောင်းရောင်းချမှုကို ဆောင်ရွက်နေသည့် သင်္ဘော၊

(ဂ) နိုင်ငံခြားတွင် မှတ်ပုံတင်ခဲ့သည့် သင်္ဘောပိုင်ရှင်က ၄င်း၏ နိုင်ငံခြား မှတ်ပုံတင် စွန့်လွှတ် ချက် အပေါ် အခွင့်ရအာဏာပိုင်၏ သဘောတူညီချက်ဖြင့် ထိုမှတ်ပုံတင် ပယ်ဖျက်ထားဆဲ ဖြစ်သော သင်္ဘော၊

(ဃ) မှတ်ပုံတင်ရာတွင် ဖော်ပြရန် လိုအပ်သည့် လွှဲပြောင်းခြင်း ခံရသူ၏ အမည်နှင့် အခြား အချက်အလက်များ ပြောင်းလဲ ပြင်ဆင်ခြင်း၊  ပြုလုပ်နေဆဲ ဖြစ်သော သင်္ဘော၊

(င) မှတ်ပုံတင်ရန် လိုအပ်သည့် တိုင်းတာစစ်ဆေးရေးမှူး သို့မဟုတ် စစ်ဆေးရေးအရာရှိ၏ တိုင်းတာစစ်ဆေးချက် လက်မှတ်အတွက် သင်္ဘောကို တိုင်းတာစစ်ဆေးချက်များ ပြုလုပ်ဆဲ သင်္ဘော။

၁၈။ ဤဥပဒေအရ မည်သူမဆို မှတ်ပုံတင်ရန် တာဝန်ရှိသော သင်္ဘောကိုဖြစ်စေ၊ မိမိတို့၏ ဆန္ဒ အလျောက် မှတ်ပုံတင်ရန် လျှောက်ထားသော သင်္ဘောကို ဖြစ်စေ မှတ်ပုံတင်ရန် ဦးစီးဌာနသို့ လျှောက်ထားသည့်အခါ အောက်ပါ သက်သေခံ အထောက်အထား စာတမ်း အမှတ်အသားများကို ပူးတွဲ၍ တင်ပြရမည်  -

(က) အစိုးရ သင်္ဘောမှတပါး အခြားသင်္ဘောဖြစ်လျှင် သင်္ဘော၏ ပိုင်ရှင်ဖြစ်ကြောင်း ကြေညာ ချက်၊

(ခ) မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ရန် သတ်မှတ်ထားသောအရည်အချင်းနှင့် ပြည့်စုံကြောင်း ကြေညာချက်၊

(ဂ) သင်္ဘောတည်ဆောက်ခြင်းနှင့် သင်္ဘော၏လုံးပေါင်းတန်ချိန်တို့နှင့် သက်ဆိုင်သည့် စာချုပ် နှင့်အတူ -

(၁) တည်ဆောက်သူက သက်သေခံ လက်မှတ်ရေးထိုး ထုတ်ပေးထားသည့် သင်္ဘော ဒီဇိုင်း၊  ရေးဆွဲချက် အတိုင်းအတာ ပမာဏ၊ အသုံးပြုသည့် ပစ္စည်း ကိရိယာများ၊ တည်ဆောက်သည့် နေရာ၊ နေ့ရက်နှင့် ကာလတို့အပြင် သင်္ဘော တည်ဆောက်မှုနှင့် ဆိုင်သည့် အခြား အချက်အလက် အထောက်အထား၊ စာတမ်း အမှတ်အသားများ၊

(၂) တိုင်းတာစစ်ဆေးရေးမှူးက ထုတ်ပေးထားသည့် သင်္ဘော၏ လုံးပေါင်းတန်ချိန်နှင့် လုံးပေါင်း တန်ချိန် သက်သေခံလက်မှတ်။

(၃) သင်္ဘောအသစ်များအတွက် ဦးစီးဌာနမှ ထုတ်ပေးသော တည်ဆောက်ခွင့်ပြုချက် အထောက်အထား။

(ဃ) သင်္ဘောပိုင်ရှင်၏ အမည်၊ အလုပ်အကိုင်နှင့် နေရပ်လိပ်စာ၊ သင်္ဘောပိုင်ရှင်မှာ ကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် ရက်စွဲ၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့ စည်းမျဉ်း မိတ္တူ၊ ခွင့်ပြု မတည်ငွေရင်း၊ ထည့်ဝင်ပြီး မတည်ငွေရင်း၊ အစုရှယ်ယာဝင်များ၏ ပိုင်ဆိုင်မှု အချိုး၊ ကုမ္ပဏီ၏ ပင်မရုံးနှင့် ရုံးခွဲ တို့၏ နေရပ် လိပ်စာ၊

(င) သင်္ဘောအား ရောင်းချခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်း ခြင်း ရှိပါက ထိုလွှဲပြောင်းသည့်စာချုပ်၊

(စ) သင်္ဘောကို နိုင်ငံခြားတိုင်းပြည် တစ်ခုခုတွင် မှတ်ပုံတင်ထားခဲ့ဖူးပါက ထိုမှတ်ပုံတင်ကို ပယ်ဖျက်ပြီးကြောင်း အထောက်အထား စာတမ်း အမှတ်အသား၊

(ဆ) လျှောက်ထားသူ ပုဂ္ဂိုလ်အနေဖြင့် ကိုယ်တိုင်မဟုတ်ဘဲ ကိုယ်စားလှယ်ဖြင့် လျှောက်ထား ခြင်းဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ၊ လျှောက်ထားသူမှာ အဖွဲ့အစည်း ဖြစ်ပါက အဖွဲ့ အစည်း၏ အုပ်ချုပ်မှု အဖွဲ့က ကိုယ်စားဆောင်ရွက်ရန် လွှဲအပ်သည့် ရုံးတံဆိပ် ရိုက်နှိပ် ထားသော အထောက်အထား၊

(ဇ) ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနက အခါအားလျော်စွာ သတ်မှတ်သော အခြား အရည် အချင်းများနှင့် ပြည့်စုံသည့် သင်္ဘောဖြစ်ကြောင်း အထောက်အထားများ။

၁၉။ စင်းလုံးငှားရမ်းခြင်း စာချုပ်အရ ဖြစ်စေ၊ လူမပါ စင်းလုံးငှားရမ်းခြင်း စာချုပ်အရ ဖြစ်စေ ငှားရမ်း ၍ မြန်မာ့ရေပြင်၌ သော်လည်းကောင်း၊ နိုင်ငံခြားရေပြင်နှင့် အပြည်ပြည်ဆိုင်ရာရေပြင်၌ သော်လည်းကောင်း အသုံးပြုရန် အလို့ငှာ သင်္ဘောပိုင်ရှင်နှင့် သင်္ဘောစင်းလုံး ငှားရမ်းသူတို့က သင်္ဘောကို မှတ်ပုံတင်ရန် ဦးစီးဌာနသို့ လျှောက်ထားသည့်အခါ အောက်ပါသက်သေခံ အထောက်အထား စာတမ်း အမှတ် အသားများကို ပူးတွဲ၍ တင်ပြရမည်  -

(က) သင်္ဘောစင်းလုံး ငှားရမ်းခြင်းစာချုပ် သို့မဟုတ် လူမပါ သင်္ဘောစင်းလုံး ငှားရမ်းခြင်း စာချုပ်နှင့် အစိုးရသင်္ဘောမှတပါး အခြားသင်္ဘောဖြစ်လျှင် ယင်းသင်္ဘော၏ ပိုင်ရှင် ဖြစ်ကြောင်း ကြေညာချက်၊

(ခ) သင်္ဘောပိုင်ရှင်နှင့် သင်္ဘောစင်းလုံးငှားရမ်းသူတို့၏ အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ် ရန် ဖုန်း၊ ဖက်စ် နှင့် အီးမေးလ် လိပ်စာများ၊

(ဂ) သင်္ဘောစင်းလုံးငှားရမ်းသည့် စာချုပ်သက်တမ်း၊ စတင်ငှားရမ်းသည့် နေ့ရက်နှင့် ကုန်ဆုံး မည့် နေ့ရက်၊

(ဃ) သင်္ဘောကို မှတ်ပုံတင်ထားသည့် နိုင်ငံရှိ အခွင့်အာဏာပိုင်နှင့် မှတ်ပုံတင် အရာရှိတို့၏ သဘောတူညီချက် အထောက်အထား၊

(င) သင်္ဘောအား ရောင်းချခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်း ခြင်း ရှိပါက ထိုလွှဲပြောင်းသည့် စာချုပ် (ရှိလျှင်)၊

(စ) ပင်လယ်ရေကြောင်းသွား သင်္ဘောများအတွက် ရေကြောင်းသွားလာမှု ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရေးကိုလည်းကောင်း၊ သင်္ဘောသားများအတွက် ထောက်ပံ့ပစ္စည်း များနှင့် သက်သာချောင်ချိရေး ကိစ္စများကိုလည်းကောင်း စီစဉ်ထားရှိပြီးကြောင်း ဦးစီးဌာန က တာဝန်ပေးသည့် တိုင်းတာစစ်ဆေးရေးမှူး၏ စစ်ဆေးချက် လက်မှတ် (Certificate of Survey) သို့မဟုတ် ဦးစီးဌာနက လက်ခံအသိအမှတ်ပြုသော နိုင်ငံခြားတိုင်းပြည်မှ တိုင်းတာ စစ်ဆေးရေးမှူး၏ စစ်ဆေးချက်လက်မှတ်နှင့် အထောက်အထားများ၊

(ဆ) ပြည်တွင်းသို့ စင်းလုံးငှားရမ်းခြင်းဖြစ်လျှင် နိုင်ငံခြားသင်္ဘောအဖြစ် မှတ်ပုံတင်ထားသည့် မှတ်ပုံတင်လက်မှတ် မိတ္တူမှန်၊

(ဇ) ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဂ) ပါ သင်္ဘော တည်ဆောက်ခြင်းနှင့် သင်္ဘော၏ လုံးပေါင်းတန်ချိန် တို့နှင့် သက်ဆိုင်သည့် စာချုပ်နှင့်အတူ တည်ဆောက်သူက သက်သေခံ လက်မှတ် ရေးထိုး ထုတ်ပေးထားသည့် အထောက်အထားနှင့် စာတမ်းအမှတ်အသားများ၊

