Share this

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်(၁၅.၇.၂၀၁၉)

Monday, July 15, 2019 - 12:27
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်)

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း

၂။ ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း(၁)ဦး က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။ 

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ မကျီးသုံးပင် - မလဲသာ - မင်းကျေးရွာလမ်းသည် လမ်းအရှည် ၁၆ မိုင်နှင့် အကျယ် ၆၀ ပေရှိ မြေသားလမ်းဖြစ်ပြီး ကတ္တရာလမ်း အဖြစ် မည်သည့်ဘတ်ဂျက်နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က Class(A) ဦးစားပေး(၁)တွင် ပါဝင်သဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ဘဏ္ဍာရေးနှစ်အလိုက် အပိုင်းလိုက် တင်ပြတောင်းခံပြီး ခွဲဝေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးခွန်သိန်းဖေ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ဘုရင်ကျေးရွာမှ နန့်ပိုလိမ်ကျေးရွာအထိ ဆက်သွယ် သည့် (၁၆/၀)မိုင်နှင့် ၎င်းလမ်းပေါ်တွင် ဆောက်လုပ်ရန် လိုအပ်သည့် တံတား(၆)စင်းနှင့် (၅)ပေ Box Culvert (၃၃)စင်းကို တစ်ပါတည်း ဆောက်လုပ်ပေးရန်နှင့် ကုန်းဆွတ်ကျေးရွာ အုပ်စု၊ မတ်ကောက်(နောက်)မှ နောင်လိပ် - ကွန်မွန်း - ဖာလိုင် - ပန်းကန် - နန့်ပိုလိမ်ထိ လမ်းပိုင်း(၆/၀)မိုင်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က နောင်ဘုရင်ကျေးရွာမှ နန့်ပိုလိမ်ကျေးရွာ အထိ ဆက်သွယ်သည့် (၁၆)မိုင်နှင့် ၎င်းလမ်းပေါ်တွင် ဆောက်လုပ်ရန်လိုအပ် သည့် တံတား(၆)စင်းနှင့် (၅)ပေ Box Culvert (၃၃)စင်းတို့သည် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ စီမံခန့်ခွဲသော လမ်းဧရိယာတွင်ပါဝင်ကြောင်း၊  မကောက်(န)မှ ကုန်းဆွတ်ကြိုးတံတားအထိ လမ်းအရှည် (၁)မိုင် (၆)ဖာလုံမှာ ကျေးလက်လမ်း အဖြစ် ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  လားဇရူးလမ်းခွဲမှ နောင်လိပ် - ကွန်မွန်း - ဖာလိုင် - ပန်းကန် - နန့်ပိုလိမ်(Kfw)လမ်းအထိ အရှည် (၄)မိုင် (၂)ဖာလုံသည် Class (B) ဦးစားပေးအဆင့်(၁)တွင် ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့ ဆက်သွယ်ထားသည့် ဘွိုင်နုမြစ်ကူး တံတားအား အိန္ဒိယအစိုးရမှ တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် မရှိပါက မြန်မာနိုင်ငံ ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်ပေါ်ရှိ ချောင်းပေါ်တွင် တည်ဆောက်ရမည့် တံတားဖြစ်သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ) ဦးဘော်ရယ်စိုးဝေ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကယားပြည်နယ်၏ ပြည်ထောင်စုလမ်းမကြီးဖြစ်သော လွိုင်ကော် - မယ်စဲ ကားလမ်းမကြီးမှ လွိုင်ကော် - ဒီးမော့ဆို - ဖရူဆိုမြို့အထိ မိုင်(၂၀)လမ်းပိုင်းအား (၄)လမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ယာဉ်သွားလမ်း အကျယ် သတ်မှတ်ချက်အရ (၄)လမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင်ပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်ဝိုင်မြို့၊ ယောင်ခိုက်ရွာမကျေးရွာနှင့် ဂုန်းပလုပ်ကျေးရွာကြားရှိ နမ့်မားချောင်းပေါ်တွင် ကုန်ထုတ်တံတား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ကျေးလက်လမ်းအဖြစ် သိမ်းသွင်းဆောင်ရွက်နိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရ အဖွဲ့သို့တင်ပြပြီး ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည် ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၄။ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၀:၄၇ နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်းအဝေးကို ၁၈-၇-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်