Share this

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၉.၇.၂၀၁၉)

Monday, July 29, 2019 - 13:09
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

[တနင်္လာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ပင်စင်ကိစ္စနှင့် ပတ်သက်၍ ဝန်ထမ်းတစ်ဦး ကွယ်လွန်ခဲ့ပါက ၎င်း၏ ကျန်ရစ်သူဇနီး သို့မဟုတ် ခင်ပွန်းအား ခွင့်ပြုရာ၌ ညီမျှမှု မရှိသည့်အတွက် ပြင်ဆင်ပေးရန် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က မိသားစုပင်စင် ခံစားခွင့်ရရှိသူ ခင်ပွန်းသည် ၂၆-၃-၂၀၁၄ ရက်နေ့မတိုင်မီ နောက်အိမ်ထောင် ပြုခဲ့သူ ဖြစ်ပါက မိသားစုပင်စင် ဆက်လက်ခံစားခွင့်ရရှိနိုင်ပြီး ၂၆-၃-၂၀၁၄ ရက်နေ့နှင့် နောက်ပိုင်း နောက်အိမ်ထောင်ပြုသူ ဖြစ်ပါက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ-၂၄၉၊ နည်းဥပဒေခွဲ(က)အရ မိသားစုပင်စင် ဆက်လက်ခံစားခွင့် မရှိတော့ကြောင်း၊ ၂၆-၃-၂၀၁၄ ရက်နေ့နှင့် နောက်ပိုင်း ကျန်ရစ်သူတရားဝင် ဇနီး/ခင်ပွန်းများ၏ မိသားစုပင်စင်အကျိုးခံစားခွင့်များကို နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

(ခ)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ကျယ်ဝန်းသည့် နေရာသို့ဖြစ်စေ၊ ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ခြင်းဖြင့်ဖြစ်စေ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အသုံးပြုခြင်းမရှိသောမြေကွက်လပ်ကို လွှဲပြောင်းပေးနိုင် ခြင်းရှိ/မရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရရှိပါက ဘဏ်နှင့်ဆက်သွယ်သူပြည်သူများ အား ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ဘဏ်အဆောက်အဉီအား တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရခိုင်ပြည်နယ်၌ နွေရာသီ သောက်သုံးရေရှားပါးမှုအတွက် မည်သို့ဆောင်ရွက်ထားသည်နှင့် ရေရှားပါးသော မြို့နယ်များအတွက် ရေဘောက်ဆာကား တစ်စီးစီ ချထားပေးရန် အစီအစဉ်    ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က စစ်တွေမြို့နှင့် မင်းပြားမြို့တို့တွင် ရေဘောက်ဆာများရှိသော်လည်း ကျန်မြို့များတွင် ရေဘောက်ဆာများဝယ်ယူရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးပူဂင်ကမ်းလျန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံး ဖွင့်လှစ်ပေးရန်နှင့် ရုံးအဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က တီးတိန်မြို့နယ်ရုံး၏ ဝန်ထမ်း အင်အားဖြင့် ကွင်းလုပ်ငန်းများကို နိုင်နင်းစွာဆောင်ရွက်နိုင်ပါသောကြောင့် ခိုင်ကမ်းမြို့တွင် ရုံးဖွင့်လှစ်ရန်နှင့် ရုံးအဆောက်အဉီ ဆောက်လုပ်ပေးရန် လောလောဆယ်တွင် အစီအဉ်မရှိသေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားသည်။

(င)ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်တွင် ကျူးကျော်နေသူများအား အောင်ချမ်းသာ အိမ်ရာနေရာနှင့် ဆက်စပ်နေရာများတွင်သာထားရှိရန်နှင့် အခြားလယ်ယာမြေ နေရာများတွင် အကွက်ရိုက်ရောင်းချနေသည့် တာဝန်ရှိသူများအား မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က လယ်မြေမျိုးဖြစ်သော်လည်း အခြားနည်းအသုံးပြုခွင့်ကို လျှောက်ထားခဲ့ခြင်းမရှိ သည့်အတွက် လယ်ယာမြေဥပဒေနှင့်အညီသာ ဆောင်ရွက်သင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ အခြေခံ ပညာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးပြီး မြို့ပြနှင့်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးသည်။

အဆို ဆွေးနွေးခြင်း

၄။ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း က ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှုဘဝမြှင့်တင်ရန်၊ စီးပွားရေးတွင် တစ်နိုင်တစ်ပိုင်ပါဝင်ရန်၊ နေရပ်စွန့်ခွာ၍ ရေမြေခြား အလုပ်သွားလုပ်ခြင်းကို လျှော့ချနိုင်ရန်နှင့် အမျိုးသမီးများအတွက် ပတ်ဝန်းကျင် ကောင်းတစ်ခု ဖန်တီးပေးရန် အိမ်တွင်းစီးပွားရေးလုပ်ငန်းများဖော်ဆောင်ဖို့ အသိပေးခြင်း၊ နည်းပညာ ပေးခြင်း၊ ရင်းနှီးရန်ပုံငွေကြေး  ရှာဖွေပေးခြင်း၊ ကုန်ကြမ်းကို ဒေသထွက်အဖြစ် ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ဖော်ဆောင်ပေးခြင်း၊ ဈေးကွက်တည်တံ့အောင် ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာန များစုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၂:၂၂ နာရီ အချိန်တွင် ရပ်နားပြီး ဆဋ္ဌမနေ့ အစည်းအဝေးကို ၃၁-၇-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်