(ဈ) လျှောက်ထားသူ ပုဂ္ဂိုလ်အနေဖြင့် ကိုယ်တိုင်မဟုတ်ဘဲ ကိုယ်စားလှယ်ဖြင့် လျှောက်ထား ခြင်း ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ၊ လျှောက်ထားသူမှာ အဖွဲ့အစည်း ဖြစ်ပါက အဖွဲ့ အစည်း၏ အုပ်ချုပ်မှုအဖွဲ့က ကိုယ်စားဆောင်ရွက်ရန် လွှဲအပ်သည့် ရုံးတံဆိပ် ရိုက်နှိပ် ထားသော အထောက်အထား၊

(ည) ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သော အခြားအရည်အချင်းနှင့် ပြည့်စုံသည့် သင်္ဘော ဖြစ်ကြောင်း အထောက်အထားများ။

၂၀။ ဦးစီးဌာနသည် -

(က) မှတ်ပုံတင်လက်မှတ် လျှောက်ထားချက်များနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိကို စစ်ဆေး စေပြီး ယင်း၏ သဘောထားမှတ်ချက်ဖြင့် တင်ပြစေရမည်။

(ခ) ပုဒ်မခွဲ (က) အရ မှတ်ပုံတင်အရာရှိ၏ တင်ပြချက် အပေါ် စိစစ်သုံးသပ်ပြီး -

(၁) မှတ်ပုံတင်ရန် ခွင့်မပြုသင့်ကြောင်း တွေ့ရှိပါက မှတ်ပုံတင်ရန် ငြင်းပယ်နိုင်သည်။

(၂) မှတ်ပုံတင်ရန် ခွင့်ပြုသင့်ကြောင်း တွေ့ရှိရသော်လည်း သတ်မှတ်ထားသည့် အရည် အချင်းများနှင့် သက်သေခံလက်မှတ်များ ပြည့်စုံခြင်းမရှိသေးပါက ယာယီ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန်လည်းကောင်း၊ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် သက်သေခံလက်မှတ်များ ပြည့်စုံပါက  မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရာတွင် စည်းကမ်းချက်များဖြင့် မှတ်ပုံတင်ခွင့်ပြုရန်လည်းကောင်း မှတ်ပုံတင်အရာရှိအား ညွှန်ကြားရမည်။

၂၁။ မှတ်ပုံတင်အရာရှိသည် -

(က) စင်းလုံးငှားရမ်းသည့် သင်္ဘောမှတစ်ပါး အခြားသင်္ဘောများ မှတ်ပုံတင်ရန် လျှောက်ထား ချက်နှင့် စပ်လျဉ်း၍ ဦးစီးဌာနက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၂) အရ မှတ်ပုံတင်ခွင့်ပြုရန် ညွှန်ကြားသည့်အခါ လျှောက်ထားသူအား မှတ်ပုံတင်ခ၊ သင်္ဘော၏ လုံးပေါင်းတန်ချိန် နှစ်စဉ်ကြေးနှင့် အခြား အခကြေးငွေ တို့ကို ပေးသွင်းစေပြီး သတ်မှတ် ချက်များနှင့် အညီ အောက်ဖော်ပြပါ အချက်အလက်များကို ယာယီမှတ်ပုံတင် စာရင်းနှင့် မှတ်ပုံတင်စာရင်းတို့တွင် သင်္ဘောအမျိုးအစားနှင့် လုပ်ငန်း အမျိုးအစား အလိုက် ခွဲခြား၍ မှတ်တမ်းတင်ပြီး မြန်မာသင်္ဘော အဖြစ် ယာယီ မှတ်ပုံတင်ခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်း ပြုလုပ်ရမည် -

(၁) သင်္ဘော၏ အမည်နှင့် သင်္ဘော၏ မှတ်ပုံတင်ဆိပ်ကမ်း အမည်၊ ယခင် မှတ်ပုံတင် သင်္ဘော၏ အမည်နှင့် ဆိပ်ကမ်းအမည် (ရှိလျှင်)၊

(၂) တိုင်းတာစစ်ဆေးရေးမှူး သို့မဟုတ် စစ်ဆေးရေးအရာရှိ၏ စစ်ဆေးချက်လက်မှတ် တွင် ပါရှိသော လုံးပေါင်း တန်ချိန်၊ အတိုင်းအတာ၊ အလျားမီတာနှင့် ရေစူးမီတာ အပါအဝင် အသေးစိတ် အချက်အလက်များ၊

(၃) သင်္ဘောပိုင်ရှင် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသော သင်္ဘော၏ မူရင်းနှင့် ဆိုင်သည့် အချက်အလက်များ၊

(၄) သင်္ဘောပိုင်ရှင်၏ အမည်၊ ရာထူးတာဝန်နှင့် နေရပ်လိပ်စာများ၊ အကယ်၍ သင်္ဘော ပိုင်ရှင် တစ်ဦးထက် ပိုပါက ပိုင်ရှင် တစ်ဦးစီက သင်္ဘောတွင် ပိုင်ဆိုင်မှု အချိုးအစား များ၊

(၅) သင်္ဘော တည်ဆောက်သူ အမည်၊ နေရပ်လိပ်စာနှင့် သင်္ဘော တည်ဆောက်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဂ) ပါ အချက်အလက်များ၊

(၆) သင်္ဘောရေယာဉ်မှူး၏ အမည်နှင့် ရေယာဉ်မှူး သက်သေခံလက်မှတ် အထောက် အထား၊

(၇) သင်္ဘောအား ပေါင်နှံသူနှင့် အပေါင်ခံသူ အမည်၊ နေရပ်လိပ်စာနှင့် စာချုပ်ပါ အဓိကအချက်များ (ရှိလျှင်)၊

(၈) ယခင် သင်္ဘောမှတ်ပုံတင်လက်မှတ်အား ဆိုင်းငံ့ခြင်း၊ ရပ်စဲခြင်းနှင့် ပယ်ဖျက်ခြင်း များ (ရှိလျှင်)၊

(၉) အပြည်ပြည်ဆိုင်ရာသုံး သိသာထင်ရှားစေသည့် သင်္ကေတနှင့် စာလုံးများ (distinctive number and call sign) အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် က သတ်မှတ် ပေးသော နံပါတ် ( IMO number ) (ရှိလျှင်)၊

(၁ဝ) ဤဥပဒေအရ ထုတ်ပြန်သည့် သတ်မှတ်ချက်များပါ အခြားသတ်မှတ်ချက်များ။

(ခ) ပုဒ်မခွဲ (က) အရ မှတ်ပုံတင်ခြင်းကို မှတ်တမ်းတင်ပြီးနောက် ဦးစီးဌာနက သတ်မှတ်သော တရားဝင် မှတ်ပုံတင် အမှတ်နှင့် မှတ်ပုံတင် စည်းကမ်းချက်များ နှင့်အတူ လျှောက်ထားသူ အား ယာယီ မှတ်ပုံတင်လက်မှတ် သို့မဟုတ် မှတ်ပုံတင် လက်မှတ် ထုတ်ပေးရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ထုတ်ပေးသော ယာယီ မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူက သတ်မှတ် ထားသော ယာယီ မှတ်ပုံတင်သက်တမ်း ကာလအတွင်း လိုအပ်သော သက်သေခံ လက်မှတ်နှင့် အထောက်အထားများကို ပြည့်စုံစွာ တင်ပြပါက ထိုယာယီ မှတ်ပုံတင် လက်မှတ်ကို သိမ်းဆည်းပြီး ဦးစီးဌာနက သတ်မှတ်သော တရားဝင် မှတ်ပုံတင် အမှတ်နှင့် မှတ်ပုံတင် စည်းကမ်းချက်များနှင့်အတူ လျှောက်ထားသူအား မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။

၂၂။ မြန်မာ့ရေပြင်၊ နိုင်ငံခြားရေပြင်နှင့် အပြည်ပြည်ဆိုင်ရာရေပြင်တို့တွင် အသုံးပြုရန် အလို့ငှာ စင်းလုံးငှားရမ်းသည့် နိုင်ငံခြား သင်္ဘောကို ဤဥပဒေအရ သင်္ဘောမှတ်ပုံတင်ရန် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံလျှင် ဦးစီးဌာနသည် စင်းလုံးငှားရမ်းသည့် မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင် ပြီး မှတ်ပုံတင် လက်မှတ် ထုတ်ပေးနိုင်သည်။

၂၃။ မှတ်ပုံတင် အရာရှိသည် -

(က) စင်းလုံးငှားရမ်းသည့် သင်္ဘောအား မှတ်ပုံတင်ရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ ဦးစီးဌာနက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၂) အရ မှတ်ပုံတင်ခွင့်ပြုရန် ညွှန်ကြား သည့်အခါ လျှောက်ထားသူအား မှတ်ပုံတင်ခ၊ သင်္ဘော၏ လုံးပေါင်းတန်ချိန်၊ နှစ်စဉ်ကြေး နှင့် အခြားအခကြေးငွေတို့ကို သတ်မှတ်ချက်များနှင့်အညီ ပေးသွင်းစေပြီး အောက်ဖော် ပြပါအချက် အလက်များကို သင်္ဘောစင်းလုံးငှားရမ်းခြင်း မှတ်ပုံတင် စာရင်းတွင် စင်းလုံး ငှားရမ်းသည့် သင်္ဘောအမျိုးအစားနှင့် လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြား၍ မှတ်တမ်း တင်ပြီး ပြည်ပမှ စင်းလုံးငှားရမ်းသည့် သင်္ဘောအဖြစ် ယာယီမှတ်ပုံတင်ခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်း ပြုလုပ်ရမည် -

(၁) စင်းလုံးငှားရမ်းသည့် သင်္ဘော၏ အမည်၊ သင်္ဘော၏ မှတ်ပုံတင်ဆိပ်ကမ်း အမည် နှင့် သင်္ဘောစင်းလုံးငှားရမ်းသည့် ကာလ၊

(၂) သင်္ဘောပိုင်ရှင်နှင့် စင်းလုံးငှားရမ်းသူ တို့၏ အမည်၊ ရာထူးတာဝန်များ၊ နေရပ် လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာ၊ ဖုန်း၊ ဖက်စ် နှင့် အီးမေးလ်လိပ်စာများ၊

(၃) ပုဒ်မ ၂၁၊ ပုဒ်မခွဲ (က) ၌ ပါရှိသော အချက်အလက်နှင့် အထောက်အထားများ။

(ခ) ပုဒ်မခွဲ (က) အရ မှတ်ပုံတင်ပြီးနောက် စင်းလုံးငှားရမ်းသည့် သင်္ဘောအား ယာယီ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရမည်။

၂၄။ (က) ဦးစီးဌာနသည် ပုဒ်မ ၁၇ အရ ယာယီ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် လျှောက်ထား သည့် သင်္ဘောများနှင့်စပ်လျဉ်း၍ လိုအပ်သော သင်္ဘောတိုင်းတာ စစ်ဆေးချက် လက်မှတ် နှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ သက်သေခံလက်မှတ် တစ်ခုခု မပြည့်စုံသေးမီ ယာယီ မှတ်ပုံ တင်ပြီး ယာယီ မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်သည်။

(ခ) ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) အရ ထုတ်ပေးသည့် ယာယီ မှတ်ပုံတင် လက်မှတ်၏ သက်တမ်းသည် ခြောက်လ ထက် မပိုစေရ။

(ဂ) ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) အရ ထုတ်ပေးသည့် ယာယီ မှတ်ပုံတင် လက်မှတ်ကို ကိုင်ဆောင်သူသည် ထို သက်တမ်း ခြောက်လ အတွင်း သို့မဟုတ် ဦးစီး ဌာနက တိုးမြှင့်ပေးသည့် ကာလအတွင်း လိုအပ်သော သင်္ဘောတိုင်းတာ စစ်ဆေးချက် လက်မှတ် နှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ သက်သေခံလက်မှတ် တို့ကို တင်ပြပြီး ယာယီ သက်သေခံ လက်မှတ်ကို ပြန်လည် အပ်နှံ၍ မှတ်ပုံတင်လက်မှတ်ကို ထုတ်ယူရမည်။  

၂၅။ (က) ပြည်တွင်းရေကြောင်းသွားသင်္ဘောငယ်များမှအပ ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ဂ) အရ ထုတ်ပေး သော မှတ်ပုံတင်လက်မှတ်၏သက်တမ်းသည် တဆက်တည်း ငါးနှစ် ဖြစ်ပြီး သက်တမ်း တိုးခွင့်ရှိသည်။

(ခ) ပုဒ်မ ၂၂ အရ မှတ်ပုံတင်သော စင်းလုံးငှားရမ်းသည့် သင်္ဘော၏ မှတ်ပုံတင်လက်မှတ် သက်တမ်းသည် တစ်နှစ် ဖြစ်သည်။

၂၆။ ဝန်ကြီးဌာနသည် မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် သင်္ဘော အမျိုးအစားနှင့် လုပ်ငန်းအမျိုးအစား အပေါ် အခြေပြု၍ မှတ်ပုံတင်ခ၊ သက်တမ်း တိုးမြှင့်ခ၊ သင်္ဘောအား နှစ်စဉ် စစ်ဆေးခ၊ ရက်လွန်ကြေးနှင့် အခြား အခကြေးငွေများကို အမိန့်ကြော်ငြာ စာ ထုတ်ပြန်၍ သတ်မှတ်ရမည်။

၂၇။ မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်ပြီးသည့်အခါ အောက်ပါ စာတမ်းအမှတ်အသားများကို မှတ်ပုံ တင် ရုံးတွင် ထိန်းသိမ်းထားရမည် -

(က) တိုင်းတာစစ်ဆေးရေးမှူး သို့မဟုတ် စစ်ဆေးရေးအရာရှိ ၏ စစ်ဆေးချက် လက်မှတ်၊

(ခ) သင်္ဘော တည်ဆောက်သူ၏ သက်သေခံ လက်မှတ်၊

(ဂ) သင်္ဘောအား ရောင်းချခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်း ခြင်း ရှိပါက ထိုလွှဲပြောင်းသည့် စာချုပ်၊

(ဃ) အရေးယူမှု သို့မဟုတ် ပြစ်ဒဏ် တစ်ရပ်ရပ် ချမှတ်ခြင်း ခံခဲ့ရပါက ထိုအရေးယူမှု သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခံရသော စာတမ်းအမှတ်အသားမိတ္တူ။

၂၈။ မှတ်ပုံတင်လက်မှတ်ကို -

(က) သင်္ဘောဖြင့် တရားဝင် ရေကြောင်း သယ်ယူပို့ဆောင်ရေး ကိစ္စအတွက်သာ အသုံးပြုရ မည်။

(ခ) သင်္ဘောနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှု၊ ရပိုင်ခွင့် သို့မဟုတ် အဖိုးအခနှင့် စပ်လျဉ်းသည့် အကြောင်းကြောင့် သော်လည်းကောင်း၊ သင်္ဘောပိုင်ရှင်၊ သင်္ဘောအပေါင်ခံသူ သို့မဟုတ် အခြား ပုဂ္ဂိုလ်တစ်ဦးက တောင်းဆိုသည့် အကျိုးသက်ဆိုင်ခွင့်နှင့် စပ်လျဉ်းသည့် အကြောင်းကြောင့် သော်လည်းကောင်း ထိန်းသိမ်းခြင်း မပြုရ။

၂၉။ ဤဥပဒေအရ မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသော သင်္ဘောကို သော်လည်းကောင်း၊ ယာယီ မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသော သင်္ဘောကို သော်လည်းကောင်း အဆိုပါ မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း မပြုရသေးလျှင် နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ ဥပဒေ အရ ထပ်မံ၍ ထိုသင်္ဘောအား မှတ်ပုံတင်ခြင်း မပြုရ။

၃၀။ (က) သင်္ဘောပိုင်ရှင်သည် မြန်မာသင်္ဘောကို နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ ဥပဒေအရ ထပ်မံ၍ မှတ်ပုံတင်လိုပါက မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ပေးရန် မြန်မာသင်္ဘော မှတ်ပုံတင်လက်မှတ်ကို ပူးတွဲ၍ ဦးစီးဌာနသို့ သတ်မှတ်ချက်နှင့်အညီလျှောက်ထားရမည်။

(ခ) သင်္ဘောပိုင်ရှင်နှင့် သင်္ဘောစင်းလုံး ငှားရမ်းသူတို့သည် မြန်မာသင်္ဘောကို  နိုင်ငံခြား တိုင်းပြည် တစ်ခုခု၏ ဥပဒေအရ စင်းလုံးငှားရမ်းခြင်း အတွက် မှတ်ပုံတင်၍ နိုင်ငံခြား ရေပြင်နှင့် အပြည်ပြည်ဆိုင်ရာရေပြင်တို့တွင် အသုံးပြုလိုလျှင် မှတ်ပုံတင် လက်မှတ်ကို ရပ်ဆိုင်းထားရန် သို့မဟုတ် ပယ်ဖျက်ပေးရန် သော်လည်းကောင်း၊ ဦးစီးဌာန၏ သဘော တူညီချက် သို့မဟုတ် ထောက်ခံချက်ထုတ်ပေးရန် သော်လည်းကောင်း မှတ်ပုံတင် လက်မှတ်ကို ပူးတွဲ၍ ဦးစီးဌာနသို့ သတ်မှတ် ချက်များနှင့် အညီ လျှောက်ထားရမည်။

(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ လျှောက်ထားချက်ကို စိစစ်ပြီး မှတ်ပုံတင် လက်မှတ်ကို သတ်မှတ်ချက်များနှင့်အညီ ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း သော် လည်းကောင်း၊ သဘောတူညီချက် သို့မဟုတ် ထောက်ခံချက် လက်မှတ် ထုတ်ပေးခြင်း သော်လည်းကောင်း ပြုနိုင်သည်။

၃၁။ (က) သင်္ဘောပိုင်ရှင်သည် မှတ်ပုံတင်လက်မှတ် သက်တမ်း ကုန်ဆုံးပြီးနောက် ဆက်လက်၍ မှတ်ပုံတင်လိုလျှင် မှတ်ပုံတင်သက်တမ်း မကုန်ဆုံးမီ အနည်းဆုံး သုံးလ ကြိုတင်၍ မှတ်ပုံ တင် သက်တမ်း တိုးမြှင့်ပေးရန် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့် အညီ လျှောက်ထားရ မည်။

(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို စိစစ်ပြီး လိုအပ်သော တိုင်းတာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ညီညွတ်ပါက စည်းကမ်း ချက်များ သတ်မှတ်၍ မှတ်ပုံတင်လက်မှတ်ကို သက်တမ်းတိုးမြှင့် ပေးနိုင်သည်။

(ဂ) မှတ်ပုံတင်အရာရှိသည် ဦးစီးဌာနက မှတ်ပုံတင်သက်တမ်း တိုးမြှင့်ခွင့်ပြုပါက မှတ်ပုံတင် သက်တမ်းတိုးမြှင့်ခ ပေးသွင်းစေပြီး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အတူ သက်တမ်းတိုးမြှင့်ပေးသည့် မှတ်ပုံတင်လက်မှတ်ကို လျှောက်ထားသူအား ထုတ်ပေးရမည်။

၃၂။ မည်သည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းမဆို သင်္ဘောမှတ်ပုံတင် စာရင်းကို သတ်မှတ်ထားသော အခကြေးငွေ ပေးသွင်းပြီး စစ်ဆေးကြည့်ရှုခြင်း၊ မိတ္တူကူးယူခြင်း ပြုနိုင်သည်။

၃၃။ မှတ်ပုံတင်အရာရှိကဖြစ်စေ၊ တိုင်းတာစစ်ဆေးရေးမှူးကဖြစ်စေ၊ စစ်ဆေးရေးအရာရှိကဖြစ်စေ၊ ဦးစီးဌာန၏ အခွင့်ရအရာရှိတစ်ဦးဦးက ဖြစ်စေ လိုအပ်ချက်အရ တောင်းခံသည့်အခါ ရေယာဉ်မှူး သို့မဟုတ် အခြား ပုဂ္ဂိုလ် တစ်ဦးဦးသည် မှတ်ပုံတင်လက်မှတ်ကို တင်ပြရမည်။

၃၄။ (က) သင်္ဘောပိုင်ရှင်သည် သင်္ဘောနှင့် စပ်လျဉ်း၍ ပေးလျော်ရန် တောင်းဆိုမှု သို့မဟုတ် တရား စွဲဆိုမှု မရှိပါက မှတ်ပုံတင် သက်တမ်းကုန်ဆုံးသည့် အခါ ဖြစ်စေ၊ မှတ်ပုံတင် သက်တမ်း ကာလအတွင်းဖြစ်စေ နိုင်ငံခြားသင်္ဘောအဖြစ် မှတ်ပုံတင်လိုလျှင် နိုင်ငံခြား မှတ်ပုံတင် အဖြစ်သို့ ပြောင်းလဲ၍ မှတ်ပုံတင်လိုသည့် အကြောင်းပြချက်နှင့် အတူ ခွင့်ပြုချက် ရရှိရန် သတ်မှတ်ချက်များနှင့် အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။

(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို စိစစ်ပြီး လျှောက်ထားသည့် သင်္ဘောနှင့်စပ်လျဉ်း၍ ပေးလျော်ရန် တောင်းဆိုမှု သို့မဟုတ် တရားစွဲဆိုမှု မရှိသည့်အပြင် သင့်လျော်သည်ဟု ထင်မြင်ပါက လျှောက်ထားချက်ကို ခွင့်ပြုနိုင်သည်။  ထိုသို့ ခွင့်ပြုပါက မြန်မာသင်္ဘော အဖြစ် မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ရမည်။

၃၅။ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် မြန်မာသင်္ဘောများ မှတ်ပုံတင်အက်ဥပဒေ( The Myanmar Registration of Ships Act ) အရ မှတ်ပုံတင်ထားသည့် သင်္ဘော၏ သင်္ဘောပိုင်ရှင်သည် ထို သင်္ဘောကို ဤဥပဒေ အာဏာတည်ပြီးနောက် တစ်နှစ်အတွင်း သတ်မှတ်ချက်များနှင့် အညီ ပြန်လည် မှတ်ပုံတင်ရမည်။ ထိုကာလအတွင်း ပြန်လည်မှတ်ပုံတင်ခြင်း မပြုပါက မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

အခန်း (၉)

မှတ်ပုံတင်လက်မှတ် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနှင့် ပြောင်းလဲခြင်း

၃၆။ (က) ရေယာဉ်မှူး သို့မဟုတ် သင်္ဘောပိုင်ရှင်သည် အကြောင်းတစ်ခုခုကြောင့် မှတ်ပုံတင် လက်မှတ် ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်း ဖြစ်သည့်အခါ မူရင်းခွဲ မိတ္တူ ထုတ်ပေး ရန် မှတ်ပုံတင်အရာရှိ ထံ လျှောက်ထားရမည်။

(ခ) မှတ်ပုံတင် အရာရှိသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို စိစစ်ပြီး သတ်မှတ်ထား သော မိတ္တူကူးခ ပေးသွင်းစေပြီး မူရင်းခွဲမိတ္တူကို လျှောက်ထားသူအား ထုတ်ပေးနိုင် သည်။

၃၇။ သင်္ဘောပိုင်ရှင်သည် မြန်မာသင်္ဘောနှင့် စပ်လျဉ်း၍ -

(က) နေရပ်လိပ်စာနှင့် အခြား အချက်အလက်များ ပြောင်းလဲသည့် အခါ ပြောင်းလဲသည့် နေ့မှ ၁ဝ ရက် အတွင်း ထိုပြောင်းလဲချက်ကို မှတ်ပုံတင် အရာရှိထံ အကြောင်းကြားရမည်။

(ခ) သင်္ဘော၏ အမည် ပြောင်းလဲလိုလျှင် သော်လည်းကောင်း၊ သင်္ဘောငယ်မှတစ်ပါး သင်္ဘော ၏ မူလ တည်ဆောက်ထားသည့် ဒီဇိုင်းပုံစံ၊ မှတ်ပုံတင်အတိုင်းအတာ ပမာဏ၊ ပင်မစက် များ၊ လုံးပေါင်းတန်ချိန်နှင့် ပိုင်ဆိုင်မှု အစုရှယ်ယာ တို့ကို ပြောင်းလဲ ပြင်ဆင်လိုလျှင် သော် လည်းကောင်း ဦးစီးဌာန၏ စစ်ဆေးချက်နှင့် ခွင့်ပြုချက် ရရှိမှသာ ပြောင်းလဲရမည်။  ထို ပြောင်းလဲချက်ကိုလည်း ပြောင်းလဲပြီးသည့် နေ့မှ ၁ဝ ရက်အတွင်း မှတ်ပုံတင် အရာရှိထံ အကြောင်း ကြားရမည်။

(ဂ) နိုင်ငံတော်အတွင်း မှတ်ပုံတင် ဆိပ်ကမ်းတစ်ခုမှ အခြား တစ်ခုခုသို့ ပြောင်းလဲမှတ်ပုံတင်လို လျှင် မှတ်ပုံတင်လက်မှတ်နှင့်အတူ ခွင့်ပြုချက်ရရှိရန် ဦးစီးဌာနသို့ လျှောက်ထားပြီး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြောင်းလဲမှတ်ပုံတင်ရမည်။

အခန်း (၁၀)

မှတ်ပုံတင်လက်မှတ် ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်းနှင့် ပယ်ဖျက်ခြင်း

၃၈။ မှတ်ပုံတင်အရာရှိသည် -

(က) ဦးစီးဌာန၏ အတည်ပြုချက်ဖြင့် အောက်ပါအချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသော သင်္ဘော နှင့် စပ်လျဉ်း၍ ထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်နှင့် ယာယီမှတ်ပုံတင်လက်မှတ် ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင် သည်  -

(၁) နိုင်ငံတော်၏ အကျိုးစီးပွား သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ရေကြောင်းနှင့် သင်္ဘော လုပ်ငန်းကို ထိခိုက်စေခြင်း၊

(၂) သင်္ဘောပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးက ဤဥပဒေအရ ပြစ်မှုတစ်ခုခု ကျူးလွန် သဖြင့် ပြစ်ဒဏ် တစ်ခုခုကို ချမှတ်ခံရခြင်း၊

(၃) သင်္ဘောပိုင်ရှင်က ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေနှင့် အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖြစ်စေ၊ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖြစ်စေ ဖောက်ဖျက်ခြင်း၊

(၄) ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် မှတ်ပုံတင်အရာရှိ သို့မဟုတ် တိုင်းတာစစ်ဆေးရေးမှူး သို့မဟုတ် စစ်ဆေးရေးအရာရှိ ၏ အမိန့်နှင့် ညွှန်ကြားချက် တစ်ရပ်ရပ်ကို သော် လည်းကောင်း၊ လာရောက်ရန် သို့မဟုတ် စာတမ်းအမှတ်အသား တစ်ခုခုကို တင်ပြ ရန် ဆင့်ဆိုခြင်းကို သော်လည်းကောင်း လိုက်နာမှု မရှိခြင်း၊

(၅) ဤဥပဒေပါ ပေးဆောင်ရန်ရှိသော အခကြေးငွေများကို နှစ်နှစ်ထက် ပို၍ ပျက်ကွက် ခြင်း၊

(၆) မှတ်ပုံတင်သက်တမ်း ကုန်ဆုံးပြီးနောက် ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက် မရှိဘဲ သတ်မှတ်သည့် ကာလအတွင်း သက်တမ်း တိုးမြှင့်မှု မရှိခြင်း၊

(၇) သင်္ဘောပိုင်ရှင်က မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ယာယီ ရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုရန် လျှောက်ထားခြင်း၊

(၈) သင်္ဘောပျောက်ဆုံးခြင်း၊ အကြောင်းတစ်ခုခုကြောင့် လုံးဝပျက်စီးခြင်း၊ ဆယ်တင်၍ မရနိုင်သည့် သင်္ဘောသောင်တင်ခြင်း သို့မဟုတ် သင်္ဘော နစ်မြုပ်ခြင်း၊

(၉) သတ်မှတ်ထားသော မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ရန် လိုအပ်သည့် အရည်အချင်း တစ်ရပ်ရပ် ပျက်ယွင်းလာသည့်အတွက် ဆက်လက်၍ မှတ်ပုံတင်ထားရန် မသင့်ခြင်း၊

(၁၀) ပုဒ်မ ၃၇ အရ ပြန်လည်မှတ်ပုံတင်ရမည့် တာဝန်ကို ပျက်ကွက်ခြင်း၊

(၁၁) ပုဒ်မ ၇၀ ပါ ပြဋ္ဌာန်းချက်ကို လိုက်နာမှုမရှိခြင်း။ 

(ခ) ပုဒ်မခွဲ (က) အရ မှတ်ပုံတင်လက်မှတ်နှင့် ယာယီမှတ်ပုံတင်လက်မှတ်ကို ကာလ သတ်မှတ် ၍ ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်း၊ သို့မဟုတ် ပယ်ဖျက်ခြင်း ပြုကြောင်း သက်ဆိုင်ရာ သင်္ဘောပိုင်ရှင်နှင့် သင်္ဘော အပေါင်ခံသူ (ရှိလျှင်) ထံ အကြောင်းကြားရမည်။ သို့ရာတွင် ထိုသက်တမ်း အတွင်း အောက်ပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ပါက ထိုမှတ်ပုံတင် လက်မှတ် သက်တမ်းသည် ကုန်ဆုံးပြီး ရပ်စဲစေရမည် -

(၁) စင်းလုံးငှားရမ်းသည့် သင်္ဘော၏ မှတ်ပုံတငေလက်မှတ်ကို ရပ်စဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊

(၂) သင်္ဘော စင်းလုံးငှားရမ်းခြင်း စာချုပ်အရ ငှားရမ်းသည့်ကာလ ကုန်ဆုံးခြင်း၊ ငှားရမ်းမှု ရပ်စဲခြင်း သို့မဟုတ် ထိုစာချုပ် ရပ်စဲခြင်း၊

၃၉။ သင်္ဘောပိုင်ရှင်သည် ပုဒ်မ ၃၈ အရ ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်း သို့မဟုတ် ပယ်ဖျက်ကြောင်း အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်ခြင်းခံရသော မှတ်ပုံတင်လက်မှတ်ကို ဦးစီးဌာန သို့ ပယ်ဖျက်ကြောင်း အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ၁ဝ ရက်အတွင်း သို့မဟုတ် သင်္ဘောမှာ ပြည်ပတွင် ရောက်ရှိနေလျှင် မြန်မာမှတ်ပုံတင် ဆိပ်ကမ်း တစ်ခုခုသို့ ဆိုက်ရောက်ပြီး ၁ဝ ရက်အတွင်း  ပြန်လည် အပ်နှံရမည်။ 

အခန်း (၁၁)

သင်္ဘောပိုင်ဆိုင်မှု လွှဲပြောင်းခြင်း

၄၀။ သင်္ဘောကို ဖြစ်စေ၊ သင်္ဘောပိုင်ဆိုင်မှု အစုရှယ်ယာကို ဖြစ်စေ လွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍ -

(က) လွှဲပြောင်းပေးသူနှင့် လွှဲပြောင်းခြင်းကို လက်ခံသူတို့သည် သတ်မှတ်ချက်များနှင့် အညီ  သက်ဆိုင်ရာစာချုပ်ကို ချုပ်ဆိုရမည်။ ထို့ပြင် လွှဲပြောင်းခြင်းကို လက်ခံသူကထို သက်ဆိုင် ရာ စာချုပ်ကို ချုပ်ဆိုပြီး ရက်ပေါင်း ၃ဝ အတွင်း ဦးစီးဌာနသို့ တင်ပြရမည်။

(ခ) သင်္ဘောပိုင်ရှင် သို့မဟုတ် သင်္ဘောပိုင်ဆိုင်မှု အစုရှယ်ယာရှင် ကွယ်လွန်သည့် အခါ ဖြစ်စေ၊ သက်ဆိုင်ရာ တရားရုံး၏ အမိန့်၊ ဒီကရီအရ လူမွဲအဖြစ် ခံယူသည့်အခါ ဖြစ်စေ  တရားဝင် အမွေဆက်ခံသူ သို့မဟုတ် အကျိုးသက်ဆိုင်သူက သင်္ဘော၏ ပိုင်ရှင် ဖြစ်ကြောင်း ကြေညာချက်ကို သက်ဆိုင်ရာ တရားရုံးတွင် ရယူပြီး ရက်ပေါင်း ၃ဝ အတွင်း ဦးစီးဌာနသို့ တင်ပြရမည်။

(ဂ) သင်္ဘောပိုင်ဆိုင်မှုနှင့် အစုရှယ်ယာလွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ကို ဦးစီးဌာနသို့ ရက်ပေါင်း ၃ဝ အတွင်း တင်ပြရမည်။

(ဃ) မှတ်ပုံတင် အရာရှိသည် ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့အရ တင်ပြသည့် အထောက်အထား စာတမ်း အမှတ်အသားများကို စိစစ်ပြီး သင်္ဘောပိုင်ရှင် သို့မဟုတ် သင်္ဘောပိုင်ဆိုင်မှု အစုရှယ်ယာ လွှဲပြောင်းခြင်းကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး ထိုသို့ လွှဲပြောင်း ကြောင်း ထောက်ခံချက် သက်သေခံ လက်မှတ် ထုတ်ပေးရမည်။

၄၁။ (က) မြန်မာ သင်္ဘောပိုင်ရှင်သည် ချေးငွေအတွက် မှတ်ပုံတင်ထားသော သင်္ဘောကို ဖြစ်စေ၊ ထိုသင်္ဘော၏ ပိုင်ဆိုင်မှု အစုရှယ်ယာကို ဖြစ်စေ အာမခံထား၍ ပေါင်နှံနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ ပေါင်နှံရာတွင် ဖြစ်စေ၊ ထပ်မံ၍ ပေါင်နှံသည့် အခါတွင် ဖြစ်စေ ပေါင်နှံသူနှင့် အပေါင်ခံသူတို့သည် သတ်မှတ်ချက်များ နှင့် အညီ အပေါင်စာချုပ်ကို ချုပ်ဆိုရမည်။  ပေါင်နှံသူသည် အပေါင်စာချုပ်ကို မှတ်ပုံတင်ရန် အတွက် မှတ်ပုံမတင်မီ အပေါင်ခံ သူကို ကြိုတင် အကြောင်းကြားရမည်။ ထို့ပြင် အပေါင်စာချုပ်ကို ချုပ်ဆိုပြီး ရက်ပေါင်း ၃ဝ အတွင်း ပေါင်နှံသူနှင့် အပေါင်ခံသူ တို့က မှတ်ပုံတင်ရန် ဦးစီးဌာနသို့ တင်ပြရမည်။

(ဂ) မှတ်ပုံတင် အရာရှိသည် ပုဒ်မခွဲ (ခ) အရ တင်ပြသည့် အထောက်အထား စာတမ်း အမှတ်အသားများကို စိစစ်ပြီး သင်္ဘောပေါင်နှံခြင်းကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်း တင်ပြီး ထိုသို့ ပေါင်နှံကြောင်း ထောက်ခံချက် သက်သေခံလက်မှတ် ထုတ်ပေးရမည်။

(ဃ) အပေါင်ချေးငွေကို အပြေအကျေ ပြန်လည် ပေးဆပ်ပြီးသည့်အခါ ပေါင်နှံသူနှင့် အပေါင်ခံ သူတို့သည် ထိုသို့ ပေးဆပ်ပြီးကြောင်း မှတ်ပုံတင် အရာရှိထံ တင်ပြရမည်။  

(င) မှတ်ပုံတင် အရာရှိသည် ပုဒ်မခွဲ (ဃ) အရ အပေါင် ချေးငွေကို ပေးဆပ်ပြီးကြောင်း တင်ပြ ချက်ကို မှတ်ပုံတင် စာရင်းတွင် မှတ်တမ်းတင် ထားရှိပြီး ထိုသို့ အပေါင်ချေးငွေ ပေးဆပ်ပြီး ကြောင်း ထောက်ခံချက် သက်သေခံ လက်မှတ် ထုတ်ပေးရမည်။

၄၂။ (က) အပေါင်ခံသူသည် ပေါင်နှံခြင်းကို အကြောင်းပြု၍ မှတ်ပုံတင်စာချုပ်ဖြင့် အပေါင်ထား သည့် သင်္ဘောကို ဖြစ်စေ၊ သင်္ဘော ပိုင်ဆိုင်မှု အစုရှယ်ယာကို ဖြစ်စေ မည်သည့် နည်းနှင့် မျှ ပိုင်ဆိုင်ခွင့် မရှိစေရ။

(ခ) အပေါင်ခံသူသည် မှတ်ပုံတင်စာချုပ်ဖြင့် အပေါင်ထားသည့် သင်္ဘောကို ဖြစ်စေ၊ သင်္ဘော ပိုင်ဆိုင်မှု အစုရှယ်ယာကို ဖြစ်စေ -

(၁) ပေါင်နှံသူ၏ သဘောတူညီချက်ဖြင့် အခြားသူ တစ်ဦးဦးအား လွှဲပြောင်း ပေါင်နှံ နိုင်သည်။

(၂) အပေါင်ပစ္စည်းကို ရွေးနုတ်ရန် အချိန်စေ့ရောက် သော်လည်း ပေါင်နှံသူက ရွေးနုတ် ခြင်း မပြုသဖြင့် အပေါင် ရွေးနုတ်ခွင့် ပိတ်ပင်သည့် အခါ ချေးငွေနှင့် ရပိုင်ခွင့် ရှိသော အတိုးများ ပြန်လည် ရရှိရေး အတွက် အပေါင်ပစ္စည်းကို ရောင်းချ နိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) အရ လွှဲပြောင်း ပေါင်နှံသည့် အခါ ပေါင်နှံသူနှင့် လွှဲပြောင်း အပေါင်ခံသူတို့က လွှဲပြောင်း ပေါင်နှံခြင်း အတွက် မှတ်ပုံတင်ပေးရန် သော်လည်းကောင်း၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂) အရ အပေါင်ပစ္စည်းကို ရောင်းချသည့် အခါ ရောင်းချသူနှင့် ဝယ်ယူသူတို့က ရောင်းချခြင်းအတွက် မှတ်တမ်းတင်ပေးရန် သော်လည်းကောင်း ဦးစီး ဌာနသို့ တင်ပြရမည်။

(ဃ) မှတ်ပုံတင် အရာရှိသည် ပုဒ်မခွဲ (ဂ) အရ တင်ပြချက်ကို စိစစ်ပြီး လွှဲပြောင်း ပေါင်နှံခြင်း ကို မှတ်ပုံတင်ခြင်း သို့မဟုတ် ရောင်းချခြင်းကို မှတ်တမ်းတင်ခြင်း ပြုရမည်။

(င) မှတ်ပုံတင် အပေါင်စာချုပ်ဖြင့် အပေါင်ထားသည့် သင်္ဘော သို့မဟုတ် သင်္ဘော၏ ပိုင်ဆိုင် မှု အစုရှယ်ယာ တစ်ခုတည်း အပေါ် အပေါင်ခံသူ၏ အခွင့်အရေးနှင့် စပ်လျဉ်း၍ ဦးစွာ အပေါင်ခံသူသည် နောက်ကျသော အပေါင်ခံသူထက် ဦးစားပေး ရပိုင်ခွင့် ရှိသည်။

(စ) ပေါင်နှံသူက တရားရုံး၏ အမိန့်၊ ဒီကရီအရ လူမွဲအဖြစ် မှတ်ယူခြင်း ခံရသည့် အခါ အခြား တည်ဆဲဥပဒေများတွင် မည်သို့ပင် ပါရှိစေကာမူ မှတ်ပုံတင်စာချုပ်ဖြင့် အပေါင်ထားသည့် သင်္ဘော သို့မဟုတ် သင်္ဘော၏ ပိုင်ဆိုင်မှု အစုရှယ်ယာတွင် အပေါင်ခံသူ၏ အခွင့်အရေး ကို ထိခိုက်ခြင်း မရှိစေရ။

(ဆ) ပုဒ်မ ၃၈ အရ မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုသော်လည်း အပေါင်ချေးငွေကို အပြေအကျေ ပြန်လည် ပေးဆပ်ပြီးခြင်း မရှိသေးလျှင် ပေါင်နှံခြင်းနှင့် စပ်လျဉ်း၍ ပေါင်နှံသူနှင့် အပေါင်ခံသူတို့၏ အခွင့်အရေးနှင့် တာဝန်များကို မထိခိုက်စေရ။

၄၃။ ပုဒ်မ ၁၀ အရ မှတ်ပုံတင်ထားသော စင်းလုံးငှားရမ်းသည့် သင်္ဘောသည် ပုဒ်မ ၄၀၊ ပုဒ်မ ၄၁ နှင့် ပုဒ်မ ၄၂ ပါ ပြဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

အခန်း (၁၂)

ရေယာဉ်မှူး ပြောင်းလဲခြင်း

၄၄။ (က) မြန်မာသင်္ဘော၏ ရေယာဉ်မှူး ပြောင်းလဲသည့် အခါ တရားရုံး တရားသူကြီး၏ အမိန့်နှင့် စီရင်ချက်အရ ပြောင်းလဲခြင်း ဖြစ်ပါက သက်ဆိုင်ရာ တရားသူကြီးက လည်းကောင်း၊ အခြားအကြောင်း တစ်ရပ်ရပ်ကြောင့် နိုင်ငံတော်တွင် ဖြစ်ပါက မှတ်ပုံတင်အရာရှိ သို့မဟုတ် ဦးစီးဌာန၏ အခွင့်ရ အရာရှိက လည်းကောင်း၊ ပြည်ပတွင် ဖြစ်ပါက နိုင်ငံတော် ၏ ကောင်စစ်ဝန် သို့မဟုတ် ဦးစီးဌာနက တာဝန်ပေးအပ်ခြင်း ခံရသူက လည်းကောင်း ထိုသို့ ရေယာဉ်မှူး ပြောင်းလဲကြောင်းနှင့် အသစ်ခန့်ထားသည့် ရေယာဉ်မှူး မည်သူ ဖြစ်ကြောင်း ထောက်ခံချက် သက်သေခံလက်မှတ် ထုတ်ပေးရမည်။

(ခ) ပုဒ်မခွဲ (က) အရ ထောက်ခံချက်တွင် ရေယာဉ်မှူး အသစ်အဖြစ် အမည်ပါရှိသူကသာလျှင် ထို မြန်မာ သင်္ဘောတွင် ရေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရှိစေရမည်။

အခန်း (၁၃)

အလံလွှင့်ထူခြင်း

၄၅။ မြန်မာသင်္ဘော အဖြစ် မှတ်ပုံတင်ထားသည့် သင်္ဘောသည် -

(က) နိုင်ငံတော် အလံကို လွှင့်ထူခွင့်ရှိပြီး အောက်ဖော်ပြပါ နေရာနှင့် အချိန်အခါ တို့တွင် လွှင့်ထူထားရမည် -

(၁) မြန်မာ့ဆိပ်ကမ်း တစ်ခုခုတွင် ဆိုက်ကပ်ထားစဉ် နေထွက်မှ နေဝင်သည့် အချိန် အတွင်း၊

(၂) မြန်မာ စစ်သင်္ဘော သို့မဟုတ် ပြည်ပနိုင်ငံ တစ်ခုခု၏ စစ်သင်္ဘောနှင့် ဖြတ်သန်း သွားစဉ်၊

(၃) မြန်မာ့ဆိပ်ကမ်း သို့မဟုတ် ပြည်ပဆိပ်ကမ်းသို့ ဝင်လာစဉ် သို့မဟုတ် ထိုဆိပ်ကမ်းမှ ထွက်ခွာစဉ်၊

(၄) မြန်မာ့စစ်သင်္ဘော သို့မဟုတ် မြန်မာအစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုခု၏ သင်္ဘော က အချက်ပေး ညွှန်ကြားလာသည့် အခါ။

(ခ) အရောင်အဆင်းမရှိသော သို့မဟုတ် စုတ်ပြဲနေသော နိုင်ငံတော်အလံကို လွှင့်ထူခြင်း မပြုရ။

(ဂ) ပြည်ပနိုင်ငံ တစ်ခုခု၏ အလံကို မှတ်ပုံတင်အမှတ်အသား အလံအဖြစ် လွှင့်ထူခြင်း မပြုရ။

၄၆။ မြန်မာသင်္ဘော အဖြစ် မှတ်ပုံတင်ထားသော စင်းလုံးငှားရမ်းသည့် သင်္ဘောသည် နိုင်ငံတော် အလံကို ပုဒ်မ ၄၅ ပါ ပြဋ္ဌာန်းချက်နှင့် အညီ လွှင့်ထူရမည်။

၄၇။ ပြည်ပနိုင်ငံ တစ်ခုခု၌ မှတ်ပုံတင်ထားသော နိုင်ငံခြားသင်္ဘောသည် မြန်မာ့ရေပြင်နှင့် မြန်မာ့ ဆိပ်ကမ်း တစ်ခုခုတို့တွင် -

(က) မြန်မာသင်္ဘော အဖြစ် မှတ်ပုံတင်သော စင်းလုံးငှားရမ်းသည့် သင်္ဘောမှတစ်ပါး -

(၁) မှတ်ပုံတင်ထားသော နိုင်ငံ ၏ အလံကိုသာ လွှင့်ထူထားရမည်။

(၂) နိုင်ငံတော်၏ ရေပြင်နှင့် ဆိပ်ကမ်း တစ်ခုခုသို့ ဝင်ရောက်ဆိုက်ကပ်စဉ် နိုင်ငံတော် ကို ဂုဏ်ပြုသည့် အနေဖြင့် နိုင်ငံတော်အလံကို လွှင့်ထူနိုင်သည်။

(၃) နိုင်ငံတော် အလံကို မှတ်ပုံတင်အမှတ်အသား အလံအဖြစ် လွှင့်ထူခြင်း မပြုရ။

(ခ) အရောင်အဆင်း မရှိသော သို့မဟုတ် စုတ်ပြဲနေသော အလံကို လွှင့်ထူခြင်း မပြုရ။

၄၈။ ဤဥပဒေအရ မှတ်ပုံတင်ရန် ကင်းလွတ်ခွင့် ပြုထားသော မြန်မာသင်္ဘောများက မြန်မာ့ရေပြင်တွင် နိုင်ငံတော် အလံကို လွှင့်ထူခွင့် ရှိသည်။

အခန်း (၁၄)

မှတ်ပုံတင်သည့်သင်္ဘောနှင့် စပ်လျဉ်း၍ အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ

၄၉။ ဤဥပဒေ၏ ပုဒ်မ ၁၀၊ ပုဒ်မ ၁၁၊ နှင့် ပုဒ်မ ၁၂ တို့အရ မြန်မာသင်္ဘော အဖြစ် မှတ်ပုံတင်သော မည်သည့် သင်္ဘောမဆို အောက်ပါ အခွင့်အရေးနှင့် သက်သာခွင့်များ ရရှိစေရမည် -

(က) မှတ်ပုံတင်ထားသည့် မြန်မာသင်္ဘောကို ပိုင်ဆိုင်သူ သို့မဟုတ် အစုရှယ်ယာ ပိုင်ဆိုင်သူ နိုင်ငံခြားသားသည် မှတ်ပုံတင် သက်တမ်းကာလအတွင်း နိုင်ငံတော်တွင် သတ်မှတ်ချက် များနှင့်အညီ နေထိုင်ခွင့်၊

(ခ) မှတ်ပုံတင်ထားသည့် သင်္ဘောလွှဲပြောင်း ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ သင်္ဘော လုပ်ငန်းနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြား ကုမ္ပဏီက နိုင်ငံခြား သုံးငွေကို သတ်မှတ်ချက် များနှင့်အညီ နိုင်ငံခြားသို့ ပြန်လည်လွှဲပြောင်းခွင့်။

၅၀။ မြန်မာသင်္ဘောအဖြစ် မှတ်ပုံတင်ထားသော သင်္ဘောနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနသည် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါကိစ္စ တစ်ရပ် ရပ်အတွက် အခွန်များကို သတ်မှတ်ထားသော သင်္ဘောတစ်စီး သို့မဟုတ် တစ်စီးထက်ပိုသော သင်္ဘော များ၏ လုံးပေါင်းတန်ချိန် အပေါ်မူတည်၍ ရာခိုင်နှုန်းပြည့် ကင်းလွတ်ခွင့် သို့မဟုတ်   သတ်မှတ်ထား သော ရာခိုင်နှုန်းဖြင့်  လျော့ပေါ့သက်သာခွင့် ပြုနိုင်သည် -

(က) မှတ်ပုံတင်ရန် ပြည်တွင်းသို့ တင်သွင်းလာသည့် သင်္ဘောတွင် တပ်ဆင်သည့် ပစ္စည်းကိရိယာ များ အတွက် ထိုက်သင့်သော အကောက်ခွန်၊

(ခ) သင်္ဘောလုပ်ငန်းနှင့် စပ်လျဉ်းသည့် ဝင်ငွေခွန်၊ အကောက်ခွန်နှင့် ဆိပ်ကမ်းခွန်၊

(ဂ) သင်္ဘောကို ဖြစ်စေ၊ သင်္ဘောပိုင်ဆိုင်မှု အစုရှယ်ယာကို ဖြစ်စေ လွှဲပြောင်း ရောင်းချခြင်း၊ အစုရှယ်ယာ ခွဲဝေခြင်း၊ အကျိုးအမြတ် ခွဲဝေခြင်း၊ အလုပ်အပ်နှံခြင်း စာချုပ် သို့မဟုတ် ပေါင်နှံခြင်း သို့မဟုတ် ခံဝန်ချုပ်ချုပ်ဆိုသည့် စာချုပ်တွင် ထမ်းဆောင်ရမည့် တံဆိပ် ခေါင်းခွန်၊

(ဃ) ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြား အခွန်အခ။

၅၁။ ဝန်ကြီးဌာနသည် ဤဥပဒေပါ ပုဒ်မ ၁၀၊ ပုဒ်မ ၁၁ နှင့် ပုဒ်မ ၁၂ တို့အရ မှတ်ပုံတင်ထားပြီး မှတ်ပုံတင် သက်တမ်း ၁၅ နှစ် နှင့်အထက် ရှိသော သင်္ဘောများနှင့် စပ်လျဉ်း၍ ပြစ်မှုကျူးလွန် ဖောက်ဖျက်ခြင်း၊ တားမြစ်ချက်ကို ဖောက်ဖျက်ခြင်း သို့မဟုတ် လိုက်နာရမည့် တာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်း ကြောင့် မှတ်ပုံတင်လက်မှတ်ကို ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ခံခဲ့ရခြင်း မရှိလျှင် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် ပုဒ်မ ၅၀ ၌ ပါရှိသော အခွန်များကို ရာခိုင်နှုန်းပြည့် ကင်းလွတ်ခွင့် ပြုနိုင်သည်။ 

အခန်း (၁၅)

အယူခံခြင်း

၅၂။ ဤဥပဒေအရ မှတ်ပုံတင်ရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ ဦးစီးဌာန သို့မဟုတ် မှတ်ပုံတင် အရာရှိက ခွင့်မပြုဘဲ ငြင်းပယ်ခြင်းပြုသည့် အမိန့်နှင့် ဆုံးဖြတ်ချက် တစ်ခုခုကို သော်လည်းကောင်း၊ ထုတ်ပေးထားသော ယာယီ မှတ်ပုံတင်လက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်းနှင့် ပယ်ဖျက်ခြင်းပြုသည့် အမိန့်နှင့် ဆုံးဖြတ်ချက် တစ်ခုခုကို သော် လည်းကောင်း၊ ဤဥပဒေအရ တာဝန်ပေးထားသည့် အရာရှိ တစ်ဦးဦးက သင်္ဘောအား ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် နိုင်ငံတော်၏ ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းပြုသည့် အမိန့်နှင့် ဆုံးဖြတ်ချက် တစ်ခုခုကို သော်လည်းကောင်း ကျေနပ်မှု မရှိသူသည် ရက်ပေါင်း ၆ဝ အတွင်း ဝန်ကြီးဌာနသို့ အယူခံနိုင်သည်။

၅၃။ ဝန်ကြီးဌာနသည် ပုဒ်မ ၅၂ အရ အယူခံခြင်းအပေါ် စိစစ်ပြီး ဦးစီးဌာန သို့မဟုတ် မှတ်ပုံတင် အရာရှိကဖြစ်စေ၊  ဤဥပဒေအရ တာဝန်ပေးထားသည့် အရာရှိ တစ်ဦးဦးကဖြစ်စေ ချမှတ်သည့် အမိန့် နှင့် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အခြား အမိန့်နှင့် ဆုံးဖြတ်ချက် တစ်ရပ်ရပ် ချမှတ်ခြင်း ပြုနိုင်သည်။ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။

အခန်း (၁၆)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၅၄။ (က) မည်သည့် ပြည်တွင်း ရေကြောင်းသွား သင်္ဘောပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးမဆို အောက်ဖော်ပြပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူသည် အနည်းဆုံး ကျပ် သုံးသိန်းမှ အများဆုံး ကျပ် ငါးသိန်းထိ ငွေဒဏ်ဖြစ်စေ၊ အနည်းဆုံး သုံးလမှ အများဆုံး တစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည်   -

(၁) ဤဥပဒေအရ မှတ်ပုံတင်ရန် တာဝန်ရှိသည့် ပြည်တွင်းရေကြောင်းသွား သင်္ဘောကို မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊

(၂) ဤဥပဒေအရ မှတ်ပုံတင်ထားသည့် ပြည်တွင်း ရေကြောင်းသွား သင်္ဘောအဖြစ် မမှန်မကန် လိမ်လည် ပြုလုပ်ထားသော မှတ်ပုံတင် လက်မှတ်ကို အသုံးပြုခြင်း၊ တရားဝင် ထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်အား ခွင့်ပြုချက် မရှိဘဲ ပြင်ဆင်အသုံးပြုခြင်း သို့မဟုတ် လိမ်လည် အတုပြုလုပ်ခြင်း။

(ခ) မည်သည့် မြန်မာ့ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးမဆို အောက်ဖော်ပြပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူသည် အနည်းဆုံး ကျပ် ငါးသိန်းမှ အများဆုံး ကျပ် တစ်ဆယ် သိန်းထိ ငွေဒဏ်ဖြစ်စေ၊ အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည်   -

(၁) ဤဥပဒေအရ မှတ်ပုံတင်ရန် တာဝန်ရှိသည့် မြန်မာ့ ကမ်းရိုးတန်းသွား သင်္ဘောကို မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊

(၂) ဤဥပဒေအရ မှတ်ပုံတင်ထားသည့် မြန်မာ့ ကမ်းရိုးတန်းသွား သင်္ဘောအဖြစ် မမှန်မကန် လိမ်လည် ပြုလုပ်ထားသော မှတ်ပုံတင် လက်မှတ်ကို အသုံးပြုခြင်း၊ တရားဝင် ထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်အား ခွင့်ပြုချက် မရှိဘဲ ပြင်ဆင် အသုံးပြုခြင်း သို့မဟုတ် လိမ်လည် အတုပြုလုပ်ခြင်း။

၅၅။ မည်သည့် နိုင်ငံခြား ပင်လယ်ရေကြောင်းသွား သင်္ဘောပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူး မဆို အောက်ဖော်ပြပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား အနည်းဆုံး တစ်နှစ်မှအများဆုံး ငါးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်-

(က) ဤဥပဒေအရ မှတ်ပုံတင်ရန် တာဝန်ရှိသည့် နိုင်ငံခြား ပင်လယ်ရေကြောင်းသွား သင်္ဘော ကို မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊

(ခ) မြန်မာသင်္ဘော အဖြစ် ဖြစ်စေ၊ နိုင်ငံခြားသင်္ဘော အဖြစ် ဖြစ်စေ မှတ်ပုံတင်ထားခြင်း မရှိဘဲ မြန်မာ့ရေပြင်တွင် သွားလာခြင်း သို့မဟုတ် အသုံးပြုခြင်း၊

(ဂ) ဤဥပဒေအရ မှတ်ပုံတင်ထားသည့် နိုင်ငံခြား ပင်လယ်ရေကြောင်းသွား သင်္ဘောအဖြစ် မမှန်မကန် လိမ်လည် ပြုလုပ်ထားသော မှတ်ပုံတင် လက်မှတ်ကို အသုံးပြုခြင်း၊ တရားဝင် ထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်အား ခွင့်ပြုချက် မရှိဘဲ ပြင်ဆင်အသုံးပြုခြင်း သို့မဟုတ် လိမ်လည် အတုပြုလုပ်ခြင်း။

၅၆။ သင်္ဘော သို့မဟုတ် သင်္ဘောပိုင်ဆိုင်မှု အစုရှယ်ယာနှင့် စပ်လျဉ်း၍ အောက်ပါ ဖောက်ဖျက်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူသည် ကျပ် ငါးသိန်း ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည် -

(က) မည်သည့် လွှဲပြောင်းပေးသူ နှင့် လွှဲပြောင်းခြင်းကို လက်ခံသူတို့က မဆို ပုဒ်မ ၄၀ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်မှု၊

(ခ) မည်သည့် ပေါင်နှံသူနှင့် အပေါင်ခံသူတို့က မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဃ) သို့မဟုတ် ပုဒ်မ ၄၂ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်မှု။

၅၇။ စစ်မက်ဖြစ်ပွားနေသောကာလအတွင်း ရန်သူ၏စစ်သင်္ဘော သို့မဟုတ် ရန်သူ၏ ဖမ်းဆီးခံရခြင်း မှ လွတ်မြောက်ရန်အလို့ငှာ ပြုမူသည်မှအပ မည်သည့် ရေယာဉ်မှူးမဆို အောက်ဖော်ပြပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူသည် ကျပ် ငါးသိန်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည် - 

(က) မြန်မာသင်္ဘော အဖြစ် မှတ်ပုံတင်ထားသော သင်္ဘောက ပုဒ်မ ၄၅ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်၍ နိုင်ငံတော် အလံကို လွှင့်ထူမှု မပြုခြင်း၊ ထိုအလံကို ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ပြည်ပနိုင်ငံ တစ်ခုခု၏ အလံကို လွှင့်ထူခြင်း၊

(ခ) မှတ်ပုံတင်ထားသော စင်းလုံးငှားရမ်းသည့် သင်္ဘောက ပုဒ်မ ၄၆ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်၍ နိုင်ငံတော်အလံကို လွှင့်ထူမှု မပြုခြင်း၊ ထိုအလံကို ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ပြည်ပနိုင်ငံ တစ်ခုခု၏ အလံကို လွှင့်ထူခြင်း၊

(ဂ) မြန်မာသင်္ဘော အဖြစ် ဤဥပဒေနှင့် အညီ မှတ်ပုံတင်ခြင်း မပြုဘဲ နိုင်ငံတော် အလံကို သင်္ဘောတွင် လွှင့်ထူထားခြင်း။

၅၈။ မည်သည့် သင်္ဘောပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူး မဆို အောက်ဖော်ပြပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူသည် ကျပ် ငါးသိန်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည် -

(က) မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်များအား ခွင့်ပြုချက် မရှိဘဲ ပြောင်းလဲပြင်ဆင်ခြင်း၊ ဖုံးကွယ်ခြင်း၊ ဖယ်ရှားခြင်း၊ ဖျက်ခြင်း သို့မဟုတ် ဖျောက်ဖျက်ခြင်း၊

(ခ) မြန်မာ သင်္ဘောအဖြစ် မှတ်ပုံတင်ပြီးနောက် ပယ်ဖျက်ခြင်း မပြုရသေးမီ နိုင်ငံခြား တိုင်းပြည် တစ်ခုခု၏ ဥပဒေအရ ထပ်မံ၍ မှတ်ပုံတင်ခြင်း၊

(ဂ) သင်္ဘော၏ မူလတည်ဆောက်ထားသည့် ဒီဇိုင်း၊ ပုံစံနှင့် အတိုင်းအတာ တို့ကို ပြောင်းလဲ သည့် အခါ ပုဒ်မ ၃၇၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်နှင့် မညီဘဲ ပြောင်းလဲပြင်ဆင်ခြင်း သို့မဟုတ် ထိုအမှတ်အသားများ မပါရှိဘဲ သင်္ဘောကို အသုံးပြုခြင်း။

၅၉။ မှတ်ပုံတင်လက်မှတ်ကို လက်ဝယ်ထားသည့် မည်သည့် ရေယာဉ်မှူး သို့မဟုတ် အခြား ပုဂ္ဂိုလ် မည်သူမဆို အောက်ဖော်ပြပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူသည် ကျပ် ငါးသိန်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည် -

(က) ဦးစီးဌာနက ဖြစ်စေ၊ မှတ်ပုံတင်အရာရှိက ဖြစ်စေ၊ တိုင်းတာစစ်ဆေးရေးမှူးက ဖြစ်စေ၊ စစ်ဆေးရေးအရာရှိကဖြစ်စေ၊ ဦးစီးဌာန၏ အခွင့်ရအရာရှိတစ်ဦးဦးကဖြစ်စေ လိုအပ်ချက် အရ မှတ်ပုံတင်လက်မှတ်ကို တင်ပြရန် တောင်းခံသည့်အခါ ပုဒ်မ ၃၃ ပါ တာဝန်ကို ဖောက်ဖျက်ပြီး တမင်တင်ပြခြင်း မပြုဘဲ ငြင်းဆန်ခြင်း သို့မဟုတ် တိမ်းရှောင်နေခြင်း၊

(ခ) ဦးစီးဌာနက ဖြစ်စေ၊ မှတ်ပုံတင်အရာရှိက ဖြစ်စေ၊ တိုင်းတာစစ်ဆေးရေးမှူးက ဖြစ်စေ၊ စစ်ဆေးရေးအရာရှိကဖြစ်စေ၊ ဦးစီးဌာန၏ အခွင့်ရအရာရှိတစ်ဦးဦးကဖြစ်စေ ဆင့်ဆိုသည့် အတိုင်း သွားရောက်ရန် တမင်ပျက်ကွက် ခြင်း။

၆၀။ မည်သူမဆို မှတ်ပုံတင်ရန် လျှောက်ထားရာတွင် တင်ပြသည့် သက်သေခံ အထောက်အထား စာတမ်း အမှတ်အသားများကို သော်လည်းကောင်း၊ ဦးစီးဌာနက ဖြစ်စေ၊ မှတ်ပုံတင် အရာရှိက ဖြစ်စေ၊ တိုင်းတာစစ်ဆေးရေးမှူးက ဖြစ်စေ၊ စစ်ဆေးရေးအရာရှိကဖြစ်စေ၊ ဦးစီးဌာန၏ အခွင့်ရ အရာရှိ တစ်ဦးဦးကဖြစ်စေ တောင်းခံ၍ တင်ပြသည့် မှတ်ပုံတင်လက်မှတ် သို့မဟုတ် အခြား စာတမ်း အမှတ် အသားများကို သော်လည်းကောင်း မမှန်မကန် လိမ်လည် တင်ပြကြောင်း သို့မဟုတ် အသုံးပြုကြောင်း ပြစ်မှုထင်ရှား တွေ့ရှိလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၁။ မည်သူမဆို ဦးစီးဌာနမှ ထုတ်ပေးသော တည်ဆောက်ခွင့်ပြုချက်မရှိဘဲ သင်္ဘောတည်ဆောက် လျှင် ထိုသူသည် ကျပ် ငါးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည်။

၆၂။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေနှင့် အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း သို့မဟုတ် လိုက်နာရမည့် တာဝန်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူသည် ကျပ် သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည်။

အခန်း (၁၇)

သင်္ဘောအား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပြန်လွှတ်ပေးခြင်း

၆၃။ ဦးစီးဌာနသည် အောက်ပါ မြန်မာသင်္ဘော တစ်စီးစီးအား ဖမ်းဆီးခြင်း သို့မဟုတ် အာဏာပိုင် အဖွဲ့အစည်း တစ်ခုခု၏ အကူအညီဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ပြုနိုင်သည် -

(က) ပုဒ်မ ၃၃ ပါ တာဝန်ကို ဖောက်ဖျက်ပြီး မှတ်ပုံတင်လက်မှတ်ကို ပြသရန် တမင်ငြင်းဆိုသည့် သို့မဟုတ် ပြသခြင်း မပြုနိုင်ရန် တိမ်းရှောင်နေသည့် သင်္ဘော၊

(ခ) ပုဒ်မ ၅၆ သို့မဟုတ် ပုဒ်မ ၅၈ ပါ ပြစ်မှုကို ကျူးလွန်ပြီး မှတ်ပုံတင်လက်မှတ် မတင်ပြသည့် သင်္ဘော သို့မဟုတ် မမှန်မကန် လိမ်လည်ပြုလုပ်ထားသော မှတ်ပုံတင် လက်မှတ်ကို အသုံးပြုသည့် သို့မဟုတ် မှတ်ပုံတင် အမှတ်အသားကို အသုံးပြုသည့် သင်္ဘော သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို လိမ်လည် အတုပြုလုပ်ထားသည့် သင်္ဘော၊ သို့မဟုတ် ပုဒ်မ ၅၉ သို့မဟုတ် ပုဒ်မ ၁၅ (ဂ) ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ဖောက်ဖျက်သော သင်္ဘော၊

(ဂ) ဤဥပဒေပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်ဖောက်ဖျက်ပြီး ထွက်ပြေး တိမ်းရှောင်သော သို့မဟုတ် ထွက်ပြေးတိမ်းရှောင်ရန် အားထုတ်သော သင်္ဘော၊

၆၄။ ပုဒ်မ ၆၃ အရ ဖမ်းဆီးထားသော သင်္ဘောနှင့် စပ်လျဉ်း၍ -

(က) မည်သည့်အတွက် ထိန်းသိမ်းခြင်း မပြုသင့်ကြောင်း သင်္ဘောပိုင်ရှင်အား ထုချေခွင့်ပေးပြီး ခိုင်လုံသော အကြောင်း မပြနိုင်ပါက ထိန်းသိမ်းထားနိုင်သည်။

(ခ) ခိုင်လုံသော အကြောင်း ပြနိုင်ပါက ဖမ်းဆီးထားသော သင်္ဘောကို ပြန်လွှတ်ပေးနိုင်သည်။

(ဂ) ထိန်းသိမ်းထားသည့် သင်္ဘောကို ဤဥပဒေအရ မှတ်ပုံတင်ရန် လိုအပ်ချက်များ ပြုလုပ်ပြီး မှတ်ပုံတင်ပြီးသည့် အခါ ပြန်လွှတ်ပေးခြင်းကို သော်လည်းကောင်း၊ ဝန်ကြီးဌာန၏ အတည် ပြုချက်ဖြင့် သတ်မှတ်သော ဒဏ်ကြေးကို ပေးစေပြီး ပြန်လွှတ်ပေးခြင်းကို သော်လည်း ကောင်း ပြုလုပ်နိုင်သည်။

(ဃ) ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ သင်္ဘောအား ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်း ဖြစ်ပါက သင်္ဘောပိုင်ရှင်အား နစ်နာဆုံးရှုံးမှု အတွက် လျော်ကြေးပေးရန် တာဝန် ရှိစေရမည်။ 

အခန်း (၁၈)

အထွေထွေ

၆၅။ ဝန်ကြီးဌာနသည် နိုင်ငံတော်နှင့် အများပြည်သူ အကျိုးငှာ အစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုခုကို ဖြစ်စေ၊ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုကို ဖြစ်စေ၊ သင်္ဘောအမျိုးအစား တစ်ခုခုကို ဖြစ်စေ၊ သင်္ဘောတစ်စီးစီးကို ဖြစ်စေ ဤဥပဒေပါ ပြဋ္ဌာန်းချက် အားလုံးကို သော်လည်းကောင်း၊ တစ်စိတ် တစ်ဒေသကို သော်လည်းကောင်း လိုက်နာဆောင်ရွက်ခြင်း သို့မဟုတ် အကျိုးသက်ရောက် စေခြင်းမှ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကင်းလွတ်ခွင့် ပေးနိုင်သည်။

၆၆။ မှတ်ပုံတင် အရာရှိသည် မြန်မာသင်္ဘောအား စစ်ဆေးရန် လိုအပ်ပါက မြန်မာ့ဆိပ်ကမ်း သို့မဟုတ် စစ်ဆေးရန် သင့်လျော်သည့် ဆိပ်ကမ်းတစ်ခုခုသို့ သတ်မှတ်ပေးသော ရက်အတွင်း ဆိုက်ရောက် စေရန် ဆင့်ဆိုနိုင်သည်။

၆၇။ ဤဥပဒေအရ ပြစ်မှုကျူးလွန်၍ တရားရုံးက ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော နိုင်ငံခြားသားက ပေးဆောင်ရမည့် ဒဏ်ငွေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထားသော ပြည်တွင်းသုံးငွေနှင့် နိုင်ငံခြားသုံးငွေလဲလှယ်နှုန်းအတိုင်း ပေးဆောင်ရမည်။ 

၆၈။ ဤဥပဒေအရ သင်္ဘောကို မှတ်ပုံတင်ခြင်း သို့မဟုတ် ယာယီမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားသားက ဖြစ်စေ၊ နိုင်ငံခြား ကုမ္ပဏီက ဖြစ်စေ အကျိုးတူ ဖက်စပ်လုပ်ကိုင်သော မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားတို့က ပေးဆောင်ရန် ရှိသော မှတ်ပုံတင်ခနှင့် အခြား အခကြေးငွေများကို ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသော ပြည်တွင်း သုံးငွေနှင့် နိုင်ငံခြားသုံးငွေတို့ ၏ လဲလှယ်နှုန်း အတိုင်း ပေးဆောင်ရမည်။

၆၉။ မြန်မာသင်္ဘော အဖြစ် မှတ်ပုံတင်ထားသော သင်္ဘော၏ ပိုင်ရှင် သို့မဟုတ် ထိုသင်္ဘောကို အပေါင်ခံသူသည် လူမွဲစာခံခြင်း ဥပဒေအရ လူမွဲစာရင်းဝင် ဖြစ်သွားပြီး ပစ္စည်းထိန်း အရာရှိသို့ ထိုသူ ပိုင်ဆိုင်သည့် ပစ္စည်းများကို လွှဲအပ်ပေးရသည့် အခါ ထိုပစ္စည်းထိန်း အရာရှိသည် သင်္ဘော၏ပိုင်ရှင် သို့မဟုတ် အပေါင်ခံသူအဖြစ် သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ပြီး ဆောင်ရွက်ရမည်။

၇၀။ ဤဥပဒေအရမှတ်ပုံတင်သည့် ပင်လယ်ရေကြောင်းသွား မြန်မာ သင်္ဘောတွင် မြန်မာနိုင်ငံသား သင်္ဘောသားများကိုသာ ခန့်ထားရမည် ဖြစ်ပြီး ကျွမ်းကျင်မှု လက်မှတ် ကိုင်ဆောင်သည့် မြန်မာ သင်္ဘော သား မရရှိနိုင်မှသာ နိုင်ငံခြားသား သင်္ဘောသားကို ဦးစီးဌာန၏ ကြိုတင် ခွင့်ပြုချက်ဖြင့် ခန့်ထားရမည်။

၇၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် -

(က) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ ကို ထုတ်ပြန်နိုင်သည်။ 

(ခ) ဝန်ကြီးဌာနသည် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်းကောင်း၊ ဦးစီးဌာနသည် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက် များကို လည်းကောင်း ထုတ်ပြန်နိုင်သည်။

၇၂။ The Myanmar Registration of Ships Act, 1841 ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျွနု်ပ် လက်မှတ် ရေးထိုးသည်။

 

(ပုံ)

ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်